Latest News

Thursday, March 9, 2017

ကိုဆွေဝင်းကို ဖမ်းရင် ဘာဖြစ်မလဲ...

ကိုဆွေဝင်းကို ဖမ်းရင် ဘာဖြစ်မလဲ...



ကိုဆွေဝင်းကို ၆၆(ဃ)  ပုဒ်မနဲ့ ဖမ်းဆီး အကျဉ်းချရင် ဘာဖြစ်မလဲ...။

ဒီနိုင်ငံမှာ မဘသ ဆိုတဲ့  ဘာသာရေး အမည်ခံ၊ အမျိုးသားရေး အကြောင်းပြ တရားမ၀င် အဖွဲ့အစည်းဟာ ဘယ်လောက်အထိ ရမ်းကားခွင့် ရနေတယ် ဆိုတာ ပိုပေါ်လွင်တာပေါ့...။

ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ အမှိုက် ရဟန်းတု၊ ရဟန်းယောင် ရဟန်းယုတ်တွေနဲ့တကွ သူတို့ရဲ့ အပေါင်းအပါတွေဟာ  မြန်မာနိုင်ငံရဲ့ ဘာသာရေးကိုသာမက နိုင်ငံ့အရေးကိုပါ ပြောင်ပြောင်တင်းတင်း စွက်ဖက်ခွင့် ရနေတယ် ဆိုတာ ထင်ရှားတာပေါ့...။

***

"မြတ်စွာဘုရားရဲ့ သားတော် ရဟန်းသံဃာများဟာ ဒီလို အမှုမျိုး (လူသတ်မှု)မှာ မပါဝင်ဘူး ဆိုတာ ညီလေး ယုံထားလိုက်ပါ"

ပြည်ထဲရေး ၀န်ကြီး ပြောသွားတဲ့ စကား...။ ဟုတ်တာပေါ့။ ဘုရားသားတော် သံဃာတော် အရှင်သူမြတ်များဟာတော့ လူသတ်မှုမှာ ကျူးလွန်ဖို့ ဘယ်လိုလုပ်ပါဝင်ပါ့မလဲ။ ဒါပေမယ့် သံဃာအရေခြုံထားတဲ့ ရဟန်းတုတွေကတော့ မကျူးလွန်နိုင်ဘူးလို့ ဘယ်လို အာမခံချက်မျိုးနဲ့ ယုံထားရမှာလဲ။ အခုတောင် မအောင့်မအည်းနိုင် ၀မ်းသာပြနေတဲ့ အပြင် လူသတ်သမားတွေကိုတောင် ဘုရားလောင်းနဲ့ ခိုင်းနှိုင်းနေတဲ့ အထိ...။

ဒီတော့ ကိုဆွေဝင်းကို ဖမ်းရင် ဘာဖြစ်မလဲ...။

တရားမျှတခြင်းနဲ့ ဒီမိုကရေစီဟာ ရဟန်းတု တယောက်ရဲ့ လက်တွင်းကို သက်ဆင်းတာပဲလို့ မှတ်ယူရလိမ့်မယ်။

***

အဲဒီ ပုဂ္ဂိုလ်လား...။

ပါရာဇိက ကျတာ မကျတာ ခဏထား...၊ သေချာပေါက် သင့်နေတဲ့ သိက္ခာပုဒ်တွေကို နည်းနည်းပြောပြမယ်။

သူဟာ ဒုဠုလ္လ၀ါစာ ဆိုတဲ့ (အယုတ်တမာ ပြောဆိုမှု) သိက္ခာပုဒ် သင့်နေသူ ဖြစ်တယ်။ အဲဒီ သိက္ခာပုဒ်ဟာ သံဃာဒိသ်မှာ ပါဝင်ပြီး ပါရာဇိကပြီးရင် အကြီးဆုံး ပြစ်မှု ဖြစ်တယ်။
သူဟာ သံဃဘေဒက ဆိုတဲ့ (သံဃာသင်းခွဲမှု) သိက္ခာပုဒ်ကို သင့်နေသူ ဖြစ်တယ်။ (မဘသ ကိုယ်တော် မဟုတ်သူတွေကို ရှုံ့ချ စိန်ခေါ်ခဲ့သူ)

သူဟာ သြမသ ၀ါဒ ဆိုတဲ့ ( ဆဲရေးရှုတ်ချမှု) သိက္ခာပုဒ် သင့်နေသူ ဖြစ်တယ်။
သူဟာ အည၀ါဒက သိက္ခာပုဒ် (စကားလှီးလွဲမှု) သင့်သူ ဖြစ်တယ်။
သူဟာ ဥဇ္ဈာပနက သိက္ခာပုဒ် (ကဲ့ရဲ့ ရှူတ်ချမှု) သင့်သူ ဖြစ်တယ်။
သူဟာ  ပေသုည သိက္ခာပုဒ် (ချောပစ်ကုန်းတိုက်မှု) သင့်သူ ဖြစ်တယ်။
သူဟာ ရူပိယ သိက္ခာပုဒ် (ရွှေ ငွေ အလှူခံယူမှု) သင့်သူ ဖြစ်တယ်။

အဲဒါတွေက ရဟန်းစင်စစ် ဖြစ်ခဲ့သည့်တိုင်အောင် သင့်နေတဲ့ သိက္ခာပုဒ်တွေ...။ ရဟန်းတို့ရဲ့ ကျင့်ဝတ်၊ သီလ တခုတလေမှ မရှိဘဲ သင်္ကန်းကို ခြုံထားယုံ သက်သက်ဆိုရင်တော့ သာမန်ညောင်ည လူတယောက်လောက်တောင် တန်ဘိုးမရှိသူသာ ဖြစ်လိမ့်မယ်။

***

ဒါပေမယ့်...၊ ဒီလို ပုဂ္ဂိုလ် တယောက်ကို ဘယ်သူတွေက ဆည်းကပ်နေကြသလဲ၊ ဘယ်သူတွေက ကိုးကွယ်နေကြသလဲ။ ဘယ်သူတွေက မြှောက်ထိုးပင့်ကော် လုပ်နေကြသလဲ။ ထင်ရှားတဲ့ သတင်းဓာတ်ပုံတွေဟာ သက်သေ...။

အဲဒီလို လူစားတွေက မြှောက်ထိုးပင့်ကော် လုပ်ထားတဲ့ ရဟန်းတုဟာ ရေးချင်ရာရေး၊ ပြောချင်တာပြော ဘာတခုမှ သတိပေးဆုံးမ အရေးယူတာ မခံရဘဲ ကိုဆွေဝင်းလို အမှန်တရားအတွက် အဖိုးတန် သတင်းထောက် တယောက်သာ အဲဒီလို ပုဒ်မနဲ့ အဖမ်းခံရ၊ ထောင်သွင်း အကျဉ်းချခံရရင် ဘာဖြစ်မလဲ...။

***

မြန်မာနိုင်ငံရဲ့ အစိုးရနဲ့ ဒီမိုကရေစီ ဆိုတာကို တမတ်စေ့တွေနဲ့ သာသနာဖျက် အမျိုးယုတ်တွေက ဟားတိုက်နေတာကို ခံနေရတာနဲ့ အတူတူပဲ ဖြစ်နေလိမ့်မယ်။

***

ကလိုစေးထူး

မတ်လ ၇ ရက်၊ ၂၀၁၇ ခုနှစ်။
ဒေသ စံတော်ချိန် ည ၁၀ နာရီ ၃ မိနစ်။

No comments:

Post a Comment