Latest News

Tuesday, March 14, 2017

ကားဈေးကွက် စီအိုင်အက်ဖ်တန်ဖိုးမြင့်ကားတွေ ဝယ်လိုအားမြင့်တက်

ကားဈေးကွက် စီအိုင်အက်ဖ်တန်ဖိုးမြင့်ကားတွေ ဝယ်လိုအားမြင့်တက်

စလစ်ကပ်ကားတွေကို အသုံးပြုဖို့ ၀ယ်တဲ့သူတွေသာမက ပြန်ရောင်းဖို့ ၀ယ်တဲ့သူတွေပါ ရှိလာတယ်။
ရန်ကုန်၊ မတ် ၁၁ – လာမယ့်ဘဏ္ဍာနှစ်ကစပြီး စလစ်ကပ်ကားတွေ ကို ဝင်ငွေခွန်ကောက်ခံမှာဖြစ်သလို အထူးကုန်စည်ခွန် ပြောင်းလဲ ကောက်ခံမှာတွေ တရားဝင်ထွက်ရှိလာတဲ့အတွက် အင်ဂျင်ပါဝါမြင့်တဲ့ စီအိုင်အက်ဖ် တန်ဖိုးမြင့်ကားတွေဝယ်ယူတာ များလာပါတယ်။
‘လာမယ့် ဧပြီလ ၁ ရက်ကစပြီး စလစ်ကပ်ကားတွေကိုဝင်ငွေခွန် ကောက်ခံတော့မှာဖြစ်သလို အင်ဂျင်ပါဝါ ၄၀ဝ၀ စီစီအထက်ကား တွေကို ၅၀ ရာခိုင်နှုန်းအထိ အထူးကုန်စည်ခွန်ကောက်ခံမှာဖြစ်လို့ စလစ်ကပ်ကားတွေ ကိုအသုံးပြုဖို့ ဝယ်တဲ့သူတွေသာမက ပြန်ရောင်းဖို့ဝယ်တဲ့သူတွေပါ ရှိလာတယ်လို့ သီရိမင်္ဂလာ ကားရောင်းဝယ်ရေး စခန်းက ဝါရင့်ဝယ်ရောင်း ကိုကျော်မင်းထွန်း က ပြောပါတယ်။
အဝယ်လိုက်တဲ့ကားတွေ
လက်ရှိမှာတော့ စလစ်ကပ်ကားတွေအဝယ်များနေပြီး အယ်လ်ဖတ်၊ ဝှစ်ရှ်၊ ကရောင်းနဲ့ ရွှေငါးလိုကားမျိုးတွေအဝယ်လိုက်ပါတယ်။  တကယ်လိုအပ်တဲ့သူတွေအဝယ်ရှိလာသလို ရင်းနှီးမြှုပ်နှံထားလိုသူ တွေကလည်း အင်ဂျင် ပါဝါမြင့်တဲ့ ကားတွေဝယ်ယူစုဆောင်းလာကြ တာဖြစ်တယ်။ အဲသည်ကားအမျိုးအစားတွေက သင်္ကြန်ပြီးရင် ကျပ်သိန်း ၂၀ အထက်အထိ ဈေးမြင့်တက်သွားနိုင်ပါတယ်။ အင်ဂျင်ပါဝါမြင့်သလောက်၊ မော်ဒယ်မြင့် သလောက် ဈေးတွေကလည်း ကွာခြားသွားနိုင်ပါတယ်။ ၂၀ဝ၈၊ ၂၀ဝ၉၊ ၂၀၁၀ မော်ဒယ်အယ်လ် ဖတ်လိုကားမျိုးတွေဆိုရင်တော့ ကျပ်သိန်း ၁၀ဝ ကနေ ကျပ်သိန်း ၁၅၀ လောက်အထိ မြင့်တက်နိုင်ပါတယ်။ အခုငွေရှိလို့ ရင်းနှီးထား သူတွေအနေနဲ့ အချိန်တစ်လ နှစ်လအတွင်း ကျပ်သိန်း ၁၀ဝ လောက် အမြတ်ရဖို့က သေချာသလောက်ရှိနေပါတယ်။ ဒါပေမဲ့ ဘယ်လို ကားမူဝါဒအပြောင်းအလဲတွေရှိလာမလဲ၊ အဲသည်လောက် မြင့်လာတဲ့ ဈေးနှုန်းအပေါ် ဝယ်လက်တွေရဲ့ အနေအထားက ဘယ်လိုရှိမလဲဆိုတာတွေကတော့ ကြိုတင်ဆုံးဖြတ်ဖို့ခဲယဉ်းပါတယ်။ ဒါပေမဲ့လည်း စွန့်စားပြီးဝယ်ယူတဲ့သူတွေရှိနေလို့ စီအိုင်အက်ဖ် တန်ဖိုးမြင့်ကားတွေဝယ်လိုအား မြင့်တက်နေပါတယ်။
အခုအချိန်မှာ စီအိုင်အက်ဖ်တန်ဖိုးမြင့်တဲ့ ကားတစ်စီးဝယ်ထားရင် ဧပြီလ ကျော်တာနဲ့ ကျပ်သိန်း ၂၀ဝ ကျော်လောက်အထိမြင့်တတ်နိုင် တယ်လို့ တွက်ချက်ပြီးဝယ်တဲ့သူတွေရှိပါတယ်။ ၂၀၁၁ မော်ဒယ် လန်ခရူဇာရုပ်ပြောင်းကို လက်ရှိမှာ ကျပ်သိန်း ၁၆၀ဝ ဝန်းကျင်နဲ့ ဝယ်ထားရင် ဧပြီနောက်ပိုင်းမှာ ကျပ်သိန်း ၁၈၅၀ ဝန်းကျင်လောက် အထိမြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။
ပွိုင့်သရီး အရောင်းအဝယ်အေး
ပွိုင့်သရီး ကားအမျိုးအစားတွေက လုံးဝမရောင်းရတာမဟုတ်ပေမဲ့ စလစ်ကပ်တွေဘက် အာရုံရောက်နေကြတဲ့အတွက်အနည်းငယ် အေးတဲ့အနေအထားဖြစ်နေပါတယ်။ တင်သွင်းခွင့်မရှိတော့တဲ့ မော်ဒယ်တွေကို ကြိုတင် တင်သွင်းထားတာများနေတဲ့အတွက်လည်း ပွိုင့်သရီးတွေက ဝယ်လိုအားထက်များနေတာဖြစ်တယ်။ အခွန်အပြောင်းအလဲအရ စလစ်ကပ်ကားကိုဝယ်ထားတာက ပွိုင့်သရီးကားတွေဝယ်တာထက် အကျိုးအမြတ်များနိုင် တာကြောင့် ပွိုင့်သရီးကအရောင်းအဝယ်အေးနေပါတယ်။ နယ်လိုင်စင် စတိ နံပါတ်ကားတွေထက် ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား ကားဟောင်းလေးတွေသာ အရောင်းအဝယ်ဖြစ်နေပါတယ်။
စလစ်ဈေးမာနေဆဲ
အခုရက်ပိုင်းမှာ ယာဉ်အိုဟောင်း ဘတ်စ်စလစ်တွေဈေးကွက်ထဲဝင်ရောက်လာတဲ့အတွက် ကျပ်သိန်း ၁၂၀ ဝန်းကျင်ရှိတဲ့ စလစ်ဈေးက ကျပ် ၁၁၅ သိန်း ဝန်းကျင်အထိ ကျဆင်းပေမဲ့ သက်တမ်း နှစ် ၂၀ အပ်ကား ရှားပါးနေ တာဖြစ်သလို စလစ်လိုအပ်ချက်မြင့်တက်နေတာ ကြောင့် ဈေးမာနေတာဖြစ်တယ်။ ဧပြီမတိုင်မီမှာစလစ်ကပ်နံပါတ် ယူတဲ့သူတွေပိုမိုများလာနိုင်တာကြောင့် စလစ်ဈေးက သည်ထက် ကျဆင်းဖို့မရှိဘဲ အမည်ပေါက်စလစ် တစ်စောင်ရဲ့ ဈေးနှုန်းကကျပ် ၁၁၅ သိန်းနဲ့ ကျပ်သိန်း ၁၂၀ ကြားမှာဈေးမာနေဦးမှာဖြစ်တယ်လို့ ကားတင်သွင်းရောင်းချသူတွေကသုံးသပ်ပါတယ်။

Author – အောင်ထွန်းဦး

Kumudra

No comments:

Post a Comment