Latest News

Tuesday, March 14, 2017

မြောက်ကိုရီးယားတွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသား ၉ ဦးလွတ်မြောက်ရေး ညှိနှိုင်းနေ

မြောက်ကိုရီးယားတွင် ပိတ်မိနေသည့် မလေးရှားနိုင်ငံသား ၉ ဦးလွတ်မြောက်ရေး ညှိနှိုင်းနေ


နိုင်ငံရေးအရှုပ်အထွေးကြောင့် မြောက်ကိုရီးယားနိုင်ငံမှာ ပိတ်မိနေတဲ့ မလေးရှားနိုင်ငံသား ၉ ဦး ပြန်လည်လွတ်မြောက်ရေးအတွက် စေ့စပ်ညှိနှိုင်းနေမှုတွေ ဆက်လုပ်နေတယ်လို့ မလေးရှား ဒု-ဝန်ကြီးချုပ်က မတ် ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှား ဒု-ဝန်ကြီးချုပ် အာမက် ဟာမီဒီက မြောက်ကိုရီးယားနဲ့ ဆက်လက်ဆွေးနွေးနေပြီး ကျနော်တို့ရဲ့ ပထမဦးစားပေးကတော့ ပြုံယမ်းမှာရှိနေတဲ့ မလေးရှား ၉ ဦးရဲ့ လုံခြုံရေးပဲ ဖြစ်ပါတယ်လို့ ပြောကြားသွားပါတယ်။

ဒီနောက် ဆက်ပြီး “အခုချိန်ထိ ကင်ဂျုံနမ်ရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေဘက်က တရားဝင် တောင်းဆိုတာမျိုး မရှိသေးပါဘူး။ မိသားစုဘက်က တောင်းရင်တောင်မှ ရုပ်အလောင်းကို ပြန်လွှဲပေးဖို့အတွက် ကျနော်တို့အနေနဲ့ ရှေ့နေချုပ်ရုံးရဲ့ ခွင့်ပြုချက်ရယူဖို့ လိုပါတယ်” လို့ မလေးရှားဒု-ဝန်ကြီးချုပ်က ရှင်းပြသွားပါတယ်။

ကင်ဂျုံနမ် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မလေးရှားအစိုးရက ပြုံယမ်းမှာရှိတဲ့ မလေးသံအမတ်ကို ပြန်ခေါ်ခဲ့သလို ကွာလာလမ်ပူမှာရှိတဲ့ မြောက်ကိုရီးယားသံအမတ်ကို နှင်ထုတ်ခဲ့ပါတယ်။

ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားအစိုးရက ပြုံယမ်းမှာရှိတဲ့ မလေးရှား နိုင်ငံသားတွေကို တိုင်းပြည်ကနေ ထွက်ခွာခွင့် ပိတ်ပင်ထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

DVB

No comments:

Post a Comment