Latest News

Wednesday, March 15, 2017

အန္တရာယ်ဖြစ်နိုင်ခြေ အနည်းဆုံး စားသောက်ကုန် အမျိုးအစား တစ်ထောင်ကျော် ဖြေလျှော့ပေးမည်

အန္တရာယ်ဖြစ်နိုင်ခြေ အနည်းဆုံး စားသောက်ကုန် အမျိုးအစား တစ်ထောင်ကျော် ဖြေလျှော့ပေးမည်

ရန်ကုန်၊ မတ် ၁၄

အန္တရာယ်ဖြစ်နိုင်ခြေ အနည်းဆုံး စားသောက်ကုန်အုပ်စုဝင် ၁၀ဝ၈ မျိုးကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)တွင် သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုဘဲ ကုန်သွယ်ရေး ဦးစီးဌာနတွင် တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း FDA ၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

FDA က အစားအသောက် တင်သွင်းခြင်း လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် အဆင့်လိုက် ဖြေလျှော့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပထမအဆင့် ဖြေလျှော့ခြင်း အနေနှင့် သွင်းကုန်လိုင်စင် ထောက်ခံချက် ထုတ်ပေးရေး လမ်းစဉ်တွင် တိုက်ရိုက် စားသုံးရန် မဟုတ်သော ပါဝင်ပစ္စည်း တစ်မျိုးတည်းပါဝင်သော အစားအသောက် ထပ်ဖြည့်ပစ္စည်း (Food Additives) များ တင်သွင်းရန်အတွက် သွင်းကုန်လိုင်စင် လျှောက်ထားရန်အတွက် FDA ၏ ထောက်ခံချက် လျှောက်ထားခြင်းမှ ကင်းလွတ်ခွင့်ပြုကြောင်းကို ၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ထည့်သွင်းကြေညာခဲ့ကြောင်း FDA ထံမှ သိရသည်။

“ဖြေလျှော့ပေးပေမယ့် ဒီအတိုင်း လွှတ်ထားပေးမှာ မဟုတ်ပါဘူး၊ PMS နဲ့ ပြန်ထိန်းမှာပါ၊ ဓာတ်ခွဲကြည့်လို့ပဲဖြစ်ဖြစ်၊ ပြန်စစ်ဆေးလို့ပဲဖြစ်ဖြစ် Unsave ဆိုရင် အစားအသောက် ဥပဒေအရ အရေးယူခံရမှာ ဖြစ်တယ်”ဟု FDA ၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အန္တရာယ်ဖြစ်နိုင်ခြေ အနည်းဆုံး စားသောက်ကုန် အုပ်စုဝင် ၁၀ဝ၈ မျိုးကို တင်သွင်းသူများ အနေနှင့် မိမိတို့တင်သွင်းသည့် ပစ္စည်းကို မိမိတို့ကိုယ်တိုင် တာဝန်ယူပြီး သတ်မှတ်ထားသည့် အချက်များနှင့် ကိုက်ညီအောင် လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဖြေလျှော့ပေးခြင်းကို အလွဲသုံးခြင်း မပြုလုပ်မိရန် လိုအပ်ကြောင်း၊ FDA အနေနှင့်လည်း ပြည်သူများ၏ ကျန်းမာရေးသည် အရေးကြီးသဖြင့် ဈေးကွက်အတွင်း ဈေးကွက် ထောက်လှမ်းစောင့်ကြည့်ခြင်းများ (PMS) ပြုလုပ်၍ ထိန်းညှိသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“သွင်းကုန်လိုင်စင် လျှောက်ရင် FDA ရဲ့ ထောက်ခံချက် လိုတယ်။ ဒီပစ္စည်းတွေက မလိုတော့ဘူး။ ဈေးကွက်စီးပွားရေး မြှင့်တင်နေတဲ့အချိန်မှာ ကုန်သွယ် စီးဆင်းမှု မြန်ဖို့ FDA က ဖြေလျှော့ပေးပါတယ်”ဟု ၎င်းက ဆိုသည်။

အန္တရာယ်ဖြစ်နိုင်ခြေ အနည်းဆုံး စားသောက်ကုန် အုပ်စုဝင် ၁၀ဝ၈ မျိုးသည် အန္တရာယ် အခြေပြုဆန်းစစ်ခြင်းစနစ်ကို အခြေခံထားသည့်အတွက် အခြေအနေနှင့် အချိန်အခါအလိုက် ပြောင်းလဲမှု ရှိနိုင်ကြောင်း၊ ယင်းကုန်ပစ္စည်းစာရင်းကို သိရှိလိုပါက FDA ၏ www.fdamyanmar.gov.mm အင်တာနက် ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

The Voice

No comments:

Post a Comment