Latest News

Monday, March 27, 2017

မိန်းမတို့ရဲ့စောင့်ဆိုင်းရခြင်း အနုပညာ

မိန်းမတို့ရဲ့စောင့်ဆိုင်းရခြင်း အနုပညာ

မိန်းမတစ်ယောက်အနေနဲ့ ဆိုရင်  လောကကြီးမှာ စိတ်ရှည်ခြင်း၊ သည်းခံ စောင့်ဆိုင်းခြင်းနဲ့ နားလည်ပေးခြင်းက အရေးကြီးဆုံး ဖြစ်တဲ့အကြောင်း ရှေးလူကြီးတွေက ပြောခဲ့ကြတယ်။

ဒါကို ကျွန်မအနေနဲ့လည်း တဖြည်းဖြည်းနဲ့လက်ခံလာမိတယ်။ ဘာကြောင့်လဲ ဆိုတော့ ကောင်းမွန်အောင်မြင်တဲ့ ဘ၀တစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် ပြင်ဆင်ရတယ်၊ အချိန်ယူရတယ်၊လောကဓံကို သည်းခံပြီး ဖြတ်သန်းနိုင်ရတယ်။

အဲဒီလို ရည်ရွယ်ချက်နဲ့သည်းခံ စောင့်နိုင်အောင်လည်း လောကကြီးရဲ့စောင့်ဆိုင်းခြင်း နိယာမနဲ့သဘောတရားတွေကို  အမျိုးသမီးတွေကို နေ့စဉ် သင်ကြားပေးနေတာ တွေ့ရပါတယ်။

ဥပမာတစ်ခုကို  မီးဖိုချောင်မှာ တွေ့ရပါတယ်။ မီးဖိုချောင်ကနေ  သူမကို စိတ်ရှည်မှု၊ သည်းခံမှုနဲ့ အရာအားလုံးနဲ့လိုက်လျောညီထွေမှုရရှိအောင် နေ့စဉ်နဲ့အမျှ သင်ကြားပေးနေတယ်။

မီးဖိုချောင်မှ အိုးရှိတယ်။ ဆန်ရှိတယ်။ ရေ ရှိတယ်။ ဒါပေမဲ့ ထမင်းရအောင်  ချက်ရတယ်။ ထမင်း နပ်တဲ့အထိ စောင့်ရတယ်။ အားလူး ရှိတယ်၊ အသားရှိတယ်။ အသားနဲ့အားလူး နပ်တဲ့အထိ စောင့်ရတယ်။  စောင့်ရတာကို စိတ်မရှည်တဲ့အမျိုးသမီးက  မနပ်တဲ့ ထမင်းနဲ့ မနပ်တဲ့ ဟင်းကိုပဲ ရတယ်လေ၊ စောင့်ရတာကို  ငြီးငွေ့လို့နောက်အာရုံတစ်ခု ရှိနေတဲ့သူက တူးခြစ်နေတဲ့ထမင်းနဲ့ဟင်းကိုပဲ ရရှိတတ်ပါတယ်။

ကောင်းမွန်တဲ့ထမင်းဝိုင်းဖြစ်ပေါ်လာဖို့ကစ ကိုယ့်ကိုယ်ကို လှပအောင် ဆင်ယင်တတ်ဖို့ နဲ့ကိုယ့်ဘ၀ကို အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဖြစ်လာစေဖို့အဆုံး အဆင့်တိုင်းမှာ
စိတ်ရှည်ခြင်း၊ သည်းခံစောင့်ဆိုင်းခြင်းကိုတွေ့ရတာပါပဲ။

ဒါကြောင့် ထင်ပါရဲ့မိန်းမတစ်ယောက်အနေနဲ့စိတ်ရှည်ခြင်းနဲ့သည်းခံစောင့်ဆိုင်ခြင်းဆိုတဲ့ သဘောတရားမှာ မကျေညက်ဘူးဆိုရင် ဘ၀လက်တွဲဖော်ကောင်းတောင်မှ ရနိုင်ဖို့ မလွယ်ကူတတ်ပါဘူး။ တစ်နည်းအားဖြင့်လည်း
ကိုယ်ချစ်တဲ့သူကိုတောင် ပိုင်ရဖို့ မလွယ်တာ တွေ့ရပါတယ်။

အချစ်ကို စတွေ့တဲ့မိန်းကလေးအနေနဲ့ ချစ်တဲ့သူက ကိုယ့်ကို သတိထားမိဖို့နဲ့စိတ်ဝင်စားဖို့အားထုတ်ရတာတွေ ရှိတယ်။ ဒါ့အပြင် အမျိုးသားတွေထက် ပိုသွားတာကတော့  ချစ်သူရဲ့ ဖွင့်ဟပြောဆိုခြင်း ကို စောင့်ဆိုင်းရတာပါပဲ။ ဒီကာလမှာ ကိုယ်ချစ်တဲ့သူရဲ့ကိုယ်ကျင့်တရားနဲ့ မိဘဆွေမျိုးတွေစတဲ့ နောက်ခံသမိုင်းကြောင်းတွေကိုလည်း တစေ့တစောင်းနဲ့ လေ့လာကြည့်ရပါသေးတယ်။

အဲဒီလိုမှ မဆောင်ရွက်ဘူး ဆိုရင် သူ့အကြောင်း သေချာမသိသူ ဖြစ်လာပြီး နောက်ပို်င်း အဆင်မပြေမှုတွေရှိလာတဲ့အခါ ရှေ့တိုးမလား၊ နောက်ဆုတ်မလားဆိုတာကို ဆုံးဖြတ်ရ ခက်ခဲ သွားတတ်ပါတယ်။

ဒါ့အပြင်
စိတ်မရှည်လို့၊ စောင့်ဆိုင်းခြင်း သဘောတရားကို နားမလည်တဲ့မိန်းကလေးတွေကတော့ကိုယ်ချစ်တဲ့သူ စိတ်ဝင်စားတဲ့သူ ကိုယ့်နားရောက်လာတဲ့အထိ မစောင့်နိုင်ကြဘူး။ ကိုယ့်ကို စိတ်ဝင်စားနေတဲ့သူ၊ ကိုယ့်ကို ချစ်နေတဲ့သူကိုပဲ လက်ခံကြရတယ်။ ဒါကလည်း နည်းလမ်း မမှန်ပါဘူး။ ချစ်တဲ့သူကို မစောင့်နိုင်လို့မချစ်တဲ့သူကို  လက်ခံရတယ်ဆိုကတည်းက အချစ်ရေးမှာ နစ်နာ သွားပါပြီ။

သူ့မိဘက လက်ထပ်ပေးတဲ့အချိန်ထိ မစောင့်နိုင်လို့ခိုးပြေးရတဲ့အခါ ကိုယ့်အတွက် စိတ်ပို်ငးဆိုင်ရာမှာရော ရုပ်ပိုင်းဆိုင်ရာမှာပါ နစ်နာမှုတွေလည်း ကြုံတွေ့ရတတ်ပါသေးတယ်.။

ဒီလိုနည်းလမ်းတွေနဲ့ မိန်းမတွေရဲ့ စိတ်ရှည်ခြင်းနဲ့စောင့်ဆိုင်းနိုင်ခြင်းဆိုတာကို လောကကြီးက တိုင်းတာကြတာ တစ်ခါတစ်လေမှာတော့ မတရားလိုက်တာလို့မြင်မိပြန်ပါတယ်။

ချစ်သူဘ၀ရောက်ပြန်တော့လည်း ချစ်သူရဲ့လက်ထပ်ခွင့်တောင်းခြင်းဆိုတာကို စောင့်ရပြန်ရော၊ ယောက္ခမရဲ့ တောင်းပေးမဲ့အချိန်ကို စောင့်ရပြန်တယ်။ အဲဒီလိုနဲ့အမြဲတမ်း စိတ်ရှည်ပြီး စောင့်ဆိုင်းခြင်းနဲ့ပဲ ရင်ဆိုင်ရတဲ့ မိန်းမ။

အိမ်ထောင်ကျရင်တော့ လွတ်ပြီလို့မမှတ်လိုက်ပါနဲ့ဦး။လက်ထပ်ပြီးတော့ရော ကိုယ့် ခင်ပွန်းရဲ့ အိမ်ပြန်ချိန်ကိုစောင့်ကြရပြန်တယ်။ အဲဒီလိုစောင့်ဆိုင်းခြင်းအပြင် ကိုယ်ရဲ့သားသမီးတွေကို မွေးမြူရင်းနဲ့လည်း သူတို့တွေ အရွယ်ရောက်ချိန်ကို နေ့စဉ်နဲ့ အမျှ စောင့်ကြည့်ကြပ်မတ်ပေးရတဲ့ အလုပ်ကို အမေတွေက လုပ်ကြရပြန်တယ်။

အမေဘ၀မှာ စိတ်ရှည်ခြင်းက ဘယ်လောက်ထိ အရေးပါသလဲ ဆိုရင် ကိုယ့်သားသမီးတွေရဲ့ကိုယ်ရည်ကိုယ်သွေးကို ဖြစ်တည်စေတာလည်း တွေ့ရပါတယ်။

စိတ်ရှည်တဲ့အမေ၊ နားလည်သည်းခံတတ်တဲ့အမေက သားသမီးတွေကို စိတ်ပါလက်ပါနဲ့မိခင်ရဲ့ မေတ္တာကိုပေါ်လွင်အောင် ပြောဆို ပြုစုတတ်ပါတယ်။ အဲဒီလို အမေရဲ့သားသမီးတွေကလည်း မေတ္တာတရားကို သိနားလည်ခွင့ရပြီး အကောင်းမြင်စိတ်နဲ့ ကြီးပြင်းလာတတ်ပြန်တယ်။

စိတ်မရှည်တဲ့ မစောင့်ဆိုင်းတတ်၊ သည်းမခံတတ်တဲ့အမေက ရတဲ့  သားသမီးတွေက ထစ်ခနဲရှိ စိတ်တိုတာ ဒေါသနဲ့ တုန့်ပြန်တာတွေပဲ ကြုံရတဲ့အတွက် သူတို့ကိုယ်တိုင်လည်း
 ဒေါသကြီးတဲ့သည်းမခံတတ်တဲ့ လူတွေအပေါ် နားလည်မပေးနိုင်တဲ့ သူတွေ အဖြစ် ကြီးပြင်းလာရပြန်တယ်။ မိခင်တွေဆီကနေ အတုယူကြတာပါပဲ။

အဲဒါကြောင့် ကိုယ့်သားသမီးတွေကို လောကကြီးနဲ့အံဝင်ဖို့ လောကကြီးမှာ သားတို့သမီးတို့အဆင်ပြေစွာ အောင်မြင်စွာ နေထိုင်ဖို့အမေတို့က စိတ်ရှည်ရတယ်၊ သည်းခံရတယ်၊ စောင့်ဆိုင်းရပြန်ပါတယ်။

ဒါ့အပြင် သားတို့သမီးတို့စိတ်ဒဏ်ရာကင်းစွာနဲ့ ကြီးပြင်းဖို့အမေ့ရဲ့စိတ်ရှည်မှု၊သည်းခံနိုင်မှုနဲ့စောင့်ဆိုင်းမှုတွေက မိသားစု အရေးကိစ္စတွေမှာ အရေးကြီးလှပါတယ်။

ဘာကြောင့်လဲ ဆိုတော့ စိတ်မရှည်တဲ့ အမေ၊ သည်းမခံနိုင်တဲ့အမေဟာ အိမ်ထောင်ရေးကို သာယာအောင် ၊ သာယာချမ်းမြေ့တဲ့ မိသားစုလေးဖြစ်အောင် မစွမ်းဆောင်နိုင်ဘူးလေ၊ အဲဒါကြောင့် စိတ်ရှည်တဲ့မေမေ ၊ နားလည်ပေးတဲ့မေမေ ဖြစ်ဖို့ ကြိုးစားအားထုတ်ရခြင်းဖြစ်တယ်။

အဲဒီလိုနဲ့စောင့်ဆိုင်းရတဲ့ နိယာမက မိန်းကလေး ဘ၀မှာ၊ အိမ်ရှင်မ ဘ၀မှာတင်မကဘူး နောက်ဆုံး သေဆုံးချိန်ကို စောင့်ရတဲ့အချိန်ထိ  သင်ကြားပေးနေတာလို့ ကျွန်မတော့ နားလည်ယူဆမိပါတယ်။

သေဆုံးခြင်းဆိုတာကို ရင်ဆိုင်ဖို့ပြင်ဆင်ကြတဲ့အခါ သည်းခံနိုင်တဲ့သူက မေတ္တာကို တည်ဆောက်နိုင်တယ်၊ စောင့်ဆိုင်းနိုင်ပြီး သည်းခံနိုင်တဲ့ သူက ၀ိပဿနာနဲ့ခရီးဆက်ပါတယ်။  မသည်းခံ မစောင့်စည်း နိုင်ဘူးဆိုရင် ၀ိပဿနာထိရောက်ဖို့တောင် ခက်ခဲလှတာကိုး။

ဒါကြောင့်ဘ၀ရဲ့နောက်ဆုံးချိန် မတိုင်မီလေးမှာ ကျွန်မတို့က ကိုယ့်ဘ၀ကို ဘယ်လောက်ထိ တန်ဖိုး ထားသလဲ၊ တည်ဆောက်ခဲ့သလဲ၊ နောင်အနာဂတ်အတွက် ဘယ်လောက်ထိ ပြင်ဆင်ထားနိုင်ခဲ့သလဲ ဆိုတာတွေက ကျွန်မတို့ရဲ့ စောင့်ဆိုင်းသည်းခံနိုင်ခြင်း အပေါ်မှာပဲမူတည်နေတယ်လို့  ကျွန်မက ယုံကြည်လက်ခံမိပါတ်ယ။

ကျေးဇူးတင်ပါတယ်။
မတူတဲ့အမြင်များရှိရငလည်းဆွေးနွေးလို့ရပါတယ်။.
နှလုံး စိတ်ဝမ်းအေးချမ်းကြပါစေရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment