Latest News

Sunday, March 19, 2017

အားပြင်း ဒုံးအင်ဂျင်သစ်တစ်ခုကို မြောက်ကိုရီးယားတို့ စမ်းသပ်

အားပြင်း ဒုံးအင်ဂျင်သစ်တစ်ခုကို မြောက်ကိုရီးယားတို့ စမ်းသပ်


ပိုမိုအားကောင်းတဲ့ ဒုံးအင်ဂျင်သစ်တစ်ခုကို မြောက်ကိုရီးယားတို့ စမ်းသပ်ခဲ့ပြီး ယင်းစမ်းသပ်မှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ယခုအခါ မြောက်ကိုရီးယားတို့ရဲ့ ဒုံးလက်နက် စွမ်းရည်ပိုင်းမှာ သိသိသာသာ အောင်မြင်တိုးတက်မှုတွေ ရရှိနေပြီဆိုတာကို ယခုစမ်းသပ်မှုက ပြသနေခဲ့တယ်လို့ ဆိုးလ်မြို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံတကာအသိုင်းအ၀ိုင်းက ၀ိုင်းဝန်းတားမြစ်နေတဲ့ကြားက မြောက်ကိုရီးယားတို့အနေနဲ့ ယင်းတို့ရဲ့ အငြင်းပွားဖွယ်ရာ ဒုံးလက်နက် စမ်းသပ်မှုအစီအစဉ်တွေကို ရှေ့တိုးလုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

အောင်မြင်ခဲ့တယ်ဆိုတဲ့ ယခု ဒုံးအင်ဂျင်စမ်းသပ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း ကိုယ်တိုင် လာရောက်ကြီးကြပ်စောင့်ကြည့်ခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တီလာဆန် အာရှခရီးစဉ် ရောက်ရှိနေစဉ် အချိန်ကာလနဲ့ ကိုက်ပြီးတော့ ပြုံယမ်းအာဏာပိုင်တွေက ယခု ဒုံးအင်ဂျင်စမ်းသပ်မှုကို လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြုံယမ်းအစိုးရအနေနဲ့ မကြာသေးမီကလည်း ယင်းရဲ့ အရှေ့ဘက် အရပ်ဆီကို ဒုံးကျည်လေးစင်း ပစ်လွှတ်ခဲ့ပြီး ယင်းလုပ်ရပ်ဟာ ဂျပန်မှာ အခြေစိုက်ထားတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်လေ့ကျင့်တာလို့လည်း ယုံကြည်ရပါတယ်။

" ခုနောက်ဆုံး သူတို့ရဲ့ စမ်းသပ်မှုကို ကြည့်ရင် သူတို့ဆီမှာ ဒုံးအင်ဂျင်နည်းပညာပိုင်းမှာ သိသာအောင်မြင်တဲ့ တိုးတက်မှုတွေ ရရှိနေပြီလို့ ယုံကြည်ရပါတယ်" လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လီဂျင်ဝူး က သတင်းသမားတွေကို ပြောပါတယ်။
Mizzima - News in Burmese

No comments:

Post a Comment