Latest News

Thursday, February 16, 2017

YBS စနစ်စတင်ပြီး တစ်လပြည့်ချိန်တွင် ခရီးသွားလာမှု အနည်းငယ် အဆင်ပြေလာသော်လည်း ယာဉ်အစီးရေ မလုံလောက်မှုကြောင့် ခရီးသွားပြည်သူများ အခက်အခဲအချို့ရှိနေ

YBS စနစ်စတင်ပြီး တစ်လပြည့်ချိန်တွင် ခရီးသွားလာမှု အနည်းငယ် အဆင်ပြေလာသော်လည်း ယာဉ်အစီးရေ မလုံလောက်မှုကြောင့် ခရီးသွားပြည်သူများ အခက်အခဲအချို့ရှိနေ


(မထသ) အား ဖျက်သိမ်းပြီး Yangon Bus Service  စနစ်ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁၆ ရက်တွင် စတင်ခဲ့ကာ ဖေဖော်ဝါရီ၁၆ ရက် တစ်လပြည့်ချိန်တွင် ရန်ကုန်မြို့အတွင်း ခရီးသွားလာမှု အနည်းငယ် အဆင်ပြေမှုရှိလာကြောင်း သိရသည်။

“အရင်စပြီး ပြောင်းတုန်းကတော့ အဆင်မပြေပါဘူး။ အခုနောက်ပိုင်းတော့ အဆင်ပြေလာပါတယ်။ အစ်ကိုက သင်္ဃန်းကျွန်းကို ပြန်မှာဆိုတော့ နံပါတ်(၇)ကားကို စီးရင် အဆင်ပြေတယ်။ အရင်ကတော့ အရမ်းကျပ်တယ်။ အခုတော့ တော်တော်ချောင်လာပါတယ်။ မြို့ထဲမှာဆိုရင်တော့ ဘယ်သွားသွား တစ်ရာနဲ့ သွားလို့ရတယ်။ တခြား တောင်ဒဂုံတို့ သင်္ဃန်းကျွန်းတို့သွားရင်တော့ ဘယ်သွားသွား နှစ်ရာ ပေးရပါတယ်” ဟု ဆူးလေမှတ်တိုင်မှ သင်္ဃန်းကျွန်းသို့ လိုင်းကားစီးနင်းရသည့် ကိုသိန်းမင်းက ပြောကြားသည်။

ယင်းသို့ YBS စနစ်ပြောင်းလဲပြီးချိန်မှ တစ်လပြည့်အထိ ခရီးသွားလာမှု အနည်းငယ် အဆင်ပြေမှု ရှိခဲ့သော်လည်း ခရီးသည်တင် ယာဉ်စီးရေ မလုံလောက်မှုကြောင့် ရုံးဆင်း ရုံးတက်ချိန်များတွင် ကားကျပ်ခြင်း၊ အချိန်ကြာမြင့်စွာ ကားစောင့်ရခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“YBS တွေအဖြစ် စလုပ်လိုက်တော့ အများကြီးမျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ အခုထိ ထင်သလိုဖြစ်မလာဘူး။ စပြီးအဆင်မပြေတာက ကားအရမ်းကျပ်တာပဲ။ ကျွန်မတို့ သုဝဏ္ဏဆို အရင်က တာမွေကနေ ဘတ်စ်ကားလိုင်း သုံးခုလောက်ရောက်တယ်။ တစ်လိုင်းက မီနီဘတ်စ်၊ နောက်လိုင်းနှစ်ခုကတော့ ကားကြီးတွေပေါ့။ အခုတော့ နှစ်လိုင်းပဲရောက်တယ်။ ရောက်တဲ့နှစ်လိုင်းက မီနီဘတ်စ်တွေဆိုတော့ ကားစီးရတာ လူအရမ်းကျပ်သွားတယ်။ စီးတဲ့သူနဲ့ ကားအစီးရေ မလောက်ငှဘူး” ဟု ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ကားအစီးရေမလုံလောက်မှုကြောင့် ဖြစ်ပေါ်နေသည့်အခြေအနေများနှင့် ပတ်သက်ပြီး YBS မှ တာဝန်ရှိသူတစ်ဦးက “ကားမလုံလောက်မှုကတော့ ဘယ်သူမှ ငြင်းလို့မရတဲ့ ကိစ္စလေးပါ။ အဲဒါကြောင့် ကားတွေကျပ်နေတာ။ ပြီးရင် ကားစောင့်ရတဲ့ အချိန်ကြာနေတာရှိတယ်။ အဲဒါတွေကတော့ ကားမရောက်မချင်း အဆင်မပြေနိုင်သေးဘူး။ နောက်ပြီးတော့ အခုထိတောင် ကတ်စနစ်ကို မသွားသေးတဲ့အတွက်ကြောင့် လုမောင်းတာတွေ စောင့်ပြီးတော့ မောင်းတာတွေကလည်း ရှိနေတုန်းပါပဲ။ ည ၉ နာရီနောက်ပိုင်းကိစ္စ တွေကိုတော့ စီစဉ်ထားတယ်။ အခုက ယာဉ်မောင်း မလုံလောက်တာတွေလည်း ပါတယ်။ အဲဒါဆိုတော့ လောလောဆယ် ယာဉ်မောင်း လုံလောက်အောင်လည်း စီစဉ်နေပါတယ်” ဟု သုံးသပ်ပြောကြားသည်။

YBS စနစ်ကို လက်ရှိတွင် ယာဉ်လိုင်းပေါင်း ၈၀ ကျော်၊ ယာဉ်အစီးရေ ၄၀၀၀ ခန့်ဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။


ပြည့်ဖြိုးအောင်


Eleven Media Group

No comments:

Post a Comment