Latest News

Thursday, February 16, 2017

သာပေါင်းမြို့နယ်၌ ဆင်သတ်မှု ကျူးလွန်ခဲ့သည့် အဖွဲ့အား ဖမ်းဆီးရမိ

သာပေါင်းမြို့နယ်၌ ဆင်သတ်မှု ကျူးလွန်ခဲ့သည့် အဖွဲ့အား ဖမ်းဆီးရမိ


ရဲတပ်ဖွဲ့က မသင်္ကာ၍ စစ်ဆေးရာမှ သာပေါင်းမြို့နယ်၌ ဆင်သတ်မှု ကျူးလွန်ခဲ့သည့်အဖွဲ့အား ဖမ်းဆီးရမိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါအဖွဲ့မှာ သာပေါင်းမြို့နယ်ရှိ ကိုးချောင်းဖျားနှင့် ပကွေ့နေရာတို့၌ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက ဆင်သတ်မှုနှစ်မှု ကျူးလွန်ခဲ့သူများဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူတို့ထံမှ သိရသည်။

“ဒီလူတွေ ဆင်တွေသတ်တယ်ဆိုတဲ့ သတင်းကို ကြားသိရတယ်။ အဲဒါကြောင့် သူတို့ကို ဖမ်းဆီးစစ်ဆေးလိုက်တယ်။ ဆင်တွေကို သတ်ခဲ့တဲ့အကြောင်း သူတို့က ၀န်ခံတဲ့အတွက် သက်သေခံပစ္စည်းတွေ သွားသိမ်းပြီး အမှုဖွင့် ဆောင်ရွက်ထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

“သက်သေခံပစ္စည်းတွေ သွားသိမ်းတော့ ရဲတပ်ဖွဲ့ဝင်တွေ၊ သစ်တောဦးစီးဌာနက ၀န်ထမ်းတွေ၊ နောက်ပြီး သစ်တောဦးစီးဌာနက ဆင်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ တိရစ္ဆာန်ဆရာဝန်လည်း ပါတာပေါ့။ ပြီးရင် သက်သေတွေလည်း ပါပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

ဖမ်းဆီးရမိထားသူများ၏ ထွက်ဆိုချက်အရ ၂၀၁၆ ခုနှစ် ဇူလိုင်လက ဆင်ထီးတစ်ကောင်ကို သတ်ခဲ့သည်ဟု ဆိုသည့် ဒေသအခေါ် ကိုးချောင်းဖျားနေရာသို့ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာတွင် ဆင်လက်ပြဉ်ရိုး တစ်ချောင်း၊ ဆင်နံရိုးကိုးချောင်း၊ ဆင်ဒူးဆစ်ရိုးတစ်ချောင်း၊ ဆင်ဦးခေါင်း အရိုးအပိုင်းအစများနှင့် ဆင်သတ်သည့် နေရာ၌ ထင်းမီးသွေးပုံတို့အား တွေ့ရှိခဲ့သည်။

ထို့ပြင် ဒေသအခေါ် ပကွေ့နေရာ၌လည်း ၂၀၁၆ ခုနှစ် သြဂုတ်လက ဆင်ထီးတစ်ကောင်ကို သတ်ဖြတ်ခဲ့သည်ဟု ကျူးလွန်သူများက ထွက်ဆိုထားသဖြင့် သွားရောက် စစ်ဆေးရာတွင်လည်း ဆင်လက်ဆစ်ရိုးနှစ်ချောင်း၊ ဆင်နံရိုးရှစ်ချောင်း၊ ဆင်ဒူးဆစ်ရိုးတစ်ချောင်း၊ ဆင်ဦးခေါင်း အပဲ့တစ်ခု၊ ဆင်ခါးဆစ်ရိုးတစ်ခု၊ ဆင်ဂုန်မျဉ်းရိုးတစ်ခုနှင့် ဆင်သတ်သည့်နေရာ၌ ထင်းမီးသွေးပုံတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

“ဆင်စွယ်ဝယ်တဲ့သူတွေ၊ ဆင်အရည်ခွံ ၀ယ်တဲ့သူတွေ၊ ဆက်စပ်တရားခံတွေကို ဆက်လက်ဖမ်းဆီးမှာပါ။ သူတို့နဲ့အတူ လက်နက်တွေရှိတဲ့ သူတွေကိုလည်း လိုက်ပြီးဖမ်းဆီးဦးမှာပါ။ ရှောင်ပြေးနေလို့ တောက်လျှောက်လိုက်ပြီး ဖမ်းဆီးနေပါတယ်” ဟု  ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောကြားသည်။

လက်ရှိတွင် ဆင်သတ်မှုကျူးလွန်သည့် အဖွဲ့မှ ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး သစ်တောဦးစီးအရာရှိက တရားလိုပြုလုပ်ကာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၇ (က) ဖြင့် အမှုနှစ်မှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။        


အောင်ကျော်မျိုး



Eleven Media Group

No comments:

Post a Comment