Latest News

Thursday, February 16, 2017

ဒေါ်လာသန်း ၇၀၀ ကျော်မြှုပ်နှံမည့် FMI ၏ Yoma Central စီမံကိန်း စတင်လိုက်ပြီး မီးရထားရုံးချုပ်အား ဟိုတယ်အဖြစ် အဆင့်မြှင့်ခြင်းနှင့် ကြမ်းခင်းဧရိယာ ၂ ဒသမ ၄၄ သန်းခန့်ရှိသည့် မြေပေါ်တွင် တာဝါလေးလုံး တည်ဆောက်ရန် စီစဉ်

ဒေါ်လာသန်း ၇၀၀ ကျော်မြှုပ်နှံမည့် FMI ၏ Yoma Central စီမံကိန်း စတင်လိုက်ပြီး မီးရထားရုံးချုပ်အား ဟိုတယ်အဖြစ် အဆင့်မြှင့်ခြင်းနှင့် ကြမ်းခင်းဧရိယာ ၂ ဒသမ ၄၄ သန်းခန့်ရှိသည့် မြေပေါ်တွင် တာဝါလေးလုံး တည်ဆောက်ရန် စီစဉ်



FMI မှ လုပ်ဆောင်နေသည့် စီမံကိန်းဖြစ်သော Landmark Development စီမံကိန်းအား Yoma Central စီမံကိန်းအဖြစ် အမည်ပြောင်းလဲကာ စီမံကိန်းစတင်မှုကို ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်လိုက်ပြီး အဆိုပါ စီမံကိန်းတွင် မီးရထားရုံးချုပ်အား ဟိုတယ်အဖြစ် အဆင့်မြှင့်တင်မည့် စီမံကိန်း အပါအ၀င် ဟိုတယ်၊ ရုံးခန်း စသည့် တာဝါလေးလုံး တည်ဆောက်သွားမည် ဖြစ်ကြောင်း FMI နှင့် Yoma ၏ အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်း ဝေ(ခ) Mr. Serge Pun က ပြောကြားသည်။

အဆိုပါ Yoma Central စီမံကိန်းပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို စီမံကိန်းတည်ရှိရာ မြန်မာ့မီးရထား ရုံးချုပ်ဝန်းအတွင်း ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးကျော်မျိုး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် အစိုးရအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

Yoma Central စီမံကိန်းအဖြစ် အမည်ပြောင်းလဲလိုက်သည့် စီမံကိန်းတွင် စီမံကိန်း (က) နှင့် (ခ) အဖြစ် နှစ်ခုပါဝင်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Mixed-used ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် မြန်မာ့မီးရထား ရုံးချုပ်ဟောင်းအား The Peninsula Yangon အဖြစ် ဖော်ဆောင်ခြင်းတို့ ပါဝင်သည်။

ရန်ကုန်မြို့တွင် ရှေးဟောင်းဟိုတယ် လိုအပ်နေချိန်၌ သက်တမ်း ၁၀၀ ကျော်ရှိ   မြန်မာ့မီးရထား ရုံးချုပ်ဟောင်းအား The Peninsula Yangon အဖြစ် ဖော်ဆောင်ခြင်းနှင့် စီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် သုံးစွဲမည်ဆိုသည့် အချက်သည် အထင်ကရစီမံကိန်း ဖြစ်နေသည့်အပြင် ကြီးမားသည့် စီမံချက်တစ်ခု ဖြစ်ကြောင်းနှင့် ခရီးသွားလုပ်ငန်းအတွက် အားထားရာဖြစ်လာမည့် စီမံကိန်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မှတ်ချက်ပြုသည်။

ကြမ်းခင်းဧရိယာ ၂ ဒသမ ၄၄ သန်းခန့် ရှိသည့်  Yoma Central စီမံကိန်းတွင် နာမည်ကြီး  Peninsula အမှတ်တံဆိပ် လူနေအိမ်ခန်းများ၊ Grade A အဆင့်ရှိ ရုံးခန်းတာဝါနှစ်ခုနှင့် စီးပွားရေးလုပ်ငန်းသုံး ဟိုတယ်တစ်လုံး၊ ၀န်ဆောင်မှုပါရှိသည့် လူနေအိမ်ခန်းများနှင့် ယင်းတို့ကို Shopping Centre တစ်ခုနှင့် ချိတ်ဆက်မည့် စီမံကိန်းများ ပါဝင်မည်ဖြစ်ကြောင်း ဦးသိမ်းဝေက ဆိုသည်။

“၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် လုပ်ငန်းတွေအားလုံး ပြီးဆုံးသွားချိန်မှာ Yoma Central စီမံကိန်း အိမ်ခြံမြေ စီမံကိန်းတွေရဲ့ စံပြဖြစ်လာမှာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်မြှုပ်နှံသွားမှာဖြစ်ပြီး အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရဲ့ အကြီးဆုံးစီမံကိန်း ဖြစ်လာပါမယ်” ဟု ဦးသိမ်းဝေက ပြောကြားသည်။

အဆိုပါ Yoma Central စီမံကိန်းအတွက် (FMI) First Myanmar Investment Co.,Ltd. မှ ရှယ်ယာ ၁၂ ရာခိုင်နှုန်း၊ Yoma Strategic Investments Limited မှ ရှယ်ယာ ၄၈ ရာခိုင်နှုန်း Mitsubishi Corporation, Mitsubishi Estate Co.,Ltd. (Collectively) မှာ ရာခိုင်နှုန်း ၃၀၊ International Finance Corporation မှ ငါးရာခိုင်နှုန်းနှင့် Asian Development Bank မှ ငါးရာခိုင်နှုန်း အစုရှယ်ယာ ထည့်ဝင်ကြမည် ဖြစ်သည်။

မြန်မာ့မီးရထား ရုံးချုပ်ဟောင်းအား The Peninsula Yangon အဖြစ် ဖော်ဆောင်ခြင်း အပိုင်းတွင် Hongkong and Shanghai Hotel က ရာခိုင်နှုန်း ၇၀၊ Yoma Strategic မှ အစုရှယ်ယာ ၂၄ ရာခိုင်နှုန်းနှင့် (FMI) First Myanmar Investment Co.,Ltd က ရှယ်ယာ ၆ ရာ ခိုင်နှုန်း ပါဝင်မည်ဖြစ်သည်။

မြန်မာ့မီးရထား ရုံးချုပ်ကြီးသည် ရှေးဟောင်းအမွေအနှစ်အဖြစ် နောင်လာနောက်သားများနှင့် ပြည်ပခရီးသွားများ လာရောက် လေ့လာနိုင်သည့် နေရာအဖြစ် အဆင့်မြှင့်တင်ရန် ဦးသိမ်းဝေမှ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြောင်း၊ ရန်ကုန်မြို့၏ Landmark အဖြစ် ထင်ကျန်ခဲ့မည် ဖြစ်ကြောင်းနှင့် ပြည်သူလူထုအတွက် ဂုဏ်သိက္ခာရှိသည့် နေချင်စဖွယ်မြို့တော်အဖြစ် ထင်ကျန်ရေးများအတွက် ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်း၍ အဆောက်အအုံ အမြန်ဆုံး ပေါ်ထွန်းလာရေးအတွက် အစိုးရအဖွဲ့မှ ကူညီပေးသွားမည်ု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မှတ်ချက်ပြုသည်။



ဖြိုးဝေ

Eleven Media Group

No comments:

Post a Comment