မြောက်ဒဂုံတွင် YBS တစ်စီး မောင်းနှင်နေစဉ် မီးလောင်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
ရန်ကုန်မြို့ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၆ လမ်းဆုံတွင် ယနေ့ (ဖေဖော်ဝါရီလ ၂၆ ရက်) မွန်းလွဲပိုင်းက အမှတ် ၁၂ YBS ယာဉ်တစ်စီး ဂက်စ်ယို့စိမ့်ကာ မောင်းနှင်နေစဉ် မီးလောင်မှု ဖြစ်ခဲ့ကြောင်း အမှတ် (၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရှိရသည်။
ယင်းဘတ်စ်ကားမှာ မ.၀.တ လမ်းဆုံဘက်မှ မြောက်ဒဂုံ ဂိတ်ရင်းသို့ မောင်းနှင်လာစဉ် ယာဉ်ခေါင်းရှိ ဂက်စ်လိုင်း ချိတ်ဆက်ထားသော ဂက်စ်ပိုက်ခေါင်း အပူလွန်ကဲခြင်းကြောင့် မီးလောင်ခြင်းဖြစ်ပြီး ၎င်းယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း မြောက်ဒဂုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
“လူတွေ မထိခိုက်ဘူး၊ အင်ဂျင်ကလည်း အပူလွန်ကဲနေချိန် ဂက်စ်ပိုက်ခေါင်း မလုံတော့ ရုတ်တရက် မီးထလောင်တာပါ၊ ပျက်စီးဆုံးရှုံးမှု သိန်းနှစ်ဆယ်လောက် ထိခိုက်သွားတယ်။ ယာဉ်မောင်း အမျိုးသားက ထွက်ပြေးသွားတယ်”ဟု ၎င်းကဆိုသည်။
မီးလောင်မှုကို မီးသတ်ယာဉ် သုံးစီးနှင့် ရေသည်ယာဉ် တစ်စီးတို့မှ ရေဂါလံ လေးထောင်နီးပါး အသုံးပြုပြီး ငြှိမ်းသတ်ခဲ့သော်လည်း အင်ဂျင်ခန်း၊ ထိုင်ခုံများနှင့် လေကာမှန်များမှာ ပျက်စီးဆုံးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းကုမ္ပဏီမှ အမှတ် ၁၂ YBS ယာဉ်မှ ယာဉ်မောင်းဖြစ်သူ အမျိုးသားမှာ ထွက်ပြေး တိမ်းရှောင်နေခြင်းကြောင့် ယာဉ်လိုင်းပိုင်ရှင်များထံ ချိတ်ဆက်ကာ ရှာဖွေလျက်ရှိပြီး ၎င်းကို ဒဂုံမြို့သစ် မြောက်ပိုင်း မြို့မရဲစခန်းက (ပ)၂၂၉ / ၂၀၁၇ မီးပေါ့ဆမှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စုံစမ်းနေကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
The Voice
Sunday, February 26, 2017
မြောက်ဒဂုံတွင် YBS တစ်စီး မောင်းနှင်နေစဉ် မီးလောင်
မြောက်ဒဂုံတွင် YBS တစ်စီး မောင်းနှင်နေစဉ် မီးလောင်
Reviewed by Ar Ti
on
5:21 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment