အရှုပ်ပုံကြီးကို တစစီကောက်ရှင်းနေရ၍ အချိန်များစွာယူရမည်ဟု NLD နာယက ဦးတင်ဦးပြောကြား
ယခုလက်ရှိရထားသည့် အခြေအနေသည် လွန်စွာရှုပ်ထွေးပွေလီပြီး စုတ်ပြတ်နေသော အပုံကြီးအား ချထားကာ ထွက်သွားခဲ့သည့်အခြေအနေကို ယခုမှ တစစီကောက် ဖြေရှင်းရာတွင် အချိန်များ စွာယူရမည်ဟု NLD နာယက ဦးတင်ဦးက ဖေဖော်ဝါရီ ၂၀ ရက်က NLD ဌာနချုပ် ဆွေးနွေးပွဲ၌ ပြောကြားသည်။
''အခု ရထားတဲ့အခြေအနေက အင်မတန်မှ ရှုပ်ထွေးပွေလီဗလုံးဗထွေး စုတ်ပြတ်သတ်နေတဲ့အပုံကြီးကို ချထားပြီး ထွက်သွားတဲ့ဟာတွေကို အခုမှ တဖြည်းဖြည်းတစစီကောက်ပြီးရှင်းနေရတာ အချိန်အများကြီး ယူရမှာပါ။ ဒါကိုလုပ်ပေးရမယ်ဆိုရင် ဒီသက်တမ်း၊ နောက်သက်တမ်း သက်တမ်းနှစ်ခုသုံးခုရနိုင်မှ ပြေလည်နိုင် မယ်၊ ရေးရေးပေါ်နိုင်မယ့်ကိစ္စပါ'' ဟု NLD နာယကက NLD တိုင်း၊ ခရိုင်၊ မြို့နယ်များ၊ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားသည်။
မြန်မာလူမျိုးများအနေဖြင့် အပြောင်းအလဲလိုချင်ကြသည့် သဘောဆန္ဒ သည်သဘာဝကျပြီး အခွင့်အရေးကောင်းများရလာသည့်အခါ အလျင်အမြန် အပြောင်းအလဲဖြစ်ချင်ကြ ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သည့်စကားအရ လွတ်လပ်ရေးရပြီဆိုပြီး ပဒေသာပင်မြေကြီးက ပေါက်လာမည်ဆိုတာမဟုတ်ဘူးဆိုသည့်အတိုင်းပင်ဖြစ်ကြောင်းတွေ့ရမည့် အရှုပ်အထွေးများကို ပြဲနေအောင်ကုန်းပြီးကျုံးပြီးလုပ်မှ တန်ကာကျမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ယခုလုပ်ဆောင် ချက်များကို ရှင်းလင်းပြောကြားသည်။
''ငြိမ်းချမ်းရေးရဖို့ ဘယ်လောက်လုပ်ရမယ်ဆိုတာ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ ငြိမ်းချမ်းရေးရ အောင် ကြိုးပမ်းနိုင်မှသာ ရှေ့ဆက်တည် ငြိမ်မယ်ဆိုတာ အားလုံးသဘောပေါက်တယ်။ အဲဒီကိစ္စဖြေရှင်းရာမှာ တော်တော်လုံးပန်းရတယ်။ လုံးပန်းသလို အကောင်အထည်ပေါ်လာတယ်။ နဂိုမူလတုန်းက ဒီလိုကိစ္စမျိုးကို ငါတို့လုပ်မှပြီးမယ်ဆိုတဲ့ လူတွေဟာ အဖွဲ့အမျိုးမျိုးဖွဲ့ပြီး လုပ်သွားတာပဲ။ ဒါပေမဲ့ အကောင်အထည်ပေါ်လာ အောင် ခြေလှမ်းလှမ်းနိုင်အောင်ဆိုတဲ့ ပုံစံမပေါ်ဘဲနဲ့ ပြဿနာဟာ အခုဒေါ်စုဖြေရှင်းရတဲ့ဆီ ရောက်လာတယ်။ အခြေခံကစပြီး သူ့ဖခင်လက်ထက်က လုပ်ခဲ့တဲ့ပုံစံအပေါ် မှာ ၂၁ ရာစုနဲ့ကိုက်ညီတဲ့ အခြေအနေမျိုးဖြစ်အောင် လုံးပန်းနေရတာဖြစ်တယ်။ နည်းတဲ့အလုပ်ကြီး မဟုတ်ဘူး။ တစစီ ဆွဲထုတ်ပြီး သူလုပ်နေရတာ''ဟု ဦးတင်ဦး က ဆက်လက်ပြောကြားသည်။
ယင်းအပြင် ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ဘာသာရေးကိစ္စကို တည်ငြိမ်အောင်ကြိုးပမ်းလျက်ရှိပြီး အဖွဲ့အစည်း တခုဖွဲ့ထားကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအားလုံး မှန်ကန်တိကျတရား မျှတမှုရှိသည့်အသိနှင့် အဖွဲ့အစည်း၏လုပ်ဆောင်ထားမှုအားလုံးကို ကမ္ဘာအသိဖြစ်ရန် ဖိတ်ခေါ်သင့်ဖိတ်ခေါ်ထိုက်သည့်ပုဂ္ဂိုလ်များ လာရောက်သည်ကိုလည်း လက်ခံခဲ့ကြောင်း၊ နိုင်ငံတနိုင်ငံက ခေါင်းဆောင်ဆိုသူက မိမိကိုယ်ရေးကိုယ်တာကိုကြည့်ပြီး မြန်မာနိုင်ငံအစိုးရအပေါ် မဟုတ်မမှန် စကား ပြောကြားတာတွေရှိကြောင်း၊ ယင်းပြဿနာများကြားထဲမှ တခုပြီးတခု သိသာမြင်သာထင်သာစွာ လက်ခံပြီးဖြေရှင်းနေသည့်အတွက် ကိစ္စရပ်များနောက်ဆုံးကောင်းမွန်သည့်လက္ခဏာဆောင်သွားနိုင်မည့် အခြေအနေမျိုးကို တွေ့မြင်နေရကြောင်း၊ ယင်းကိစ္စများကို အချိန်ယူဖြေရှင်းရမည်ဖြစ်၍ ယခုလာမည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲသည် လာမည့် ဒုတိယ အကြိမ် ၂၀၂၀ သက်တမ်းအတွက် ရှေ့ပြေးခြေတလှမ်းပင်ဖြစ်ကြောင်း NLD နာယကက နိဂုံးချုပ်စကားပြောကြားသည်။
နေနိုင်သူ
News Watch
Saturday, February 25, 2017
အရှုပ်ပုံကြီးကို တစစီကောက်ရှင်းနေရ၍ အချိန်များစွာယူရမည်ဟု NLD နာယက ဦးတင်ဦးပြောကြား
အရှုပ်ပုံကြီးကို တစစီကောက်ရှင်းနေရ၍ အချိန်များစွာယူရမည်ဟု NLD နာယက ဦးတင်ဦးပြောကြား
Reviewed by Ar Ti
on
8:29 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment