Latest News

Monday, February 27, 2017

ရွှေတိဂုံဘုရားပေါ် ပျံသန်းသည့် Drone များ ပစ်ချထိန်းချုပ်မှုကို အရှိန်မြှင့် ဆောင်ရွက်မည်

ရွှေတိဂုံဘုရားပေါ် ပျံသန်းသည့် Drone များ ပစ်ချထိန်းချုပ်မှုကို အရှိန်မြှင့် ဆောင်ရွက်မည်


ရွှေတိုဂုံဘုရားပရိဝိုဏ် အတွင်း လာရောက်ပျံသန်းသော မည်သည့် Drone မဆို ဘုရားလုံခြုံရေးအတွက် Anti-7 Drone ဖြင့် ပစ်ချဖျက်ဆီးမှုကို အရှိန်မြှင့် လုပ်ဆောင်မည် ဖြစ်ကြောင်း အမှတ်(၂) လုံခြုံရေးနှင့်ကွပ်ကဲရေးမှူး ရဲမှူးချုပ် ကျော်ဝင်းက ဆိုသည်။

“အပျော်သဘောပဲလွှတ်လွှတ် ဘုရားလုံခြုံရေးပိုင်းအတွက် ပစ်ချတာတွေ ပိုလုပ်မယ်။ Anti–Drone ရဲ့ သဘောက ပစ်လိုက်ရင် ပျံနေတဲ့ လေယာဉ်ကို အောက်ကို ဆွဲချယူပေးတယ်။ တစ်ခါတည်း လေပေါ်မှာ ဖျက်ဆီးပစ်တာမျိုး မဟုတ်ပါဘူး။ အခု သုံးစီး ဖမ်းမိတယ်၊ အားလုံး အကောင်းအတိုင်း သိမ်းဆည်းရရှိထားတယ်” ဟု ၎င်းက ဆိုသည်။

ထို့သို့ မသင်္ကာသည့် Drone များ ပစ်ချဖမ်းဆီးခြင်း လုပ်ငန်းကို ဖေဖော်ဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်တွင် နှစ်စီးဆက်တိုက် ထိန်းသိမ်းနိုင်ခဲ့ပြီး ယခင်နှစ် ဒီဇင်ဘာလက မောင်းသူမဲ့ လေယာဉ်တစ်စီးကို ပထမဆုံး ပစ်ချဖမ်းဆီးခဲ့သည်။

ရွှေတိဂုံဘုရားအနီးတွင် မောင်းသူမဲ့ လေယာဉ်များ မလွှတ်တင်ရန် သတိပေးခြင်း ပြုလုပ်ခဲ့သော်လည်း လိုက်နာမှု မရှိသည့် Drone ဆယ်စီးခန့်ကို ဘုရားဂေါပကအဖွဲ့က သိမ်းဆည်းခဲ့ဖူးကြောင်း၊ ယင်းနောက် ယခင်နှစ် နိုဝင်ဘာလတွင် အရှိန်မြှင့် ဖမ်းဆီးနိုင်ရန် အစ္စရေးနိုင်ငံ နည်းပညာဖြင့် ထုတ်လုပ်ထားသော Anti -7 Drone ကို ဒေါ်လာနှစ်သောင်းခွဲဖြင့် စတင်ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အားသာချက် အများကြီး ရှိပါတယ်။ ကျွမ်းကျင်ပညာရှင်နဲ့ စောင့်ကြည့်တယ်။ ဘုရားနဲ့ ပတ်သက်တဲ့ အဖျက်အမှောင့်မျိုး မရှိလာအောင် ကိုယ့်ဘက်က ကြိုတင် ပြင်ဆင်ဆောင်ရွက်နေတာပါ။ ဖျက်ဆီးသင့်တာ ဖျက်ဆီးသွားမယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရား စေတီများတွင် Drone လွှတ်တင်မှုကို Anti – Drone ဖြင့် ပစ်ချထိန်းသိမ်းသော အစီအစဉ်ကို ရွှေတိဂုံဘုရားတွင် စတင်လုပ်ဆောင်ခြင်း ဖြစ်ပြီး အဆိုပါ Drone ၏ နည်းပညာ အရည်အသွေး ပိုင်းနှင့် ပတ်သက်ပြီး ပြောကြားရန် အဆင်မပြေကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

The Voice

No comments:

Post a Comment