Latest News

Monday, February 27, 2017

မြင်သာထင်ရှားပေမယ့် မည်းနက်နေဆဲ လက်များ

မြင်သာထင်ရှားပေမယ့် မည်းနက်နေဆဲ လက်များ


မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန်ရဲ့ အဖေတူ အမေကွဲ အကို ကင်ဂျုံနမ်ဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လုပ်ကြံ သတ်ဖြတ်ခံလိုက်ရပါတယ်။ စီစီတီဗွီကင်မရာတွေ တပ်ဆင်ထားတဲ့အတွက် အမျိုးသမီး တယောက်က သူ့နောက်ကနေ အဝတ်တခုနဲ့ ခေါင်းကိုအုပ်လိုက်တာ တွေ့လိုက်ရပါတယ်။ နောက်အမျိုးသမီးတယောက်ကလည်း အဲဒီအချိန်မှာပဲ ကင်ဂျုံနမ် ထိုင်နေတဲ့နေရာကို လျှောက်လာတာကို တွေ့ရပြီးနောက်တော့ သူတို့နှစ်ယောက် အဲဒီ လေဆိပ်ခန်းမထဲက လျှောက်ထွက်သွားကြတာကို တွေ့လိုက်ရပါတယ်။ ဒါပေမယ့် မလေးရှားပုလိပ်တပ်ဖွဲ့က အဲဒီ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အမျိုးသမီး ၂ ယောက်ကို ချက်ချင်းလိုလိုပဲ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မလေးရှားပုလိပ်အဖွဲ့ရဲ့ အလွန်မြန်ဆန်သွက်လက်သလို တိကျတဲ့ တုံ့ပြန် ဆောင်ရွက်မှုလို့ ပြောရမှာပါပဲ။

မလေးရှားပုလိပ်တပ်ဖွဲ့ ကြီးကြပ်ရေးမှူးချုပ် ခါလစ်အဘူဘိတ်ခါက သတင်းစာ ရှင်းလင်းပွဲတခုမှာ ကွာလာလမ်ပူလေဆိပ်မှာ ၁၃ ရက်နေ့က ကင်ဂျုံနမ် လုပ်ကြံ သတ်ဖြတ်ခံရမှု နောက်ကွယ်မှာ မြောက်ကိုရီးယား အစိုးရ ရှိနေတယ်လို့ အတည်မပြုနိုင် သေးတဲ့အကြောင်း ပြောဆိုခဲ့ပေမယ့် မြောက်ကိုရီးယားလူမျိုးတွေ ပါဝင်ပတ်သက်နေတာ ကတော့ ရှင်းပါတယ်လို့ ပြောကြားခဲ့တယ်လို့ အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဘိတ်ခါကပဲ ဒီလုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တယ်လို့ ယူဆရတဲ့ သံသယရှိသူ မြောက်ကိုရီးယား ၄ ယောက်ဟာ အဲဒီနေ့မှာပဲ ထွက်ပြေးသွားခဲ့ပြီး သူတို့နိုင်ငံကို ပြန်ရောက်သွားခဲ့ပြီလို့လည်း ပြောကြားခဲ့ပါတယ်။

သံသယရှိသူ မြောက်ကိုရီးယား တယောက်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးက ဒုတိယ အတွင်းဝန်တယောက် အပါအဝင် သံသယရှိသူ ၃ ယောက်ကတော့ မလေးရှားနိုင်ငံထဲမှာပဲ လွတ်မြောက်နေကြဆဲ ဖြစ်တယ်လို့လည်း အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မလေးရှားပုလိပ်တပ်ဖွဲ့ရဲ့ အဆိုအရ ဒီလုပ်ကြံသတ်ဖြတ်မှုမှာ ဖမ်းဆီးထားတဲ့ သံသယရှိသူ အမျိုးသမီး ၂ ယောက်ဟာ သူတို့လုပ်ကြံရမယ့်သူရဲ့မျက်နှာကို အဆိပ်ရည်နဲ့သုတ်ပြီး သူတို့လက်တွေကို ဆေးကြောသန့်စင်ပစ်ဖို့ လေ့ကျင့်ပေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မလေးရှားပုလိပ်တပ်ဖွဲ့ရဲ့ လျင်မြန်တဲ့ လှုပ်ရှားဆောင်ရွက်မှုကြောင့် လုပ်ကြံ သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ ဗီယက်နမ်အမျိုးသမီး တယောာက်၊ အင်ဒိုနီးရှား အမျိုးသမီးတယောက်နဲ့ မလေးရှားနိုင်ငံသား အမျိုးသားတယောက်ကို ဖမ်းဆီးထားနိုင်ခဲ့ပြီး အဲဒီ လုပ်ကြံသတ်ဖြတ်တဲ့နေ့မှာပဲ နိုင်ငံထဲက ထွက်ပြေးသွားတယ်လို့ ယူဆရတဲ့ မြောက်ကိုရီးယား ၄ ယောက်ကိုတော့ ပုလိပ်အဖွဲ့က လိုက်လံရှာဖွေနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တော့ မြောက်ကိုရီးယားအစိုးရရဲ့လက်စလက်နတွေကို သိထားတဲ့ မလေးရှားပုလိပ်တပ်ဖွဲ့က အတိအလင်း စွပ်စွဲပြောဆိုတာ မလုပ်ပေမယ့် ဒီလုပ်ကြံ သတ်ဖြတ်မှုမှာ မြောက်ကိုရီးယား အစိုးရ ပါဝင်ပတ်သက်နေတယ်လို့ သံသယ အခိုင်အမာ ရှိထားပြီး ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ကင်ဂျုံနမ်ဟာ မြောက်ကိုရီးယားနိုင်ငံ သမ္မတ ကင်ဂျုံအန်ရဲ့ အဖေတူ အမေကွဲ အကိုတော်စပ်သူဖြစ်ပြီး တရုတ်နိုင်ငံ ပိုင်နက်ဖြစ်တဲ့ မကာအိုမှာ ဘေဂျင်းက တရုတ်အာဏာပိုင်တွေရဲ့ အကာအကွယ်ပေးမှုနဲ့ နေထိုင်နေသူ ဖြစ်ပါတယ်။ လုပ်ကြံသတ်ဖြတ်ခံရတဲ့အချိန်မှာ ကင်ဂျုံနမ်ဟာ မကာအိုကို ပြန်ဖို့ မလေးရှားနိုင်ငံ နိုင်င့တကာလေဆိပ်ရဲ့ ထွက်ခွာခန်းမထဲမှာ စောင့်ဆိုင်းနေတဲ့အချိန် ဖြစ်ပါတယ်။ ပြောရရင်တော့ ကင်ဂျုံနမ် ဒီနေ့ ဒီအချိန်မှာ မလေးရှားက မကာအိုကို ပြန်မယ်။ ဘယ်အချိန် လေဆိပ်ထွက်ခွာခန်းမထဲမှာ ရှိနေမယ်ဆိုတဲ့ အချက်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ တာဝန်ပေးခံရတဲ့ အမျိုးသမီး ၂ ယောက်စလုံးက သိရှိထားပြီးဖြစ်တာ သေချာပါတယ်။ လုပ်ကြံသတ်ဖြတ်ရတဲ့ အကြောင်းကိုတော့ အတိအကျ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

တကယ်တော့ ကင်ဂျုံနမ်ဟာ မြောက်ကိုရီးယား အာဏာရှင်ဟောင်းဖြစ်တဲ့ ကင်ဂျုံအီရဲ့ အကြီးဆုံးသားဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံရဲ့ နောက်ခေါင်းဆောင် နေရာအတွက် လက်သပ်မွေးခံခဲ့ရသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၁ ခုနှစ်မှာ ဂျပန်နိုင်ငံကို ဒိုမီနီကန် ပတ်စ်ပို့အတုနဲ့ ဝင်ရောက်ဖို့ ကြိုးစားမှုမှာ အဖမ်းခံခဲ့ရတဲ့အတွက် သူ့ဖခင် အာဏာရှင်ကို အရှက်ရစေခဲ့အပြီးမှာတော့ သူ့ရဲ့ကံကြမ္မာဟာ မှေးမှိန်လာခဲ့ပြီး သူ့ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံရမယ့်အဖြစ်က လွဲသွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ညီ အခု မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအန် သမ္မတ ဖြစ်လာပြီးချိန်မှာတော့ သူဟာ အခုလိုပဲ တရုတ်အစိုးရရဲ့ အစောင့်အရှောက်နဲ့ နိုင်ငံရပ်ခြားမှာ နေထိုင်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ နေထိုင်ပုံစရိုက်သဘာဝက ပျော်ပါးသုံးဖြုန်းနေတတ်တယ်လို့ သိထားကြတဲ့အတွက် နိုင်ငံရေးနဲ့ ဆက်စပ်မှု ရှိ၊ မရှိ ပြောဖို့ခက်ပါတယ်။ ၂၀၁၂ ခုနှစ်က ဂျပန် အဆာဟိ တီဗွီကို ဖြေကြားရာမှာတော့ သူဟာ မြောက်ကိုရီယားနိုင်င်ငံခေါင်းဆောင် မဖြစ်ချင်ပါဘူးလို့ ပြောဆိုခဲ့သလို မြောက်ကိုရီးယားနိုင်ငံသားတွေရဲ့ ဘဝတွေ အောင်မြင်ကြီးပွားရေးအတွက် ကျနော့်ညီက အကောင်းဆုံး လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမယ့် သူက အရိုက်အရာ ဆက်ခံတယ် ဆိုတာဟာ ရယ်စရာတခုဖြစ်ပြီး ကင်ဂျုံအန်းရဲ့အစိုးရဟာ ကြာရှည်ခံမှာ မဟုတ်ပါဘူး။

ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဘဲကတော့ မြောက်ကိုရီးယားဟာ ပြိုကွဲမှာပဲ။ အဲဒီလို ပြောင်းလဲမှုတွေ ဖြစ်လာပြီဆိုရင်လည်း အစိုးရပြိုကွဲမှာပဲလို့ သူ့ကို အင်တာဗျူး လုပ်ထားတာတွေကို အခြေခံရေးထားတယ် ဆိုတဲ့ အငြင်းပွားစရာ စာအုပ်ထဲမှာ ရေးထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအပြောအဆိုတွေအရတော့သူ့ကို လုပ်ကြံ သတ်ဖြတ်တာဟာ နိုင်ငံရေးနဲ့ ပတ်သက်နိုင်တယ်လို့ ယူဆလို့လည်း ရနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ပါစေ၊ မြောက်ကိုရီးယားနိုင်ငံကတော့ ဗမာစကားအရ ‘မပြေးသော် ကန်ရာရှိ’ ဆိုသလို အရင်ကတည်းက သူနဲ့ ရန်ဘက်တွေကို မြန်မာပြည် အပါအဝုင် တခြား နိုင်ငံရပ်ခြားမှာ လုပ်ကြံသတ်ဖြတ်တာတွေနဲ့ ပြည်တွင်းမှာ သူ့ကို (ကင်ဂျုံအန်း) အာဏာရအောင် စွမ်းဆောင်ကူညီပေးခဲ့တဲ့ သူ့ဦးလေး တော်သူကို ပြဿနာရှာပြီး သတ်ဖြတ်လိုက်တာ။ သူ့ရဲ့ရည်းစားဟောင်းကို အပြစ်ရှာပြီး သတ်ဖြတ်ပစ်ခဲ့တာတွေလည်း အထင်အရှားရှိခဲ့တဲ့အတွက် ဖြစ်လိုက်တာနဲ့ ဒါ ဘယ်သူ့လက်ချက်ဆိုတာ တန်းပြောနိုင်လောက်အောင် သေချာတယ်ဆိုတဲ့ အဖြစ်မျိုး နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေက နားလည်ထားခဲ့တာကို နိုင်ငံရေး မျက်ခြည်မပြတ်သူတွေ သိရှိပြီး ဖြစ်ပါလိမ့်မယ်။

အဲဒီလိုအခြေအနေကိုလည်း မလေးရှားထောက်လှမ်းရေးနဲ့ ပုလိပ်တပ်ဖွဲ့က သိပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ ကွာလာလမ်ပူ လေဆိပ်ကြီးထဲမှာ လုပ်ကြံသတ်ဖြတ်သွားတဲ့ အမျိုးသမီး ၂ ယောက်ကို ချက်ချင်းလိုလို ဘယ်သူ့အကူအညီမှ မပါဘဲ (မြန်မာနိုင်ငံလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ရှေ့နေဦးကိုနီ အမှုလို အငှားကား ယာဉ်မောင်းတွေက ဝင်ပြီး ကူဖမ်းပေးရတာမျိုး မရှိဘဲ အင်မတန် အင်အားပြင်းတဲ့ အဆိပ်ကို အသုံးပြုသွားခဲ့တဲ့ လုပ်ကြံသတ်ဖြတ်သူတွေ) အချိန်တိုအတွင်း ဖမ်းဆီးနိုင်ခဲ့တာ ဆက်စပ် သံသယယဖြစ်ထားတဲ့ သံရုံးအတွင်းဝန်က စပြီး တခြား ဆက်စပ်ပတ်သက်နေသူတွေလို့ ယူဆရသူတွေကို ဖမ်းဆီးနိုင်ခဲ့တာကိုတော့ ချီးကျူးရမှာပဲ ဖြစ်ပါတယ်။

မလေးရှားပုလိပ်တပ်ဖွဲ့က တကယ့် လက်သည်တရားခံကို ဆက်ပြီး ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားနေတာတွေကတော့ ဘယ်လိုအခြေအနေရှိနေပြီ ဆိုတာ ပြောဖို့ မလွယ်သေးပါဘူး။

ဒါပေမယ့် တကယ်လို့ ခါတိုင်းလိုပဲ မြောက်ကိုရီးယားအစိုးရက ပါဝင်ပတ်သက်နေတဲ့ သတ်မိန့်ဟာ အပေါ်ဆုံးကလာပြီး ဒါကို မြောက်ကိုရီးယားစပိုင်အဖွဲ့က စီစဉ်တာ ဖြစ်တယ် ဆိုရင်တော့ မလေးရှားပုလိပ်တပ်ဖွဲ့ ဘယ်လောက်ပဲ စွမ်းပါစေ။ တကယ့်လက်သည် တရားခံကို ဖော်ထုတ် တရားဥပဒေအရ အရေးယူနိုင်ပါ့မလား။ လုပ်ကြံသတ်ဖြတ်ဖို့ တာဝန်ပေး စေခိုင်းခံခဲ့ရတဲ့ လက်ရောက်ကျူးလွန်သူတွေကိုပဲ အရေးယူအပြစ်ပေးနိုင်မှာလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါပဲ။ ဒါပေမယ့် ပုလိပ်တပ်ဖွဲ့က သူ့ရဲ့ လုပ်ပိုင်ခွင့် အပြည့်အဝကို အသုံးချ နိုင်ငံတကာပုလိပ်တပ်ဖွဲ့နဲ့ တခြား ထောက်လှမ်းရေးအဖွဲ့တွေရဲ့ အကူအညီကို ရယူပြီး လက်သည်ကျူးလွန်သူကို ရှာဖွေနိုင်မယ်ဆိုရင်တော့ တနေ့မှာ နောက်ကွယ်က တကယ့်လက်မည်းကြီးကို ဖမ်းဆီးအပြစ်ပေးနိုင်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် နိုင်ငံတနိုင်ငံရဲ့ အာဏာရှိအစိုးရ ကိုယ်တိုင်က ကျူးလွန်တဲ့ပြစ်မှုတွေကို အရေးယူဖို့ ဆိုတာကလည်း အခြားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်မစွက်ရေးဆိုတဲ့ စည်းက ရှိနေပြန်တော့ ကျနော်တို့နိုင်ငံက စစ်အစိုးရအဆက်ဆက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားအဖြစ်ကို ဆန့်ကျင်ကျူးလွန်တဲ့ ပြစ်မှုတွေကို ခုချိန်ထိ ဘာမှ အရေးယူ အပြစ်ပေးနိုင်တာ မရှိခဲ့သလိုပဲ ဖြစ်သွားဖို့က များပါတယ်။ ကင်ဂျုံနမ်း သေတာပဲ အဖြစ်မှန်အဖြစ် ကျန်ရစ်ခဲ့မယ်လို့ ယူဆရပါတယ်။

ခု ကျနော် ဒီဆောင်းပါးကို ရေးနေတဲ့အချိန်မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး ဦးကိုနီကို မင်္ဂလာဒုံလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကိစ္စမှာ တကယ့်လက်ရောက်ကျူးလွန်သူကို ဖမ်းမိခဲ့ပေမယ့် သူ့ကို စေခိုင်းသူ အဆက်ဆက်ကို ဖော်ထုတ်ရာမှာတော့ ဘာမှ ရေရေရာရာမရှိ၊ မသိရဘဲ  ခု နောက်ဆုံး ဖမ်းမိခဲ့တဲ့ ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်းတယောက်က သူ့ရဲ့ ပုဂ္ဂိုလ်ရေး အစွန်းရောက် အမျိုးသားရေးစိတ်ဓာတ်ကြောင့် သတ်ဖြတ်လိုက်တာ ဖြစ်တယ်၊ အခု လွတ်မြောက်နေဆဲ ဖြစ်တဲ့ ငွေပေးစေခိုင်းသူ ဒုဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်ကို မမိသေးတဲ့အတွက် အမှုကိစ္စကို အဆုံးသတ် ကောက်ချက်ချလို့ မရနိုင်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထဲရေဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ ရဲချုပ်တို့က ရှင်းလင်း ပြောကြားသွားတဲ့အတွက် ပွဲကတော့ ပြီးသွားပြီလို့ ယူဆရပါတယ်။ လွတ်မြောက်နေတယ်လို့ ပြောတဲ့ ဒုတိယ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ကတော့ ခုချိန်မှာ အသက်ပျောက်လောက်ပြီလို့ ကျနော် ထင်ပါတယ် (ဒါက ကျနော့်အထင်ပါ)။

ကင်ဂျုံနမ် လုပ်ကြံသတ်ဖြတ်ခံရမှုရော ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုပါ အဖြေကတော့ အစိုးရကိုယ်တိုင်က ကျူးလွန်တဲ့ အမှုတွေလို့ ယူဆရတဲ့အတွက် ဒီလိုနဲ့ပဲ ပြီးသွားမယ်လို့ ယူဆရပါကြောင်း။      ။

စိုးနေလင်း

DVB

No comments:

Post a Comment