Latest News

Saturday, February 25, 2017

နိုင်ငံရေးဆွေးနွေးပွဲသည်သာ ငြိမ်းချမ်းရေး၏ ထွက်ပေါက်

နိုင်ငံရေးဆွေးနွေးပွဲသည်သာ ငြိမ်းချမ်းရေး၏ ထွက်ပေါက်

ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရေးတို့ကို ဗျူဟာမြောက်ဖော်ဆောင်နိုင်မည့် တစ်ကြောင်းတည်းသောလမ်းသည် တန်းတူရည်တူရှိသော နိုင်ငံရေးစားပွဲဝိုင်း တွေ့ဆုံဆွေးနွေးပွဲများပင် ဖြစ်သည်။ ငြိမ်းချမ်းရေးခရီးရှည်တွင် မည်မျှကြီးမား၊ နက်ရှိုင်းသည့် အကျပ်အတည်း၊ စိန်ခေါ်မှုများနှင့် ကြုံလာရသည်ဖြစ်စေ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာသည့်နည်းနာကို မျက်ကွယ်မပြုသရွေ့ သဘောတူညီမှုသည် လက်တစ်ကမ်းတွင်ရှိနေမည် ဖြစ်သည်။ သို့ဖြစ်၍အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားပါတီများ အပါအ၀င် နိုင်ငံရေးပါတီများအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို အကြွင်းမဲ့မျက်ခြည် မပြတ်ရန် ပဓာနကျမည် ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းမရှိသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ) ၀င်အဖွဲ့အစည်းများသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ တည်ထောင်ရန်၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ် ဆုံးဖြတ်အတည်ပြုရာ၌ ပါဝင်ရန်နှင့် ၂၁ ရာစု ပင်လုံညီလာခံသို့ ပါဝင်တက်ရောက်ရန်တို့အတွက် အောက်ပါအချက်များကို သဘောတူညီကြသည်ဟု နိဒါန်းအစချီခဲ့သည်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ) သည် အချက်ကိုးချက်ကို အဆိုပြုထားပြီး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့လင့်ကစား၊ သဘောတူညီမှုရရှိရန် အလှမ်းကွာဝေးကာ၊ သောင်မတင်ရေမကျ အခင်းအကျင်းတွင် ပိတ်မိနေဆဲဖြစ်သည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစု ပင်လုံတက်ရောက်နိုင်ရေးတို့တွင် အဆိုပြုချက် (၈) ချက်ကို ညှိနှိုင်းသဘောတူညီမှု ရရှိနိုင်ရေးသည် သော့ချက်ကျမည်ဖြစ်သည်။ အဆိုပြုချက် (၈) ချက်စလုံးကို တစ်လုံးတစ်ပါဒမလွဲ တင်းပြည့်ကျပ်ပြည့်သဘော တူညီမှုရရှိရမည်ဟု ယူအင်န်အက်ဖ်စီအနေဖြင့်  သဘောထားပေးခြင်း မရှိပေ။ သဘောတူ ညီမှုရရှိသည်အထိ ညှိနှိုင်းဆွေးနွေးအဖြေရှာရေးကိုသာ ယူအင်န်အက်ဖ်စီက ဦးစားပေးလိုသည့် သဘောပင်ဖြစ်သည်။ အစိုးရအနေဖြင့်လည်း တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းနာကို ဆုပ်ကိုင်ထားသည့် အလျောက်စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးနိုင်လေလေ ကောင်းလေလေဖြစ်သည်ဟု သုံးသပ်မိသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ) က ပြည်တွင်းစစ်သည် နိုင်ငံရေးပြဿနာအပေါ် အခြေခံသဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ညှိနှိုင်းအဖြေရှာရမည်ဟု အစဉ်လက်ကိုင်ပြုထားပြီး၊ ပြည်တွင်းစစ် အပြီးတိုင်ချုပ်ငြိမ်း၍ စစ်မှန်သော ငြိမ်းချမ်းရေးဖော်ဆောင်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်မှသာ ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်မည်ဟု တထစ်ချယုံကြည်ထားပါကြောင်း ထုတ်ပြန်ခဲ့သည်မှာလည်း နိုင်ငံရေးနည်းလမ်းအရ ညှိနှိုင်းအဖြေရှာလျက် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန် ယုံကြည်မှုအပြည့်ရှိပါကြောင်း သက်သေပြုလျက်ရှိသည်။

အထက်ဖော်ပြပါ အချက်များကို နှစ်ဖက်ညှိနှိုင်းဆွေးနွေး၊ သဘောတူညီမှုရရှိပြီးသည် နှင့်တစ်ပြိုင်နက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အင်န်စီအေ) ကို လက်မှတ်ရေးထိုးရန်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ) ၏ အဆိုပြုချက် အမှတ်စဉ် (၉)တွင် အတိအလင်း ဖော်ပြထားသည်။ ယူအင်န်အက်ဖ်စီသည် အမှတ်စဉ် (၁) မှ အမှတ်စဉ် (၈) အထိ အဆိုပြုချက်များကို သဘောတူညီမှု ရရှိသည်အထိ ညှိနှိုင်းဆွေးနွေးရန်၊ သဘောတူညီမှုရရှိပြီးပါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိသာမြင်သာသည်။ သို့ဖြစ်၍ အစိုးရနှင့် တပ်မတော်အနေဖြင့် ယူအင်န်အက်ဖ်စီက အဆိုပြုသည့် အချက် (၈) ချက်ကို အလွတ်သဘောနှင့် အလုပ်သဘောဆွေးနွေးပွဲ များမှတစ်ဆင့် သဘောတူညီချက်များ ဆောလျင်စွာရရှိနိုင်ရေး စိုင်းပြင်းသင့်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ရေးသည် ပထမဆုံးအဆိုပြုသည့် အချက်ဖြစ်သည်။ အစိုးရနှင့်တပ်မတော်သည် ဤသဘောတူညီချက်ရရှိပြီး (၂၄) နာရီအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ရမည်ဖြစ်ပြီး၊ ယူအင်န်အက်ဖ်စီ အဖွဲ့ဝင်များက အပစ်အခတ်ရပ်စဲရေးကို (၄၈) နာရီအတွင်း အသီးသီးထုတ်ပြန်သွားမည်ဟု အဆိုပြုထားသည်။ ပြည်တွင်းငြိမ်းချမ်းရေးကို အပစ်အခတ် ရပ်စဲရေး၊ ထိုးစစ်များ ရပ်ဆိုင်းရေးတို့နှင့် ခြေလှမ်းစနိုင်မည်ဆိုလျှင် ထိရောက်အလုပ်ဖြစ်နိုင်ခြေရှိသည်။ အပစ်အခတ်ရပ်စဲရေးကို အမြော်အမြင်ရှိရှိ ကမကထပြု၊ လမ်းဖောက်ရာတွင် အစိုးရနှင့် တပ်မတော်သည် အက္ခရာကျမည် ဖြစ်သည်။

လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အာမခံချက် အပြည့်အ၀ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားရေးသည် ဒုတိယအဆိုပြုချက် ဖြစ်သည်။ တိုင်းရင်းသား လူမျိုးစုများအကြား ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ လွှမ်းခြုံကိန်းအောင်းနေသော စိတ်ဓာတ်သည် ပင်လုံစိတ်ဓာတ် ဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို ထူထောင်မည့် စိတ်ဓာတ်သည် ပင်လုံစိတ်ဓာတ် သို့မဟုတ် ပြည်ထောင်စုစိတ်ဓာတ်ပင် ဖြစ်သည်ဟု ကောက်ချက်ပြုနိုင်သည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အဆင့်ဆင့်တွင် အားလုံးပါဝင်ရေးမူကို လက်တွေ့ကျကျ ဖော်ဆောင်ရေးဟူသည့် တတိယမြောက် အဆိုပြုချက်သည် လက်ငင်းအကျပ်အတည်းနှင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးတွင် အလွန်အမင်း အရေးပါသည်။ ယင်းအဆိုပြုချက်ကို နှစ်ဖက်ညှိနှိုင်း သဘောတူညီမှုရယူရေးတွင် အခက်အခဲမရှိနိုင်ဟု ယုံကြည်မိသည်။ တိုင်းရင်းသားလူမျိုးစုများနှင့် ပြည်သူလူထုကို ကိုယ်စားပြုနိုင်သူ များလေလေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှု မြင့်မားလေလေပင် ဖြစ်သည်။ အားလုံးပါဝင်ရေးသည် မဖြစ်နိုင်သော၊ လက်တွေ့မကျသော၊ လုပ်မရနိုင်သော အဆိုပြုချက်ဟု ရှုမြင်နေဦးမည်ဆိုလျှင် ပြည်တွင်းစစ်မီးသည် တငွေ့ငွေ့ လောင်မြိုက်နေဦးမည်သာ ဖြစ်သည်။ အားလုံးပါဝင်၊ ညှိနှိုင်းဆွေးနွေး၊ သဘောတူညီမှုဖြင့်သာ စစ်ပွဲများရပ်ဆိုင်းနိုင်၊ သေနတ်သံများ ဆိတ်သုဉ်းနိုင်မည် ဖြစ်သည်။

၂၁ - ရာစု ပင်လုံညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအ၀င် ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းရေးသည် စတုတ္ထအချက် ဖြစ်သည်။ ၂၁ - ရာစု ပင်လုံညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲ၊ အတည်ပြုရန်ဟု အစိုးရ၏ပြည်ထောင်စု ငြိမ်းချမ်းရေးမူဝါဒနှင့် တစ်ထပ်တည်းနီးပါးဖြစ်သည်ဟု ဆိုနိုင်သည်။ နံပါတ် (၅) အချက်ဖြစ်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဆိုင်ရာ မူဘောင်အပါအ၀င် နှစ်ဖက်လိုက်နာရမည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ တပ်ပိုင်းဆိုင်ရာကျင့်ဝတ် (CoC) နှင့် စောင့်ကြည့်ရေး လုပ်ငန်းလမ်းညွှန် (ToR) နှင့် တပ်နေရာ ပြန်လည်နေရာချထားရေးတို့ကို ကြိုတင်သဘောတူညီမှု ရယူရန်ဆိုသည့် အချက်သည်လည်း နှစ်ဖက်ညှိနှိုင်း သဘောတူညီမှုရရှိရန် အလားအလာမြင့်မားသည်ဟု သုံးသပ်နိုင်သည်။

ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေးကို စဉ်ဆက်မပြတ် စောင့်ကြည့်၊ ထိန်းကျောင်းနိုင်ရေးသည် ပြည်တွင်းငြိမ်းချမ်းရေး၏ ၀ိညာဉ်ပင် ဖြစ်သည်။ နံပါတ်(၆) အချက်တွင် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီတစ်ရပ်ကို အစိုးရကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ အများယုံကြည်လေးစားသော ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းပြီး၊ ကြီးကြပ်စောင့်ကြည့်ရေး အဖွဲ့ကိုလည်း နှစ်ဖက်သဘောတူ လက်ခံနိုင်သည့် နိုင်ငံတကာ အစိုးရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသွားရေးဟု အဆိုပြုထားသည်။ ကြီးကြပ်စောင့်ကြည့်ရေးတွင် နိုင်ငံတကာ အစိုးရကိုယ်စားလှယ်များ ပါဝင်နိုင်မည်ဆိုလျှင် ပိုမိုလွတ်လပ်၊ ကြားနေသည့် အသွင်ကို ဆောင်နိုင်မည် ဖြစ်သည်။ နိုင်ငံတကာ အစိုးရကိုယ်စားလှယ်များကို ရွေးချယ်အဆိုပြုနိုင်ရေးတွင် နှစ်ဖက်သဘောတူ လက်ခံနိုင်သည်ဆိုသော အချက်နှင့်အညီ ညှိနှိုင်းဆောင်ရွက်နိုင်ရန် အလားအလာကောင်းများ ရှိနေသည်ဟု သုံးသပ်နိုင်သည်။

နံပါတ်(၇) အချက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) နှင့် ဤသဘောတူညီချက်ပါ လိုက်နာရမည့် တာဝန်များ၊ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ မပြေလည်မှု ပေါ်ပေါက်လျှင် ပြည်တွင်းနှင့် နိုင်ငံတကာမှ နှစ်ဖက်သဘောတူညီသော ဥပဒေပညာရှင်များနှင့် တရားသူကြီးများပါဝင်သော လွတ်လပ်သည့် ဖျန်ဖြေရေးကော်မရှင်၏ ဆုံးဖြတ်မှုခံယူရန်ဟု အဆိုပြုချက်နှင့် စပ်လျဉ်း၍ နှစ်ဖက်ညှိနှိုင်း၊ ဆွေးနွေးအဖြေရှာနိုင်ရန် သော့ချက်ကျမည် ဖြစ်သည်။ နံပါတ် (၆) အချက်နည်းတူ၊ နံပါတ် (၇) အချက်တွင်လည်း နိုင်ငံတကာပညာရှင်များ၏ ပါဝင်မှုကို ထည့်သွင်းစဉ်းစားရာ၌ နှစ်ဖက်သဘောတူညီသော ဆိုသည့်ဖော်ပြချက်သည် ညှိနှိုင်းသဘောတူ ညီမှုရရှိရန် လုံလောက်သည်ဟု ကောက်ချက်ဆွဲနိုင်သည်။ စောင့်ကြည့်ရေးနှင့် ဖျန်ဖြေရေးတို့တွင် နှစ်ဖက်သဘောတူညီသည့် နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် ပညာရှင်များပါ ၀င်လာနိုင်မည်ဆိုလျှင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် နိုင်ငံတကာ၏ ယုံကြည်မှု၊ အသိအမှတ်ပြုမှု ပိုမိုရရှိလာနိုင်ဖွယ် ရှိသည်။

နောက်ဆုံးအချက်ဖြစ်သည့် အပစ်ရပ်ဒေသအတွင်း ဒေသခံပြည်သူလူထုအပေါ်  အကျိုးသက်ရောက်မှု ကြီးမားသော စီမံကိန်းများကို ဖော်ဆောင်ရန်ရှိပါက သဘာဝသယံဇာတများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး အဖွဲ့ Extractive Industries Transpar ency Initiative – EITI ၏ လုပ်ထုံးလုပ်နည်းများအတိုင်း ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် သက်ဆိုင်ရာတိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းသဘောတူညီချက် ရယူ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန်အပြင် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီများကို ဤသဘောတူညီချက်အရ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ညှိနှိုင်းဆောင်ရွက်ရန်သည်လည်း နှစ်ဖက်ညှိနှိုင်း သဘောတူညီချက်ရယူရန် ခက်ခဲနိုင်ဖွယ်မရှိဟု ယုံကြည်မိသည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၂၃ ရက်မှ ၂၅ ရက်အထိကျင်းပခဲ့သော အရေးပေါ် အစည်းအဝေးအပြီးတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ) အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးမူဝါဒ (၇) ရပ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်မှုတွင် အပြုသဘောဆောင်ချဉ်းကပ်၍ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်ကိုကြည့်လျှင်ယူ အင်န်အက်ဖ်စီသည် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့်အစိုးရအဖွဲ့နှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း လယ်ပြင်မှာဆင်သွားသလို ထင်ရှားပြီး ဖြစ်သည်။

စစ်မှန်ပြီး၊ တိုင်းရင်းသားအားလုံး လက်ခံနိုင်သော၊ ပါဝင်သင့်ပါဝင်ထိုက်သည့် နိုင်ငံရေးပါတီ၊ အင်အားစုများ လက်ခံသဘောတူကာ ရေရှည်တည်တံ့ခိုင်မြဲသည့် အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ်ဖြစ်ရန် အရေးကြီးဆုံးဖြစ်ကြောင်း၊ ယနေ့လက်မှတ်ရေးထိုးပြီး နောက်တစ်နေ့တွင် ပြန်လည်ပစ်ခတ်သည့် စာချုပ်မျိုးမဖြစ်ရန်လိုကြောင်း၊ အချိန်ကာလသည် အရေးမကြီး စစ်မှန်မှုသာ အရေးကြီးဆုံးဖြစ်ကြောင်း၊ အစိုးရဖြစ်လာပါက တိုင်းရင်းသားများအား ဖြောင့်ဖြောင့်တန်းတန်း၊ ပွင့်ပွင်းလင်းလင်းဆက်ဆံမည်၊ ပေးသောကတိ တည်မည်၊ ကတိပျက်သည့် အဖွဲ့မျိုးမဖြစ်စေရဟု အာမခံကြောင်း၊ ငြိမ်းချမ်းရေးတွင် ပါဝင်သင့်သူများ ပါဝင်ရမည်၊ ပွင့်လင်းမြင်သာရမည်၊ နိုင်ငံအတွင်းရှိ ပြည်သူများအား ငြိမ်းချမ်းရေး ဆွေးနွေးမှုမည်သို့ရှိသည်၊ မည်သည့် အခြေအနေရောက်နေသည်၊ သိသင့်သိထိုက်သည်များကို သိနိုင်သော အခြေအနေမျိုး ဖန်တီးပေးရမည်ဖြစ်ကြောင်း ၂၀၁၅ ခုနှစ် စက်တင်ဘာလ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် စကားလုံးများသည် တိုင်းရင်းသား လူမျိုးစုများအကြား မျှော်လင့်ချက်များ၊ ကတိက၀တ်များအဖြစ် ရှင်သန်နေဆဲဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

ဒေါက်တာရန်မျိုးသိမ်း

Eleven Media Group

No comments:

Post a Comment