Latest News

Friday, February 10, 2017

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် ဖေဖော်ဝါရီ ၁ဝ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းမြင့်က ၄င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဖေဖော်ဝါရီ ၁ဝ ရက်ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပြည်ထောင်စု တိုင်းရင်းသားများအားလုံး ကာယသုခ စိတ္တသုခ နှစ်ဖြာသော သုခနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာဆုတောင်းအပ်ပါတယ်။

ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ် ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမှာ ဖြစ်ပါတယ်။ ဒါကြောင့် မဲဆန္ဒရှင် ပြည်သူလူထုအား ကျွန်တော်တို့အဖွဲ့ချုပ် ရဲ့ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ်များကို တင်ပြမှာဖြစ်ပါတယ်။
လေးစားအပ်တဲ့ မဲဆန္ဒရှင်မိဘပြည်သူများခင်ဗျား -

''အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည်''ဆိုတဲ့ ဒီမိုကရေစီရဲ့ အခြေခံမူအရ ဒီမိုကရေစီစနစ်တည်ထောင်ရာမှာ ပြည်သူလူထု ရဲ့ ဆန္ဒသဘောထားဟာ အဓိကကျပါတယ်။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု လိုအပ်သလို ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ဟာ အလွန်အရေးကြီးပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်မှာ တည်ထောင်စဉ် ကတည်းက အများပြည်သူတို့ရဲ့ဆန္ဒနဲ့ ကိုက်ညီ၍ အခြေခံလူ့အခွင့်အရေးများကို အာမခံမယ့် စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်၊ အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီးနှိပ်စက်မည့် နိုင်ငံရေးစနစ်မျိုး မည်သည့်အခါမျှ မပေါ်ပေါက်စေရန် စတဲ့ရည်မှန်းချက်များနဲ့ တည်ထောင်ခဲ့ တာဖြစ်ပါတယ်။ ဒီရည်မှန်းချက်များအောင်မြင်ဖို့ ကြိုးပမ်းရာမှာ အကြမ်း မဖက်ဘဲ ငြိမ်းချမ်းချောမွေ့သောနည်းကို အသုံးပြုရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အာဃာတကင်းစင်သော  အထွေထွေသဟဇာတဖြစ်မှုကို ရှေးရှုရေးစတဲ့ သဘောတရားများကို ခိုင်ခိုင်မာမာစွဲကိုင်ခဲ့ပါတယ်။

နိုင်ငံရေးရာသီဥတုကြမ်းတမ်းပြီး နိုင်ငံရေးမုန်တိုင်းထန်တဲ့ကာလမှာ အဖွဲ့ချုပ်နှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များဟာ ပြင်းပြင်းထန်ထန် နှိပ်ကွပ်တိုက်ခိုက် ခြင်းများ ခံခဲ့ရပေမယ့် ဒီမူဝါဒသဘောထားတွေကို လုံးဝစွန့်လွှတ်ခြင်းမပြုခဲ့ပါ။ ယခုလည်း ကျွန်တော်တို့နိုင်ငံတော် တည်ငြိမ်အေးချမ်းစွာဖြင့် ဒီမိုကရေစီ အသွင် ကူးပြောင်းနိုင်ရေးအတွက် ဒီမူဝါဒသဘောထားတွေနဲ့အညီ မဆုတ် မနစ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

၂ဝ၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ဦးတည်ချက်များအဖြစ် ကြေညာခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ယုံကြည် ထောက်ခံမှုကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်များရဲ့ ၈ဝ ရာခိုင်နှုန်း ခန့် အနိုင်ရရှိခဲ့ပါတယ်။ မဲဆန္ဒရှင်ပြည်သူလူထုရဲ့  တစ်ခဲနက်ထောက်ခံမှုကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားများရဲ့ လိုအင်ဆန္ဒများကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခွင့်ရခဲ့ပါတယ်။ နိုင်ငံသူ နိုင်ငံသားများ အာသာဆန္ဒပြင်းပြစွာ လိုလားတောင့်တနေတဲ့ ဒီမို ကရေစီရေးနှင့် လူ့အခွင့်အရေးများ ခံစားစံစားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နိုင်ခွင့်ရရှိခဲ့ပါတယ်။   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ ကျေးဇူးတရားကို မမေ့မလျော့ အလေးအနက် တန်ဖိုးထားလျက်ရှိပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား -
တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဟာ ဆက်နွှယ်လျက်ရှိပါ တယ်။ ကျွန်တော်တို့ နိုင်ငံတော်မှာ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီအခွင့် အရေးများရှိပါမှ ပြည်တွင်းငြိမ်းချမ်းရေးရရှိမှာဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးရရှိမှလည်း တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီရေးတို့ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်စနစ်နဲ့ လိုက်လျောညီထွေမှုမရှိတဲ့၊ ပြည်သူ လူထု လိုက်နာကျင့်သုံးနိုင်ခြင်းမရှိတဲ့၊ ဒီမိုကရေစီစံနှုန်းစံထားနှင့်မညီညွတ် တဲ့၊ လူ့အခွင့်အရေး စံချိန်စံညွှန်းနှင့် မကိုက်ညီတဲ့ ဥပဒေများနဲ့ နည်းဥပဒေများကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းတို့ ပြုလုပ်လျက်ရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ရည်မှန်းချက်ကို လွန်ခဲ့တဲ့ ၂၈ နှစ်ကစပြီး အန္တရာယ်အမျိုးမျိုး အခက်အခဲ အကျပ်အတည်းအဖုံဖုံကြားထဲမှ     အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ်ကစပြီး ဒုတိယပင်လုံညီလာခံကျင်းပရေးကို ဦးတည်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပင်လုံဆိုတာကတော့ ပင်လုံစိတ်ဓာတ်ရဲ့ အနှစ်သာရဖြစ်တဲ့ ဗမာများအပါအဝင် တိုင်းရင်းသားများအားလုံး စိတ်တူ ကိုယ်တူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်သာ   မိမိတို့ရဲ့  ရည်မှန်းချက်များကို အောင်အောင်မြင်မြင်၊ အေးအေးချမ်းချမ်းနဲ့ အကောင်အထည်ဖော်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်အပေါ်အခြေခံတဲ့   ပြည်ထောင်စုငြိမ်းချမ်းရေး  ဆွေးနွေးပွဲကို ဆိုလိုခြင်းဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်    ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနကို ဖွဲ့စည်းခြင်း၊    သြဂုတ်လတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေးဗဟိုကော်မတီ ဖွဲ့စည်းခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါတယ်။ ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံကို ၂ဝ၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက် နေ့မှာ စတင်ပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး (NCA) ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများရော လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများပါ တက်ရောက်ဆွေးနွေးခွင့်များ ရရှိခဲ့ကြပါတယ်။

ယခုအခါ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို တနင်္သာရီတိုင်းဒေသကြီး၌လည်းကောင်း၊ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကရင်ပြည်နယ်၌ လည်းကောင်း၊ အကြောင်းအရာ အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို နေပြည်တော်ကောင်စီ နယ်မြေ၌လည်းကောင်း ပြည်သူများရဲ့ တက်ကြွစွာပါဝင်မှုနဲ့ ကျင်းပပြီးပါပြီ။ ဆွေးနွေးပွဲများသို့ တရားဝင်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ တက်ရောက်လျက်ရှိကြပါတယ်။ ဆွေးနွေးပွဲများတွင် နိုင်ငံရေးကဏ္ဍဆိုင်ရာ စာတမ်း၊ စီးပွားရေးကဏ္ဍဆိုင်ရာစာတမ်း၊ လူမှုရေးကဏ္ဍဆိုင်ရာစာတမ်း၊ မြေယာနှင့် သဘာဝသယံဇာတကဏ္ဍဆိုင်ရာ စာတမ်းတို့ကို ဖတ်ကြားတင်သွင်းခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်လျက်ရှိပါတယ်။ ၂ဝ၁၇ ခုနှစ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို ထပ်မံကျင်းပပြုလုပ်ရန်လည်းရှိပါ တယ်။ မကြာမီ ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတို့တွင်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပသွားမှာဖြစ်ပါတယ်။

(၂၁) ရာစုပင်လုံတွင် တွေ့ဆုံညှိနှိုင်းမှုများမှ ရရှိလာမယ့် ပြည်ထောင်စု တိုင်းရင်းသားများရဲ့ ဘုံသဘောတူညီချက်များနှင့်အညီ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောက်သွားနိုင်ရေး၊ ဒီမိုကရေစီစံချိန်စံညွှန်းများနှင့် အညီ နိုင်ငံတော်နဲ့သင့်လျော်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက် လာရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ညီမျှစွာ ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေမယ့် စီးပွားရေးအခြေအနေကောင်းများရရှိရေးတို့ကို ကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုနိုင်ငံတော်ရဲ့ အနာဂတ်တစ်ခုလုံးအတွက် ရည်ရွယ်တဲ့ သဘောတူညီချက်များကို ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဟာ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်သလို မှန်ကန်တဲ့လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ သို့သော်လည်း အကန့်အသတ်မဲ့ အချိန်ဆွဲတာမျိုး မဖြစ်ဖို့လည်း အထူးအရေး ကြီးပါတယ်။ ညှိနှိုင်းဆွေးနွေးပွဲတွေကတစ်ဆင့် ထွက်ပေါ်လာမယ့် သဘောတူညီချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့နဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရာတွင်လည်း နိုင်ငံတော်တည်ငြိမ်းအေးချမ်းရေး၊ နိုင်ငံသူ နိုင်ငံသားများရဲ့ စိတ်နှလုံး ရွှင်ပြုံးချမ်းမြေ့စေရေးတို့ကို မထိခိုက်စေဘဲ လုပ်ကိုင်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား -
(၁) တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ရေးအတွက် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် နှစ်ဦးကာလအတွင်း  တောင်သူလယ်သမားများထံ စိုက်ပျိုးစရိတ်ချေးငွေများအား ယခင်က တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးရာမှ ယခုအစိုးရလက်ထက်တွင် တစ်ဧကလျှင် တစ်သိန်းငါးသောင်း နှုန်းဖြင့် ထူးခြားစွာထုတ်ချေးနိုင်ခဲ့ပါတယ်။

(၂) အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်ကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခွန်ငွေတိုးတက်ရရှိသဖြင့် ပြည်သူလူထုအကျိုး အတွက် ဘဏ္ဍာငွေပိုမိုသုံးစွဲနိုင်ခဲ့ပါတယ်။

(၃) အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂ဝ၁၆-၂ဝ၂၁ ကို ရေးဆွဲ ပြီး ပညာရေးကဏ္ဍ (၉)ခုတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အခြေခံပညာရေးကဏ္ဍတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာသင်ယူခွင့်   ပိုမိုရရှိရေးကို  အကောင်အထည်ဖော်လျက်ရှိပါတယ်။ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ ကျောင်းသားမိဘအပေါ်   ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ပညာရေးကဏ္ဍတွင် နိုင်ငံတော်ဘဏ္ဍာငွေ ပိုမိုကျခံ သုံးစွဲရန် ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။

(၄) ပြည်သူလူထုအား အရည် အသွေးပြည့်ဝသော ကျန်းမာရေး ဝန်ဆောင်မှုပေးရန်နှင့် ပြည်သူလူထု တစ်ရပ်လုံး ကျန်းမာစေရန်တို့အတွက်လည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုများကို ပီပြင် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားကျန်းမာရေးစီမံကိန်းကို ရေးဆွဲနိုင်ခဲ့ပါတယ်။ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်ခြင်း၊ ကာကွယ်ကုသပေးခြင်းများကိုလည်း ပိုမိုဆောင်ရွက်နိုင်ရန်အတွက် အရာထမ်း ၂ဝဝ၄ ဦးနှင့် အမှုထမ်း ၇၄၅၆ဦး ကို ခန့်ထားပေးနိုင်ခဲ့ပါတယ်။ ပြည်သူများကျန်းမာရေးအတွက် ဆေးကုသစရိတ်ကို လျှော့ချနိုင်ရန် ကျန်းမာရေးဘက်ဂျတ်များကို တိုးချဲ့သုံးစွဲလျက် ရှိပါတယ်။

(၅) မိမိတို့နိုင်ငံတွင် ငှက်ဖျားရောဂါ၊ တီဘီရောဂါ၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ စသည်တို့အတွက် ကာကွယ်မှု၊ ကုသမှု၊ ပြန်လည်ထူထောင် မှုလုပ်ငန်းများကို ပိုမိုပီပြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးတွင် နိုင်ငံတကာအဆင့်မီ နောက်ဆုံးပေါ် ရောဂါရှာဖွေသည့် စက်ကိရိယာဖြင့် ကင်ဆာလူနာပေါင်း ၂ဝဝ ကျော်ကို စစ်ဆေးနိုင်ခဲ့ပါတယ်။ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ၂၇ ခုနှင့်  ရိုးတွင်းခြင်ဆီအစားထိုးမှု ကိုးခု၊ အသည်းအစားထိုး ခွဲစိတ်ကုသမှုသုံးခုတို့ကိုလည်း အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့ပါတယ်။

(၆) သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများက အလျင်အမြန်သွားရောက်၍ ကူညီထောက်ပံ့မှုများကို ပြည်သူ့ထံ တိုက်ရိုက်ရောက်ရှိရန် လူမှုအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။
(၇)အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်ကာကွယ် ရေးတာဝန်ကို ပထဝီသဘောသဘာဝအခြေအနေများနှင့် ကိုက်ညီသော မဟာဗျူဟာအရ စီမံဆောင်ရွက်လျက်ရှိပါတယ်။ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် ဥပဒေနှင့်အညီ တာဝန် ကျေပွန်စွာ ထမ်းဆောင်သော နိုင်ငံတကာအရည်အသွေးမီသည့် ရဲတပ်ဖွဲ့ ဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါတယ်။

(၈) နိုင်ငံသားများရဲ့ဘဝ လုံခြုံမှုနှင့်  စိတ်လုံခြုံမှုရရှိရေး၊ မူလအခွင့် အရေးများ မဆုံးရှုံးစေရေးစသည်တို့အတွက် ခေတ်စနစ်နဲ့ မလျော်ညီသော၊ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ မညီညွတ်သော၊ လူ့အခွင့်အရေးစံနှုန်းစံထားနဲ့ မကိုက်ညီသော ဥပဒေများကိုလည်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက် ခြင်းတို့ ပြုလုပ်နိုင်ခဲ့ပါတယ်။

(၉) ရန်ကုန်တိုင်းဒေသကြီးတွင်လည်း   အထည်ချုပ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာမှာ ဖြစ်ပါတယ်။ ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု (YBS)စနစ် တစ်ရပ်ကိုလည်း   ပြောင်းလဲကျင့်သုံးနိုင်ခဲ့ပါတယ်။  မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများမဖြစ်စေရန်  နောက်ဖေးလမ်းကြားများ၊ ရေမြောင်းများကို ရှင်းလင်းဖော်ဆောင်နိုင်ခဲ့ပါတယ်။ တန်ဖိုးနည်းတိုက်ခန်း ၁၅၆၂ ခန်းနဲ့ တန်ဖိုးသင့်တိုက်ခန်း ၄၂၁ ခန်းတို့ကိုလည်း ရောင်းချပေးရန် စီစဉ်လျက်ရှိပါ တယ်။ ဒါ့အပြင် ရန်ကုန်မြို့တော် မြို့ပြစီမံကိန်းတစ်ရပ်ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

(၁ဝ) မန္တလေးတိုင်းဒေသကြီးတွင် ဆေးရုံ၊ဆေးခန်း ၇၄ ခု ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ ကျေးလက်လမ်းပေါင်း ၂၉၁ မိုင်၊ လမ်းဦးစီးလမ်းပေါင်း ၂၉၂ မိုင်၊ တံတား ၇၂ စင်း တို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျေးရွာ ၂၄၄ ရွာ ကို ကျေးလက်မီးလင်းရေးဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဝန်ထမ်းအိမ်ရာ ၄၄၈ ခန်းနဲ့ တန်ဖိုးမျှတအိမ်ရာ ၅၆၂ ခန်းကို ရောင်းချနိုင်ခဲ့ပါတယ်။

(၁၁) ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်စေရန် စီမံချက်များ ချမှတ် ဆောင်ရွက်လျက်ရှိပါတယ်။ ဖွံ့ဖြိုးမှု အားနည်းတဲ့ ဒေသများကို အထူး ဦးစားပေး ပံ့ပိုးလျက် ရှိပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား -
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒ၊ သဘောထားနဲ့ လုပ်ငန်းစဉ်များ ကို ကြိုးပမ်း ဆောင်ရွက်ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူ လူထုရဲ့ ဆန္ဒ သဘောထားများကို မျက်စိကိုဖွင့်၊ နားကိုစွင့်ပြီး ကြိုးပမ်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုများ၊ မျှော်လင့်ချက်များ၊ အခက်အခဲများကို မျက်ခြည်မပြတ် လေ့လာအကဲခတ်ပြီး အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များတွင် အချို့ ပြုပြင် ပြောင်းလဲမှုများက မြင်သာထင်သာရှိပြီး လောလာဆယ် မြင်သာထင်သာမရှိသေးသော အချို့ပြောင်းလဲမှုများ မှာလည်း တိုးတက်လျက် ရှိနေပါတယ်။ အချိန်အခါ ရောက်ရှိလာသည်နှင့်အမျှ မြင်သာထင်သာ ရှိလာမှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မည်သည့် အခါကမျှ တိုင်းပြည် နှင့် ပြည်သူလူထု ထိခိုက် နစ်နာအောင် မလုပ်ခဲ့ပါ။  

ပြည်သူလူထုရဲ့  လိုလားတောင့်တနေတဲ့   ဒီမိုကရေစီ အရေးနှင့် လူ့အခွင့် အရေးများအတွက် ပြည်သူလူထုရှေ့မှ မားမားမတ်မတ် ကြံ့ကြံ့ခံရပ်တည် ပြီး ရုန်းကန် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ အဖွဲ့ချုပ်ဟာ မတရားမှုများ၊  ဖိနှိပ် ချုပ်ချယ်မှုများကို   ခိုင်ခိုင်မာမာ တွန်းလှန်ခဲ့ သော်လည်း မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်း ကိုမျှ တိုက်ခိုက်ခြင်း၊ ထိခိုက်နစ်နာစေခြင်း မပြုခဲ့ပါ။ မည်သည့်အခါကမှ ပြည်သူလူထုကို ပေးထားတဲ့  ကတိကဝတ် ကိုလည်း မချိုးဖောက်ခဲ့ပါ။ ပြည်သူလူထုကို လိမ်လည် လှည့်ဖြားခြင်း၊ ခြိမ်းခြောက် ခြင်း၊ မလျော်သြဇာ သုံးခြင်း တို့ဖြင့်လည်း စည်းရုံးခဲ့ခြင်းမရှိပါ။ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း အတွင်းကသာ အစဉ် လုပ်ဆောင်ခဲ့ပါတယ်။ ယခုလို ပြည်သူကို ဦးထိပ် ပန်ဆင်ပြီး ရိုးသားပွင့်လင်းစွာ ဆက်ဆံခဲ့သည့် အတိုင်း နောင်တွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်မှာ အဖွဲ့ချုပ်ရဲ့ မြဲမြံတဲ့ သန္နိဋ္ဌာန်ဖြစ်ပါတယ်။ မဲဆန္ဒရှင် မိဘပြည်သူများက လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းတဲ့ တာဝန်ကို ရိုးသား ဖြောင့်မတ်စွာ ထမ်းဆောင်လျက် ရှိပါတယ်။ ဒီလို ထမ်းဆောင်ရာမှာ ကျွန်တော်တို့ အဖွဲ့ရဲ့ မူဝါဒ သဘောထားနှင့် လုပ်ငန်းစဉ်များကို အစဉ် နှလုံးသွင်းပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်း လာရေး၊ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေး တို့ကို  ပြည်ထောင်စု တိုင်းရင်းသားများ အားလုံးနှင့် လက်တွဲကာ အတူတကွ ကြိုးပမ်း ဆောင်ရွက် သွားရန် ခံယူထားပါတယ်။

လေးစားအပ်တဲ့ မဲဆန္ဒရှင် မိဘပြည်သူများခင်ဗျား -
ဒီမိုကရေစီရဲ့ ပြယုဂ်ဟာ လွှတ်တော်ဖြစ်ပါတယ်။ လွှတ်တော် ခိုင်မာ တောင့်တင်းရန် ဒီမိုကရေစီ အင်အားကောင်းဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ ကို မြတ်နိုး တန်ဖိုးထားသော လွှတ်တော် ကိုယ်စားလှယ် လောင်းများကို ရွေးချယ် တင်မြှောက်နိုင်ပါမှ ဒီမိုကရေစီ ခရီးလမ်းရဲ့ အကန့်အသတ် အတား အဆီးများကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ ဆန္ဒ သဘောထားကို လေးစားလိုက်နာ မှာဖြစ်ပါတယ်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်း နေထိုင်ကြသော ပြည်ထောင်စု တိုင်းရင်းသားများ အားလုံး အန္တရာယ်ခပ်သိမ်း၊ ဘေးခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊ လိုအင်ဆန္ဒများ ပြည့်ဝကြပါစေလို့ မေတ္တာပို့သအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။

Sources :ကြေးမှုံ

No comments:

Post a Comment