Latest News

Friday, February 10, 2017

ထိုင်းရုပ်ရှင် ထူးချွန်ဆု ဆန်ခါတင်စာရင်းတွင် From Bangkok to Mandalay ရုပ်ရှင်မှ ဆုငါးဆုပါဝင်

ထိုင်းရုပ်ရှင် ထူးချွန်ဆု ဆန်ခါတင်စာရင်းတွင် From Bangkok to Mandalay ရုပ်ရှင်မှ ဆုငါးဆုပါဝင်



ထိုင်းနိုင်ငံတွင် ယခုနှစ် ကျင်းပမည့် (၂၆) ကြိမ်မြောက် ထိုင်းအမျိုးသားရုပ်ရှင် ထူးချွန်ဆု (Suphannahong Award) ရွှေငန်းဆုအတွက် ဆန်ခါတင် စာရင်းများ ထုတ်ပြန်ရာတွင် From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားမှ ဆု ငါးဆုအထိ ပါဝင်နေကြောင်း အဆိုပါ ဇာတ်ကား ထုတ်လုပ်သူ ဦးစူဝမ်း (မိုး ကောင်းကင် ထုတ်လုပ်ရေး) က The Voice သို့ ပြောကြားသည်။

“ဆန်ခါတင်စာရင်းထဲမှာ ပါနေတယ်ဆိုတဲ့အကြောင်း မနေ့က ဒါရိုက်တာက လှမ်းပို့ထားတယ်။ သရုပ်ဆောင်တွေ အကယ်ဒမီ စာရင်းထဲမှာ ပါနေတယ်ဆိုပြီး လှမ်းပြောတယ်။ အခုထက်ထိ ဖိတ်စာတွေတော့ မရောက်သေးဘူး။ သူတို့တွေ ဖိတ်ကြားထားတဲ့အပေါ် မူတည်ပြီး သွားကြမှာပါ”ဟု ၎င်းကဆိုသည်။

ယခုနှစ်အတွက် အဆိုပါရွှေငန်းဆု ဆန်ခါတင်စာရင်းတွင် အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆုအတွက် စိုင်းစိုင်းခမ်းလှိုင်၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုအတွက် နေတိုး၊ အကောင်းဆုံး ဇာတ်ညွှန်းဆုအတွက် Chartchi Ketnust ၊ အကောင်းဆုံး ရုပ်ရှင်ဖန်တီးမှုပိုင်းဆိုင်ရာ ထူးချွန်ဆုနှင့် အကောင်းဆုံး တေးဂီတဆုတို့ ပါဝင်သည်။

“လုပ်ရကျိုးနပ်တာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလိုဟာမျိုးက ပထမဆုံးသူများ တိုင်းပြည်မှာ ချီးမြှင့်တဲ့ဆုပေါ့။ စပြီးတော့ ရိုက်ကတည်းက ရည်ရွယ်ချက်ကိုက မြန်မာသရုပ်ဆောင်တွေကို ကျန်တဲ့တိုင်းပြည်က ပရိသတ်တွေ သိအောင်လို့ ရိုက်တာပါ။ အခုဆန်ခါတင်ထဲမှာ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင် ပါနေတဲ့အတွက် အရမ်း ဝမ်းသာပါတယ်။ သူတို့အတွက် ဂုဏ်ယူပါတယ်”ဟု ဦးစူဝမ်းကဆိုသည်။

ထိုင်းရုပ်ရှင် ထူးချွန်ဆုပေးပွဲကို လာမည့် မတ်လ ၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ရုပ်ရှင်ထူးချွန်ဆုပေါင်း ၁၆ ဆု ပေးအပ်သွားမည်ဖြစ်ကြောင်း ထိုင်းအမျိုးသား ရုပ်ရှင်အစည်းအရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါ ဇာတ်ကားသည် ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က ချစ်သူနှစ်ဦးအကြောင်းမှ အခြေတည်ကာ အချစ်ဇာတ်လမ်း တစ်ပုဒ်ကို မြန်မာနိုင်ငံ၏ သဘာဝ အလှအပများနှင့် တွဲဖက်ရိုက်ကူးထားခြင်း ဖြစ်သည်။



Sources : The Voice

No comments:

Post a Comment