Latest News

Sunday, February 26, 2017

မန္တလေးသင်္ကြန်အား ရေမဖြုန်းတီးသော ရိုးရာသင်္ကြန်ဖြစ်အောင် ဖော်ဆောင်မည်

မန္တလေးသင်္ကြန်အား ရေမဖြုန်းတီးသော ရိုးရာသင်္ကြန်ဖြစ်အောင် ဖော်ဆောင်မည်


မန္တလေးသင်္ကြန်အား ရေမဖြုန်းတီးသော ရိုးရာသင်္ကြန်ဖြစ်အောင် ဖော်ဆောင်သွားမည်ဖြစ်ပြီး အလှပြကားပြိုင်ပွဲ ပါဝင်တော့မည်မဟုတ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

”အရင်တုန်းက ရိုးရာသင်္ကြန်မျိုးကို ဖော်ဆောင်ချင်ပါတယ်။ ရေမဖြုန်းတဲ့သင်္ကြန်မျိုးကို ဖော်ဆောင်ချင်တာပါ။ အဲဒီလိုဖြစ်လာဖို့အတွက် မြို့တော်သူ မြို့တော်သားတွေ ပါဝင်မှ အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြို့ထဲမှာ သင်္ကြန်မဏ္ဍာပ်တွေကို တစ်ခေတ်တစ်ခါက လုပ်ခဲ့ကြသလိုမျိုး လုပ်စေချင်ပါတယ်။ နောက်ပြီး ဒီနှစ်မှာ အလှပြကားပြိုင်ပွဲတွေ ရှိတော့မှာ မဟုတ်တော့ဘူး။ သံချပ်အဖွဲ့တွေကိုတော့ အားပေးဖို့ အစီအစဉ်ရှိပါတယ်။” ဟု စည်ပင်ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောသည်။

ရေကစားမဏ္ဍာပ်များကို အရေအတွက် လျော့ချသွားမည်ဖြစ်ကာ ကျုံးတောင်ဖက်တွင် မဏ္ဍာပ် ၂ ခုနှင့် ကျုံး အရှေ့ဖက်၊ အနောက်ဖက်၊ မြောက်ဖက်တွင် ၄ ခုစီသာခွင့်ပြုသွားမည်ဖြစ်သည်။ ကျုံးတောင်ဖက်ခြမ်းကိုလည်း ယာဉ်ဝင်ခွင့်ပိတ်သွားမည်ဖြစ်ပြီး လမ်းလျှောက်ရေကစားနိုင်ရန် စီစဉ်သွားမည်ဖြစ်ကာ မြန်မာဆန်သည့် သင်္ကြန်ကိုဖော်ဆောင်သွားမည်ဖြစ်သည်။

“ကျုံးရဲ့ အရှေ့၊ အနောက်၊ မြောက်ဖက်တွေကို ရေကစားမဏ္ဍာပ်ခွင့်ပြုမယ်။ ဒါပေမယ့် အရင်လို အနားယူခန်းတွေ ပါတာမျိုးကိုတော့ စိစစ်တင်းကြပ်သွားမယ်။ လူငယ်တွေအတွက် ပျော်ပါးနိုင်ဖို့အတွက် မနော်ရမ္မံကွင်းဖက်မှာ စီစဉ်ပေးထားမယ်။ မြို့ထဲမှာ သင့်တော်တဲ့နေရာတွေမှာလည်း လူငယ်တွေ ရေကစားလို့အောင် စီစဉ်ပေးမှာပါ” ဟု စည်ပင်ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောသည်။
မန္တလေးမြို့တော်သင်္ကြန်မဏ္ဍာပ်တွင် ယခင်ကကဲ့သို့ စတိတ်ရှိုးအဆိုတော်တွေမပါဝင်တော့ပဲ မြန်မာမှု အဆို အကများဖြင့်စီစဉ်ထားရှိရာ စည်ပင်တေးဂီတအဖွဲ့၊ စိန်ဒူးဝါးဦးဆောင်သည့် မြန်မာ့ဆိုင်းပညာရှင်တွေနဲ့အတူ လူရွှင်တော်များ ပါဝင်မည်ဖြစ်သည်။ မြန်မာဆန်သည့် သီချင်းများဖြင့် ဖျော်ဖြေခြင်း၊ လူရွှင်တော်များ၏ ဟာဒယရွှင်ဆေး တိုက်ကျွေးခြင်း၊ သင်္ကြန်ယိမ်းအကအလှများဖြင့် ဖျော်ဖြေခြင်း အစရှိသည့် အစီအစဉ်ပေါင်း များစွာပါဝင်ကာ မြန်မာ့ရိုးရာသင်္ကြန်ဖြစ်ရန် ဖော်ဆောင်သွားမည်ဖြစ်သည်။

“ဦးတို့ ငယ်ငယ်က ကျုံးဘေးမှာ ကားပိတ်နေတာမျိုးမရှိဘူး။ ရေကစားမဏ္ဍာပ်ရော ဖျော်ဖြေရေးမဏ္ဍာပ် တွေကလည်း တစ်မြို့လုံးအနှံ့ရှိတယ်။ မနက်ရေကစားမဏ္ဍာပ်တွေမှာ ရေကစားပြီး ညပိုင်းမှာ ဖျော်ဖြေရေးတွေ လိုက်ကြည့်တာပေါ့။ ဒီဖက်နှစ်တွေမှာ ကျုံးဘေးက တိုးမပေါက်အောင်စည်လာတယ်။ ကားတွေပိတ်ပြီး သွားလို့ မရအောင်ထိပဲ။ နောက်ပြီး သင်္ကြန်က ကျုံးဘေးမှာပဲရှိတော့တယ်။ မြို့ထဲမှာ ကလေးတွေရေကစားတာကလွဲပြီး ခြောက်ကပ်နေတာ။ ဦးတို့ ငယ်ငယ်က သင်္ကြန်ကိုပဲ လွမ်းမိပါတယ်” ဟု အသက် ၆၀ အရွယ်ခန့်ရှိ ဦးမျိုးမျိုးက ပြောသည်။

ချစ်ကို

TheMandalayNewsJournal

No comments:

Post a Comment