Latest News

Tuesday, February 21, 2017

ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြောကြားမှု တိုင်းလွှတ်တော်ကော်မတီ ကန့်ကွက်ခဲ့

ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ရန်ကုန်တိုင်းဝန်ကြီးချုပ်၏

ပြောကြားမှု တိုင်းလွှတ်တော်ကော်မတီ ကန့်ကွက်ခဲ့

ရန်ကုန်မြို့သစ်စီမံကိန်းအား ဖေဖော်ဝါရီ လကုန်တွင် စတင်မည်ဟု ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ်၏ ပြောကြားချက်များ သတင်း မီဒီယာအချို့တွင် ဖော်ပြခဲ့မှုအပေါ် မကျေနပ် သဖြင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီပွားရေးကော်မတီ က ဖေဖော်ဝါရီ ၂၀ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးထံ သွားရောက် ကန့်ကွက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၈ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်၌ ပြုလုပ်ခဲ့သော ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် လုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ယင်းသို့ပြောကြားခဲ့ခြင်း အပေါ် သတင်းမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

ယင်းသို့ ပြောကြားချက်အား မကျေနပ် သဖြင့် သွားရောက်ကန့်ကွက်ရာတွင် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံ ကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာ မင်း၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့ပါဝင် ကြောင်း သိရသည်။

"သတင်းစာတွေထဲမှာ ၀န်ကြီးချုပ်ကနေ မြို့သစ်စီမံကိန်း စမယ်လို့ပြောတယ်။ ကော် မတီကို ဘာမှချမပြဘဲ လုပ်တဲ့အတွက် ကန့် ကွက်မယ်ဆိုပြီးတော့ ဒေါ်စန္ဒာမင်းက လှမ်း ခေါ်လို့ သွားတော့ သူတို့က ဒါကအကြမ်းချ ထားတာပါ။ လွှတ်တော်ကိုချမပြဘဲ မလုပ်ပါ ဘူးဆိုပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးဦးမြင့် သောင်းက ပြောပါတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးထွေးတင် က မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောဆိုသည်။

ယင်းကဲ့သို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ပြောကြားခဲ့မှုအပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့၏ ဝေဖန်သံ များလည်း ထွက်ပေါ်ခဲ့သည်။

"ရန်ကုန်တိုင်းအစိုးရအနေနဲ့က သူတို့ အစီအစဉ်လုပ်မယ့်ကိစ္စတွေကို တစ်ပတ်အလို မှာ ကျွန်တော်တို့ မီဒီယာကော်နာမှာ အကုန် လုံးကို ခေါ်ပြီးတော့လေ၊ ဘယ်လို ဘာညာ လုပ်မယ်ဆိုတဲ့အကြောင်း ပြောသင့်တယ်။ အချို့ လွှတ်တော်အမတ်တွေလည်း စိတ်ဆိုး တယ်။ ဘာဖြစ်လို့ စောစောစီးစီး ဒီကိစ္စကို မပြောတာလဲ။ နောက်လွှတ်တော်ကိုယ်စား လှယ်တွေကို အသိပေးတာလား။ အကူအညီ တောင်းတာလားဆိုပြီး ထမေးတဲ့ ကိုယ်စား လှယ်တွေရှိတယ်။ ကျဉ်းထဲကျပ်ထဲ ရောက် သွားတာပေါ့ဗျာ" ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေး နှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ် ရေးကော်မတီအဖွဲ့ဝင် မင်္ဂလာတောင်ညွန့်မြို့ နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ် စားလှယ် ဦးရန်အောင်က ပြောဆိုသည်။

ဧက ၂၀,၀၀၀ ကျော်ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေး မြို့နယ်များအတွင်းရှိ မြေဧက ၂၀,၀၀၀ ကျော် တွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး တွံတေး မြို့နယ်မှာ မြေဧကအများဆုံး ပါဝင်မည်ဖြစ် ကြောင်း သိရသည်။

ဓါတ်ပုံ။  ။အီးပီအေ

ထက်စိုးလင်း( The Myanmar Times )

No comments:

Post a Comment