Latest News

Tuesday, February 21, 2017

လက်နက်ကိုင် အစောင့်များချထားသည့် ရင်ခွဲရုံသို့ အလောင်းကို အတည်ပြုရန် ကင်ဂျုံနန်၏သား ရောက်လာ

လက်နက်ကိုင် အစောင့်များချထားသည့် ရင်ခွဲရုံသို့ အလောင်းကို

အတည်ပြုရန် ကင်ဂျုံနန်၏သား ရောက်လာ



မြောက်ကိုရီးယား ခေါင်းဆောင်၏ အဖေတူ အမေကွဲအစ်ကို ကင်ဂျုံနန်၏ အလောင်းကိုထားရှိရာ ဆေးရုံ၌ ဖေဖော်ဝါရီ ၂၁ ရက်တွင် မလေးရှား လက်နက်ကိုင် အစောင့်များကို စောင့်ကြည့်ရန် ချထားပြီး ကင်ဂျုံနန်၏ သားဖြစ်သူက အလောင်းကို အတည်ပြုရန် ကွာလာလမ်ပူသို့ ရောက်ရှိလာကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက် နံနက်အစောပိုင်းတွင် အမှတ်အသားမပါသည့် ကားလေးစီး ပါဝင်သော ယာဉ်တန်းသည် ဆေးရုံဝင်း အတွင်းသို့ ၀င်ရောက်လာပြီး ရင်ခွဲရုံ တစ်ဝိုက်တွင် မလေးရှား အထူးတပ်ဖွဲ့ဝင် ၃၀ ခန့်ကို နေရာချထားကြောင်း သိရသည်။ အဆိုပါ တပ်ဖွဲ့ဝင်များကို အားလုံး ပြန်လည်ထွက်ခွာ မသွားမီ နံနက်ခင်း အလယ်ပိုင်းခန့်အထိ ချထားခဲ့ခြင်းဖြစ်သည်။

ဒေသစံတော်ချိန် နံနက် ၄ နာရီခန့်တွင် အဖြူရောင် ရဲကားတစ်စီး ထွက်ခွာသွားသည်ကိုလည်း တွေ့ရှိရသည်ဟု အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက သတင်းပေးပို့ခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် ကွာလာလမ်ပူ လေဆိပ်၌ လုပ်ကြံခံခဲ့ရသော ကင်ဂျုံနန်၏ အလောင်းသည် မြောက်ကိုရီးယားနှင့် မလေးရှား နိုင်ငံတို့အကြား သံတမန်ရေးရာ အငြင်းပွားမှု ဖြစ်စေခဲ့သည့် အဓိကအရာ ဖြစ်လာသည်။ မြောက်ကိုရီးယားက အလောင်းကို ပြန်ပေးရန် အခိုင်အမာ တောင်းဆိုခဲ့ပြီး မည်သည့် ရင်ခွဲစစ်ဆေးမှုမျိုးကိုမျှ ခွင့်မပြုနိုင်ဟု ပြောကြားခဲ့သည်။

သို့သော် မိသားစုဝင်တစ်ဦးက လာရောက်လျက် ဒီအင်အေ နမူနာတစ်ရပ်နှင့်အတူ အတည်ပြုပြီးသည်အထိ အလောင်းကို ရင်ခွဲရုံ၌ ထားရမည်ဟုဆိုကာ မလေးရှားက မြောက်ကိုရီးယား၏ တောင်းဆိုချက်ကို ပယ်ချခဲ့သည်။

ဖေဖော်ဝါရီ ၂၀ ရက်ညတွင် ကင်ဂျုံနန်၏ သားဖြစ်သူ ကင်ဟန်ဆိုးသည် မကာအိုမှနေ၍ ကွာလာလမ်ပူသို့ ရောက်လာလိမ့်မည်ဟု မလေးရှား မီဒီယာများနှင့် ထောက်လှမ်းရေး သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ သို့သော် အေအက်ဖ်ပီ သတင်းဌာနက ကင်ဂျုံနန်၏ သားဖြစ်သူ မလေးရှားသို့ ရောက်လာခြင်းကို ချက်ချင်း အတည်မပြုနိုင်ခဲ့ပေ။

ဖေဖော်ဝါရီ ၂၀ ရက်တွင် မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးက ဒီအင်အေ နမူနာတောင်းဆိုမှုကို သဘာဝမကျသော လုပ်ရပ်ဟုဆိုကာ ပယ်ချခဲ့ပြီး သံတမန်ပတ်စ်ပို့ ကိုင်ဆောင်ထားသူ၏ အလောင်းကို သံရုံးက ပြန်လည်ရယူခွင့် ရှိသည်ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယား သံအမတ် ကန်ချိုးက ယခုကိစ္စသည် နိုင်ငံရေး စေ့ဆော်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး မလေးရှားသည် မြောက်ကိုရီးယားကို အမှုဆင်ရန်အတွက် အစကတည်းက တောင်ကိုရီးယားနှင့် ပူးပေါင်းကြံစည်နေခြင်း ဖြစ်သည်ဟု စွပ်စွဲပြောကြားခဲ့သည်။

မလေးရှား နိုင်ငံခြားရေး ၀န်ကြီး အနီဖာအေမင်က အပြင်းအထန် စော်ကားသော စွပ်စွဲချက်များသည် ယုံမှားမှုများ၊ မုသားများနှင့် အမှန်တစ်ဝက်ဖြင့် လုပ်ကြံထားမှုများအပေါ် အခြေခံသည်ဟု ပြောကြားခဲ့သည်။

မလေးရှားသည် အစောပိုင်းက မြောက်ကိုရီးယားဆိုင်ရာ မလေးရှား သံအမတ်ကြီးကို ပြန်လည်ခေါ်ယူခဲ့ပြီး ဆက်လက် ဖြစ်ပွားနေသော အငြင်းပွားမှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား သံအမတ် ကင်ချိုးကို ဆင့်ခေါ်ခဲ့သည်။                                                


Ref: AFP

Eleven Media Group

No comments:

Post a Comment