Latest News

Sunday, February 12, 2017

ကြားဖြတ်ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံ၌ ကြိုတင်မဲ ပေးခွင့်ရှိသူများ ဖေဖော်ဝါရီ ၂၆ ရက်တွင် မဲပေးရမည်ဖြစ်ကြောင်း မြန်မာသံရုံး ထုတ်ပြန်

ကြားဖြတ်ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံ၌ ကြိုတင်မဲ ပေးခွင့်ရှိသူများ ဖေဖော်ဝါရီ ၂၆ ရက်တွင် မဲပေးရမည်ဖြစ်ကြောင်း မြန်မာသံရုံး ထုတ်ပြန်


၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံတွင် ကြိုတင်မဲ ပေးခွင့်ရှိသူများ ဖေဖော်ဝါရီ ၂၆ ရက်တွင် မဲပေးရမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ဖေဖော်ဝါရီ ၉  ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် စင်ကာပူနိုင်ငံရှိ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၁၇၇ ဦးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းများကို စင်ကာပူမြို့ရှိ မြန်မာသံရုံးတွင် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် စင်ကာပူရောက် မြန်မာနိုင်ငံသားများမှ လျှောက်ထား ပေးပို့လာသည့် ပြည့်စုံစွာ ဖြည့်စွက်ထားသော ပုံစံ (၁၅) ၁၇၈ စောင်အား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းအနက် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား ၁၇၇ ဦးသည် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်များတွင် ကြိုတင်မဲပေးနိုင်ခွင့် ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အကြောင်းပြန်ကြားလာခဲ့ပါသည်။  စင်ကာပူနိုင်ငံရှိ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၁၇၇ ဦး၏ အမည်စာရင်း မဲပေးရမည့် မဲဆန္ဒနယ်စာရင်းများအား နောက်ဆက်တွဲ “က” အဖြစ် ထည့်သွင်းဖော်ပြထားသည်။

မူလက စင်ကာပူရောက် မြန်မာနိုင်ငံသားများမှ ကြိုတင်ဆန္ဒမဲပေးရန် ပုံစံ (၁၅) ဖြင့် တောင်းခံထားသူမှာ ၁၇၈ ဦးဖြစ်သော်လည်း တစ်ဦးမှာ လိပ်စာပြောင်းသွားသဖြင့် သတ်မှတ်ချက်ဖြင့် မကိုက်ညီသောကြောင့် ဆန္ဒမဲပေးပိုင်ခွင့် မရှိကြောင်း သိရသည်။ မြန်မာသံရုံး၏ အသိပေးကြေညာချက်အရ အဆိုပါတစ်ဦးမှာ ဦးမျိုးကျော်သူ ဆိုသူဖြစ်ပြီး ၎င်းသည် လစ်လပ်မဲဆန္ဒနယ် ဒဂုံဆိပ်ကမ်းမြို့နယ်မှ သာကေတမြို့နယ်သို့ လိပ်စာပြောင်းသွား၍ သတ်မှတ်ချက်နှင့် မကိုက်ညီသောကြောင့် ဆန္ဒမဲပေးမည့် စာရင်းတွင် ပါဝင်ခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြန်ကြားခဲ့ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြိုတင်ဆန္ဒမဲ လက်မှတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဖေဖော်ဝါရီ ၂ ရက်တွင်  လွှဲပြောင်းပေးခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် အကျုံးဝင်မြို့နယ် ၂၂ ခု ရှိသော်လည်း နိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် ကြိုတင်မဲပေးမည့်သူများစာရင်းတွင် မြို့နယ် ၁၈ ခု ပါရှိကြောင်း သိရသည်။ နိုင်ငံပြင်ပရောက် ကြိုတင် မဲဆန္ဒပေးလိုသည့်  မဲဆန္ဒရှင်များ၏ ပုံစံ (၁၅) ဖြင့် တောင်းခံခဲ့မှုများ စာရင်းမှာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ တောင်းခံသူဦးရေ ၃၅၇ ဦးရှိပြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြန်လည်စိစစ်ချက်အရ နေရပ်ပြောင်းရွှေ့သွားသူများ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် မှားယွင်းလျှောက်ထားသူများနှင့် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သူများ စုစုပေါင်း ၁၈ ဦး ရှိသည့်အတွက် နိုင်ငံပြင်ပရောက် ကြိုတင်မဲပေးလိုသူ ဦးရေမှာ ၃၃၉ ဦးရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

Sources : Eleven Media Group

No comments:

Post a Comment