Latest News

Sunday, February 12, 2017

ရီမာမိဘမဲ့ကျောင်း (သို့မဟုတ်) တက္ကသိုလ်ဝင်တန်း အောင်ချက်ကောင်းတဲ့ကျောင်း

ရီမာမိဘမဲ့ကျောင်း (သို့မဟုတ်) တက္ကသိုလ်ဝင်တန်း အောင်ချက်ကောင်းတဲ့ကျောင်း



ရီမာ မိဘမဲ့ကလေးများကျောင်းဟာဆိုရင် မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက်မှာ တည်ထောင်ထားတဲ့ မိဘမဲ့ကျောင်း တစ်ကျောင်းပါ။ မိဘမဲ့ကျောင်းပေမဲ့ ၁၀ တန်းအောင်ချက်ကောင်းတဲ့ ကျောင်းတစ်ကျောင်းလဲ ဖြစ်ပါသေးတယ်။

ရီမာကျောင်းမှာဆိုရင် တစ်နှစ်အရွယ် ကလေးကနေ ၁၀ တန်းအောင် တက္ကသိုလ်တက်အရွယ်အထိ ရှိကြောင်းလည်း သိရသည်။ ယင်းကျောင်းသို့ ရောက်ရှိလာသည့် ကလေးငယ်များမှာ ရန်ကုန်မြို့တွင်းနေရာတွေက သာမကဘဲ နယ်ဘက်မှ လာရောက်တဲ့ ကလေးများပါရှိကြောင်းလည်း သိရပါတယ်။


“ဒီကျောင်းကို ကျွန်မအဖေက တည်ထောင်ခဲ့တာပါ။ အခုတော့ ကျွန်မက ဆက်လက်ပြီး ဦးစီးနေတာပါ။ ကျောင်းက ပရဟိတလုပ်တယ်ဆိုတော့ တစ်နိုင်တစ်ပိုင်ပါပဲ။ ကျောင်းကတော့ အသက်အရွယ် ဘယ်လောက်အထိပဲ လက်ခံမယ် ဘာညာတော့ မရှိပါဘူး။ အမှန်တကယ် ဆင်းရဲပြီး မိဘမရှိတဲ့သူဆိုရင် ကျွန်မတို့ လက်ခံပါတယ်” လို့ ရီမာ မိဘမဲ့ကလေးကျောင်းမှ ဒေါ်မောအီက ဆိုသည်။

ရီမာကျောင်းသို့ ရောက်ရှိလာသည့် ကလေးများမှာ အထက်တန်းအောင်မြင်ပြီး တက္ကသိုလ်တက်သည့်အရွယ်တွင် သူတို့ ရောက်ရှိလာရာ နယ်များသို့ ပြန်လည်ပို့ဆောင်ခြင်းများ၊ အဆောင်ငှားရမ်း နေထိုင်စေကြောင်းများ ပြုလုပ်ပြီး သူတို့၏ နေရာတွင် မိဘမဲ့ကလေးများကို အစားထိုးပြန်လည် လက်ခံကြောင်းလည်း သိရသည်။

မိဘမဲ့ကျောင်းသို့ လာရောက်သည့် ကလေးငယ်အများစုမှာ နယ်ဘက်များမှ လာရောက်ခြင်းများကြောင်းကိုလည်း “များသောအားဖြင့် နယ်ဘက်က လာကြတာများတယ်။ အခုဆိုရင် ကချင်ဘက်က လာမယ့် ကလေးတွေရှိတယ်။ တချို့က မိဘတွေက မူးယစ်ဆေးဝါးသုံးစွဲလို့ လေလွင့်တဲ့ကလေးတွေ ရှိတယ်။ တချို့က စစ်ကြောင့် ဒုက္ခရောက်တဲ့ ကလေးတွေ ရှိပါတယ်”လို့ ဒေါ်မောအီက ဆက်လက်ပြောကြားခဲ့သည်။

ရီမာ မိဘမဲ့ကျောင်းတွင် တက္ကသိုလ်ဝင်တန်း တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများမှာ အောင်ချက်ကောင်းကြောင်းကိုလည်း “ကျွန်မတို့က ဒီမှာ စားစရာမရှိရင်တောင် ကလေးတွေ ပညာရေးအတွက်တော့ အကောင်းဆုံး လုပ်ပေးတယ်။ ဒီနားမှာ အ.ထ.က(၄) ရှိတယ် အဲ့မှာ ကျောင်းတက်တယ်။ ပြီးရင် ကျူရှင်ဆရာ ခေါ်သင်တယ်။ ပထမတစ်နှစ်ကျရင် နောက်နှစ် ဆက်ထားတယ်။ နောက်နှစ်ထပ်ကျရင် နောက်တစ်နှစ် ဆက်ထားပေးတယ်။ သုံးနှစ်ဆက်တိုက် ၁၀ တန်း ထားပေးပါတယ်။ မအောင်မချင်းပါ”လို့ ဒေါ်မောအီက ပြောပါတယ်။

ရီမာ မိဘမဲ့ကျောင်းတွင် အဆောင်များ ခွဲခြားထားပြီး မိန်းကလေး အပျိုဆောင်၊ ယောက်ျားလေး လူပျိုဆောင်နှင့် ကလေးများအဆောင် ဟူ၍ ခွဲခြားထားပါတယ်။

ဒီမိဘမဲ့ကျောင်းကို တည်ထောင်ခဲ့တာဟာဆိုရင် ၁၇ နှစ်တိုင်ပြီ ဖြစ်သော်လည်း အလှူရှင်များ လာရောက်မှုနည်းပါးပြီး စိတ်ဝင်စားမှု နည်းပါးခြင်းကြောင့် ကလေးငယ်များ၏ နေ့စဉ်စားဝတ်နေရေးမှာ အစဉ်အမြဲ ရုန်းကန်နေရကြောင်းလည်း သိရပါတယ်။

“ဒီနေ့က မနက်ပိုင်းအလှူရှင်ရှိတော့ ကလေးတွေကို ကြာဆံကြော် ကျွေးတယ်၊ အလှူရှင်မရှိတဲ့နေ့တွေဆိုရင် ညကကျန်တဲ့ ထမင်းဖြူကို ဆီတစ်ဆယ်သား ၀ယ်လိုက်တယ်။ ပြီးရင် ငါးပိနဲ့ ငရုတ်သီးထောင်းပြီး ထမင်းကျွေးတယ်။ ပြီးရင် ကျောင်းသွားခိုင်းလိုက်တယ်”လို့ ဒေါ်မောအီက ပြောပါတယ်။

ရီမာ မိဘမဲ့ကျောင်းကို ရောက်ရှိလာတဲ့ ကလေးများမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြခြင်းဖြစ်ပြီး ရဲစခန်းများ၊ နယ်များမှ လာရောက်ပို့ဆောင်ခြင်း များပြားကြောင်း သိရပါတယ်။ ကျောင်းတွင် မိဘမဲ့ကလေးပေါင်း ၆၇ ဦးရှိပြီး မိဘနှစ်ဦးစလုံး မရှိသူများ၊ မိဘတစ်ဦးတည်းရှိသူများ ၊မိဘများမှ မူးယစ်ဆေးဝါးသုံးစွဲသူများ၊ မိဘများရှိသော်လည်း စွန့်ပစ်ခံရသော ကလေးငယ်များ ဖြစ်သည်။

အဆိုပါကျောင်းသည် လူသူအသိနည်းခြင်း၊ ကျောင်းတည်ရှိရာမှာ ဝေးလံခြင်းတို့ကြောင့် ပုံမှန်အလှူရှင်များ၊ နေ့စဉ်အလှူရှင်များ ရှားပါးစွာ ရပ်တည်နေရသည့် ကျောင်းတစ်ကျောင်းလည်း ဖြစ်သည်။ ကလေးငယ်များ၏ အ၀တ်အစားများကိုလည်း လာရောက်လှူဒါန်းခြင်းများရှိသလို ကျောင်းမှလည်း စီစဉ်ပေးကြောင်း သိရသည်။

ရီမာ မိဘမဲ့ကျောင်းတွင် မိဘမရှိ၍ အမှန်တကယ် ဆင်းရဲနွမ်းပါးသူ ကလေးငယ်များ ရောက်ရှိလာပါကလည်း ဆက်လက် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယခုလအတွင်း ကချင်ပြည်နယ်ဘက်မှ ကလေး ၅ ဦးကို လက်ခံရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ရီမာကျောင်းတွင် ကလေး ၆၇ ဦးစာအတွက် နေ့စဉ် ထမင်းတစ်နပ်လျှင် ကျပ် ၆၀၀၀၀ ကျပ် သတ်မှတ်ထားပြီး လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက်အတွင်းမှာရှိတဲ့ ရီမာ မိဘမဲ့ကလေးများကျောင်း ဖုန်းနံပါတ် ၀၉-၄၂၁၁၀၉၁၅၂ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


Sources : Eleven Media Group Co., Ltd

No comments:

Post a Comment