Latest News

Wednesday, February 22, 2017

ထူးဆန်းတဲ့ အစာအိမ် အခြေအနေကြောင့် အစားမစားရတာ၁နှစ်ရှိသွားပြီဖြစ်တဲ့မိန်းကလေး

ထူးဆန်းတဲ့ အစာအိမ် အခြေအနေကြောင့် အစားမစားရတာ၁နှစ်ရှိသွားပြီဖြစ်တဲ့မိန်းကလေး

“အခုချိန်မှာ ပီဇာတစ်ခုစားရဖို့အတွက် ကျွန်မဘာမဆိုလုပ်မယ်”

Gastroparesis ဆိုတဲ့ ရှားပါးအစာအိမ်ဝေဒနာတစ်မျိုးကြောင့် မနှစ်ကဇန်န၀ါရီလကထဲက ဘာအစာမှမစားနိုင်တော့တဲ့ အသက် ၁၆နှစ်အရွယ် လီလီတော့ဗ် ရဲ့နာနာကျင်ကျင်ပြောဆိုလိုက်ခြင်းပင်ဖြစ်ပါတယ်။
အသက် ၁၆နှစ်အရွယ်ဒီမိန်းကလေးဟာ ဘာအစားမှမစားရတာ တစ်နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ ရှားရှားပါးပါးအစာအိမ်ရောဂါတစ်မျိုးကြောင့် သူမရဲ့အစာအိမ်ဟာ ဘာအလုပ်မှမလုပ်တော့ဘဲ ရပ်သွားတာကြောင့် တစ်နေ့ကို ၁၈နာရီလောက် ပိုက်တွေထိုးသွင်းပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဆီဓာတ်၊ ဗီတာမင်ဓာတ်တွေဖြည့်တင်းပေးနေရတာဖြစ်ပါတယ်။
ဒီဝေဒနာကို သူမစတင်ခံစားခဲ့ရတာကတော့ သူမအသက် ၁၄နှစ်အရွယ်မှာဖြစ်ပြီး ထိုစဉ်က မူးဝေခြင်း၊ ပျို့အန်ခြင်းနှင့် ပြင်းထန်စွာအစာအိမ်အောင့်ခြင်းတွေကို စတင်ခံစားခဲ့ရပါတယ်။

ဒီရောဂါကိုအမည်တပ်ဖို့ ဆရာဝန်တွေအနေနဲ့ ၂နှစ်လောက်အချိန်ယူစစ်ဆေးခဲ့ရပြီး ဒီရောဂါဟာ UK မှာရှိတဲ့ လူဦးရေရဲ့ ၆ရာခိုင်နှုန်းခန့်သာ ကြုံတွေ့ရတဲ့ ရှားပါးရောဂါတစ်ခုဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ Gastroparesis ဆိုတာဟာ နာတာရှည် အစာအိမ်ဝေဒနာတစ်ခုဖြစ်ပြီး ဝေဒနာရှင်ရဲ့ အစာအိမ်ဟာ ပုံမှန်အတိုင်း အစာတွေကို ထုတ်သွင်းခြင်းမပြုနိုင်တော့တာမျိုးဖြစ်ပါတယ်။
လီလီရဲ့ အသက်ရှင်သန်ဖို့ တစ်ခုတည်းသောမျှော်လင့်ချက်ကတော့ အစာအိမ်စက်တစ်ခုအသုံးပြုဖို့သာဖြစ်ပါတယ်။
သူမကတော့ “ကျွန်မ အစားစားရဖို့ဆို ဘာမဆိုလုပ်နိုင်ပါတယ်။ ကျွန်မဘ၀က ကိုယ့်အကြိုက်ဆုံးအရာတစ်ခုကိုရှေ့မှာချထားပြီး ထိခွင့်ပေးမထားသူလိုပါပဲ။ ခရစ္စမတ်တွေက ကျွန်မအတွက်အခက်ခဲဆုံးအချိန်တွေပါပဲ။ ခရစ္စမတ်ဆိုတာ အစားအသောက်တွေနဲ့ပွဲလေ….။သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ လျှောက်သွားပြီး စားကောင်းသောက်ဖွယ်တွေကို သုံးဆောင်လို့မှမရတော့တာ။ တစ်ခါတလေကျရင် ထမင်းစားတဲ့အချိန်တွေကို ကျော်ပစ်လိုက်ချင်တယ်။ ကျွန်မလည်း စားချင်တာကိုး။ တစ်ချိန်ကစားခဲ့ဖူးတဲ့ ပီဇာတို့၊ ချောကလက်တို့၊ အသီးအရွက်တွေ၊ အသားကင်တွေရဲ့ အရသာကို ကျွန်မ အရမ်းလွမ်းမိတယ်။”

အကယ်၍သူမ တစ်ခုခုကိုစားသောက်လိုက်မယ်ဆိုရင် ရက်ပေါင်းများစွာ ကုတင်ပေါ်မှာ အန်နေပြီးတော့ ၊မူးဝေခြင်းနဲ့ ပြင်းထန်တဲ့ဝေဒနာတွေကို အလူးအလဲခံစားရမှာဖြစ်ပါတယ်။ စားသမျှအစာတွေဟာ အစာအိမ်ထဲမှာ မကြေညက်ဘဲ ထွက်ပေါက်မဲ့ကာ ပိတ်မိပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်မှာဖြစ်ပါတယ်။
လီလီဟာ သူမနာကျင်မှုတွေကို လျော့နည်းစေဖို့ Morphine နဲ့ Tramadol ဆေးတွေသုံးစွဲနေရပြီး ဒီဆေးတွေကြောင့် သူမဟာ ၀ှီးချဲပေါ်မှာ မှိန်းနေရတာများပါတယ်။

လီလီဟာ ကျောင်းကိုလွမ်းတာကြောင့် ဆေးရုံပေါ်မှာပဲ ဆရာတစ်ယောက်ငှါးကာ စာသင်ပြီး GCSE စာမေးပွဲတွေ ဖြေဆိုခဲ့ပါတယ်။
ယခုအချိန်မှာတော့ သူမရဲ့အစာအိမ်အတွက် နှလုံးစက်လိုပဲ အစာအိမ်ထဲထည့်သွင်းထားရမယ့် Gastric Pacemaker တစ်ခုတပ်ဆင်လို့ ရ/မရဆိုတာ ဆရာဝန်ကြီးရဲ့ အဖြေကိုစောင့်မျှော်နေတာဖြစ်ပါတယ်။

Ref – thesun.co.uk

Credit: Shwemom

No comments:

Post a Comment