Latest News

Wednesday, February 22, 2017

ရွေးချယ်ခွင့်မရကြသေးပါ

ရွေးချယ်ခွင့်မရကြသေးပါ

(တစ်)

ယခုရက်ပိုင်းအတွင်း ကျွန်တော့်ရင်ထဲ၌ ခိုးလိုးခုလုဖြစ်နေသော ကိစ္စလေးတစ်ခု ရှိပါသည်။ ‘ရွေးချယ်ခွင့်’ဆိုသော စကားလုံးလေး(သို့မဟုတ်) ကိစ္စလေးတစ်ခုက ကျွန်တော့်ကိုအတွေးပွားနေခဲ့ခြင်းပဲ ဖြစ်ပါသည်။ ကျွန်တော်တို့ အပြည့်အ၀ ‘ရွေးချယ်ခွင့်’ရခဲ့ကြပြီလား။ ကျန်တာတွေကို မပြောတော့ပါ။ အထူးသဖြင့် ပညာရေးဘက်မှာ ကျွန်တော်တို့အပြည့်အ၀ ရွေးချယ်ခွင့်ရပြီလား၊ ပွင့်လင်းမြင်သာမှုကော ရှိနေပြီလား။ စဉ်းစားတွေးတောကြည့်ချင်စရာတွေ ပဲ ဖြစ်ပါသည်။

(နှစ်)

တက္ကသိုလ်ကျောင်းသားဘ၀လည်း ဖြတ်သန်းဖူးသူ၊ ကျောင်းဆရာတစ်ယောက်လည်းဖြစ်နေသူ ကျွန်တော့်အတွက် ပညာရေးဘက်မှာ ရွေးချယ်ခွင့် နှင့်ပတ်သက်သည့် အတွေ့အကြုံ က နှစ်မျိုးရှိနေပါသည်။ တက္ကသိုလ်ကျောင်းသားဘ၀က ရွေးချယ်ခွင့်နှင့် ဆရာဘ၀ကရွေးချယ်ခွင့်။ ပညာရေးမှာ ရွေးချယ်ခွင့်က အတော်အရေးကြီးသည်ဟု ကျွန်တော်မြင်ပါသည်။ ပညာရပ်တိုင်းမှာ လွတ်လပ်ခွင့်၊ ရွေးချယ်ခွင့်ရှိမှသာလျှင် နေပျော်စရာကောင်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မည့်အပြင် တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်မှာပဲဖြစ်ပါသည်။ တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်စေချင်တယ်ဆိုရင် အဓိကအရေးကြီးသည့် ပညာရေးမဏ္ဍိုင်ကို အရင်ဦးဆုံးပြောင်းလဲပစ်သင့်သည်ကို ကျွန်တော်အထူးပြောဖို့ မလိုပေ။ ထိုနည်းတူ ပညာရေးမှာလည်း လွတ်လပ်စွာ ရွေးချယ်ခွင့်ကို အပြည့်အ၀ပေးဖို့ အင်မတန်လိုအပ်ပါသည်။ ဘာကြောင့်လိုအပ်သ နည်း။ ကျွန်တော်သေချာရှင်းပြပါမည်။ ပညာရေးမှာ လွတ်လပ်စွာရွေးချယ်ခွင့်ရှိသင့်သည့်အကြောင်းမပြောမီ ကျွန်တော့်သူငယ်ချင်း ကျောင်းဆရာတစ်ယောက် အကြောင်းကို အရင်ဦးဆုံးပြောချင်ပါသည်။ ရွေးချယ်ခွင့်နှင့် ဆက်စပ်ပတ်သက်နေလို့ပဲ ဖြစ်ပါသည်။ တစ်နေ့သူနှင့် ကျွန်တော်ပညာရေးအကြောင်းဆွေးနွေးမိရင်း တစ်နေရာအရောက်မှာ သူကရယ်သလိုလို၊ အရွှန်းဖောက်ပြောသလိုလိုနှင့် စကားတစ်ခွန်း ဆိုလာပါသည်။ ‘‘ငါကတော့ကွာ ရူပဗေဒ(Physics) ကို အထူးစိတ်ဝင်စားတယ်။ ရူပဗေဒ (Physics) ပဲသင်ချင်တယ်။ ဒါပေမဲ့ တကယ်လို့များ တာဝန်ရှိသူတွေက တခြားဘာသာရပ်တွေ ပေးလာခဲ့ရင် ကျွန်တော်မကြိုက်နှစ်သက်ဘဲ သင်ရတဲ့ဘာသာရပ်တွေဖြစ်တဲ့အတွက် အဲဒီဘာသာရပ်တွေ အောင်ချက်ကျရင် ကျွန်တော်တာဝန်မယူနိုင်ဘူးလို့ ပြန်ပြောမယ်ကွာ’’ဟု။ ထိုစကားပြောပြီး သူ့မျက်နှာကို ကျွန်တော်ကြည့်လိုက်တော့ တကယ့်ကို အတည်ပေါက်ကြီးနှင့် ပြောနေခဲ့ခြင်းဖြစ်ပါသည်။ ရွေးချယ်ခွင့်။ ကျွန်တော့်သူငယ်ချင်းကျောင်းဆရာပြောတဲ့ လွတ်လပ်စွာရွေးချယ်ခွင့်။ ဟုတ်ပါသည်။ သူက တကယ့်ကို ရူပဗေဒ(Physics) ခရေဇီ(Crazy)။ တကယ့်ကို စွဲစွဲနစ်နစ် လေ့လာလိုက်စားနေသူ။ ကျောင်းတက်နေစဉ် ကာလတစ်လျှောက် ရူပဗေဒနှင့်ပတ်သက်သည့် စာအုပ်စာတမ်းတွေကို ကျောင်းစာကြည့်တိုက်တို့။ စာအုပ်ဆိုင်တွေမှာ ၀ယ်ယူစုဆောင်းနေသူ။ သူ့အ၀တ်အစားသေတ္တာထဲမှာ အ၀တ်အစားတွေ ဘာမျှ မရှိ။ ရူပဗေဒ(Physics)နှင့် ပတ်သက်ဆက်နွှယ်နေသည့် စာအုပ်တွေသာ ပြည့်နှက်နေသည်။ စာအုပ်တွေ ... စာအုပ်တွေ ရူပဗေဒ (Physics)နှင့်ပတ်သက်နေသည့် စာအုပ်တွေအပြည့်။ သူ့ကိုကျွန်တော်လန့်သွားမိသည်။ သူနှင့် စကားပြောတိုင်း ရူပဗေဒ(Phy -sics)အကြောင်းမပါမပြီး။ သူနှင့်စကားပြောတိုင်း ကျွန်တော့်မှာ ဗဟုသုတတစ်ခုခု အမြဲရသည်။

ဘယ်လောက်တောင် ရူပဗေ ဒ(Physics)ကို အရူးအမူးဖြစ်သလဲဆိုရင် နိုင်ငံခြားဇာတ်ကားတွေဖြစ်တဲ့ သိပ္ပံကားတွေကြည့်ရင် တောင်ဘယ်လို ရူပဗေဒ(Physi -cs)သဘောတရားနှင့် ဆက်စပ်ပတ်သက်နေလဲဆိုပြီး သေချာဂရု တစိုက် ရှာဖွေကြည့်သည်အထိပင်။ ဂျက်လီ(Jet Li) ရဲ့ နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ The One ဇာတ်ကားမှာပါသည့် ရူပဗေဒသဘောတရားအကြောင်း ကို သူနားလည်သလို ကျွန်တော့်ကို ရှင်းပြဖူးသည်။ သူ့ထင်မြင် ချက်၊ ခန့်မှန်းချက်တွေနှင့် ပြီးစလွယ်ရှင်းပြနေခြင်းမျိုး မဟုတ်။ အကိုးတွေ အကားတွေ၊ ပညာရှင်တွေ၏ တွေ့ရှိချက်တွေနှင့်ထောက်ထားပြီး ရှင်းပြနေခြင်းဖြစ်သည်။ အလင်းရဲ့ အလျင်ထက်မြန်အောင်သွားနိုင်ရင်ဘယ်လို၊  အိုင်းစတိုင်းရဲ့သီအိုရီက ဘယ်လို စသည်စသည်ဖြင့် နေ့စဉ်သူ့နှုတ်ဖျားမှ ထွက်ကျလာနေသော ရူပဗေဒသဘောတရားတွေ။ ကျွန်တော်သူ၏ ရူပဗေဒ(Physics) ဘာသာရပ်အပေါ် စိတ်ဝင်စား တိမ်းညွတ်မှု ကြီးမားပုံကို တွန့်သွား၊ ဖြုံသွားမိသည်။ အမှန်ကို လက်ဖျားခါလောက်သည်အထိပင်။ ပညာရေးမှာ တကယ့်တကယ် သူစိတ်ဝင်စားမှုရှိသည်က ရူပဗေဒ(Physics)။ သို့သော် တကယ့်တကယ် သူတန်းပြဆင်းပြီး သင်ခဲ့ရသည့် ဘာသာရပ်က ဘောဂဗေဒ(Eco)။ စိတ်မ၀င်စား။ သူတကယ့်ကို စိတ်မ၀င်စား။ မသင်ချင်။ ဘာသာရပ်အပေါ်မှာလည်း အာရုံစူးစိုက်မှုမရှိ။ နစ်နာသည်။ သေချာတွေးကြည့်လျှင် ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း နစ်နာသလို သူ့အတွက်လည်း အချိန်ကုန်၊ အကျိုးမရှိ။ ဘယ်သူ့ဘယ်သူအတွက်မှ မကောင်း။ မရ။ သူလွတ်လပ်စွာ ရွေးချယ်ခွင့်မရ။ ကျောင်းကချပေးသည့် ဘာသာရပ်ကိုပဲ သင်ရသည်။ ကျောင်းကချပေးသည့် ဘာသာရပ်ကိုပဲ ယူရသည်။ သူ့စိတ်ကြိုက်ရွေးချယ်သင်ယူခွင့်မရ။ အထက်က စိုးမိုးချုပ်ကိုင်နေသော စနစ်။ ပြင်သင့်၊ မပြင်သင့် တာဝန်ရှိသူတွေ စဉ်းစားပေးစေချင်သည်။

(သုံး)

ကျွန်တော့်ဘ၀ အတွေ့အကြုံကလည်း ကျွန်တော်သူငယ်ချင်း ကျောင်းဆရာနည်းတူ။ ကျွန်တော်ရန်ကုန်ပညာရေးတက္ကသိုလ်ကို စ၀င်တော့ အဓိကဘာသာရပ်နှစ်ခု ယူရသည်။ ကျွန်တော်က သိပ္ပံတွဲဆိုတော့ ‘ရူပ၊ ဓာတု၊ ဇီဝ’ထဲက ကြိုက်သည့်ဘာ သာရပ်နှစ်ခုယူ။ ကျွန်တော်က ရူပ နှင့် ဇီဝကိုစိတ်ဝင်စားသည့်အ တွက်ကြောင့် ‘ရူပ၊ ဇီဝ’ဆိုပြီး ယူလိုက်သည်။ သို့သော် ..တကယ့်တကယ် ဘာသာရပ်ထွက်လာသောအခါ ‘ဓာတု၊ ဇီဝ’ဖြစ်နေသည်။

ကျွန်တော်မေးကြည့်တော့ ရူပဗေဒဘာသာရပ်ယူသူတွေက အလွန်များနေပြီး စာသင်ခန်းလည်း မဆံ့အောင်ဖြစ်နေသည့်အတွက် ဂုဏ်ထူးထွက်၊ မထွက်နှင့် ခွဲထုတ်လိုက်ခြင်းဖြစ်သည်ဟုဆိုလာသည်။ ဆိုလိုချင်သည်က ဆယ်တန်းမှာ ရူပဗေဒဂုဏ်ထူးထွက်လျှင် တက္ကသိုလ်မှာလည်း ရူပဗေဒယူလို့ရသည့်သဘော။ ကျွန်တော် နားလည်ပေးလိုက်သည်။

ဒါကြောင့် ကျွန်တော့်ပထမ နှစ်၊ ဒုတိယနှစ်ဘာသာအတွဲက ‘ဓာတု၊ ဇီဝ’။ တတိယနှစ်ရောက်သောအခါ အထူးပြုသာသာ တစ်ဘာသာထပ်ယူရသည်။ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာထဲက ကြိုက်သည့်ဘာသာတစ်ခုယူ။ တတိယနှစ်အရောက်မှာ အားလုံးအလဲလဲအကွဲကွဲ။ မြန်မာစာယူချင်လို့ လျှောက်ထားသည့်သူက သင်္ချာရလိုရ၊ သင်္ချာယူချင်လို့ လျှောက်ထားသည့်သူက အင်္ဂလိပ်စာရလိုရ၊ အင်္ဂလိပ်စာယူချင်လို့ လျှောက်ထားသည့်သူက မြန်မာစာရလို့ရ။ အားလုံးမျှော်လင့်ချက်ကိုယ်စီဖြစ်မလာသောအခါ မျက်ရည်အ၀ိုင်းသားနှင့်။ ငိုသူငို၊ ကျောင်းထွက် မယ်လို့ပြောသူပြော။ တချို့ကျတော့လည်း မိမိလျှောက်ထား သည့် ဘာသာရပ်ရလို့ ပျော်သူ ပျော်။ ကျွန်တော်ကော ဘာထူးလို့ နည်း။ အင်္ဂလိပ်စာအားနည်းနေသည့်အတွက် အင်္ဂလိပ်စာလေ့ လာလိုက်စားမယ်ဆိုပြီး အင်္ဂလိပ် စာလျှောက်လိုက်သည်။ သို့သော် ကျလာသည့်ဘာသာရပ်က သင်္ချာ။ဒီတစ်ခါတော့ ကျွန်တော်ဘာသာရပ်ချပေးသည့် တာဝန်ရှိသူတွေကို သွားမေးကြည့်သည်။ ဘယ်သူမျှ တိကျရေရာသော အဖြေမပေး နိုင်။ မသိဘူးဟုသာ ငြင်းလွှတ်သည်။ ကျွန်တော်တကယ်ကို စိတ် ရှုပ်ထွေးသွားမိသည်။ ရွေးချယ်ခွင့်မရ။ ကျွန်တော်ကြိုက်နှစ်သက် သည့် ဘာသာရပ်ကို ရွေးချယ်ခွင့်မရ။ သင်ယူခွင့်မရ။ ပွင့်လင်းမြင်သာမှုမရှိ။ ဘာတွေကြည့်ပြီး ဒီလို ချပေးလိုက်ရပါသည်ဆိုသည့် ထွက်ဆိုချက်မလာ။

သည်နေရာမှာ စကားကြုံလာလို့ M.Ed ၀င်ခွင့်အကြောင်းလေးလည်း အနည်းငယ်ပြောချင်သေးသည်။ M.Ed ၀င်ခွင့်ရဖို့အတွက် အမှတ်တွေကို ဘယ်နှစ်က စယူသလဲဆိုတာ သေချာရေရာ ရှင်းပြမထား။ တချို့ဆရာ၊ ဆရာ မတွေက ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ ရမှတ်တွေကို ယူတယ်လို့ ပြောသူပြော၊ တချို့ကျ ပြန်တော့လည်း နောက်ဆုံးတစ် နှစ်(သို့မဟုတ်) ၂ နှစ်ပဲ ယူတယ်လို့ပြောသူပြော။ တိကျရေရာသော အဖြေထွက်မလာ။ ထွေပြားေ၀၀ါးနေသော အဖြေတွေသာပေးလာသည်။ ကျွန်တော်ပြောချင်သည်က ပညာရေးမှာလွတ်လပ်စွာ ရွေးချယ်ခွင့်ရှိဖို့ လိုအပ်သလို ပွင့်လင်းမြင်သာမှုရှိဖို့လည်း အထူးလိုအပ်ပါသည်။ သည်နေရာမှာ ကျွန်တော်တစ်ခုတွေးကြည့်မိသည်။ အကယ်၍များ ကျောင်းသား၊ ကျောင်းသူတွေကို သူတို့လိုချင်သည့်၊ စိတ်ဝင်စားသည့် ဘာသာရပ်တွေကို ပေးလိုက်လို့ရလာသည့် အကျိုးဆက်နှင့် မလိုချင်သည့် ဘာသာရပ်တွေကို ပေးလိုက်လို့ရလာသည့် အကျိုးဆက် ဘယ်အရာက အကောင်းဘက်ပိုများမလဲလို့။ တာဝန်ရှိသူတွေ စဉ်း စားကြည့်စေချင်လို့ပါ။ တခြားဘက်က လှည့်တွေးစရာကလည်း ပေါ်လာပြန်သည်။ အားလုံးယူချင် သည့်၊ လိုချင်သည့် ဘာသာရပ်ဘက်မှာ လူတွေအဆမတန်များလွန်းလို့ ဘာသာရပ်အချိုးအစားမျှအောင် တခြားဘာသာရပ်တွေဆီကို လူတွေခွဲထုတ်ပေးလိုက်ရတာ များလား။

ဆိုလိုချင်သည်မှာ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀၀ ကျော်ရှိသည်ဆိုလျှင် လူ ၃၀၀ လောက်က တစ်ဘာသာတည်းကို ကွက်ယူနေလို့လားလို့။ ဥပမာ -သင်္ချာဘာသာရပ်မှာပဲ လူတွေ များနေပြီး ကျန်တဲ့ဘာသာရပ်တွေ ဖြစ်သည့် မြန်မာစာတို့၊ အင်္ဂလိပ်စာတို့မှာ လူမရှိတာမျိုးလား။ ထို့အတူလုပ်ငန်းခွင်ရောက်သည့်အခါ ဘာသာရပ်တူသူဆရာ၊ ဆရာမတွေက များလွန်းနေလို့လား၊ ဖောင်းပွနေလို့လား။ ဥပမာတစ်ခုဆိုရလျှင် ကိုးတန်းမှာ အင်္ဂလိပ်စာသင်ချင်သည့် ဆရာ၊ ဆရာမတွေက အရေအတွက်များလွန်းနေပြီး မြန်မာစာကျတော့ သင်ချင်တဲ့လူမရှိတာမျိုးလား။ သည်နေရာမှာ အရေအတွက်နဲ့ အရည်အသွေး ဘယ်သူ့ကိုဦးစားပေးမလဲ။ ကျွန်တော်ရှေ့နားမှာ ဖော်ပြခဲ့သည့် ကိစ္စလေးတွေဖြစ်လာခဲ့ရင်ကော ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။ ကြိုတင်ပြီးကော ဒီပြဿနာ တွေကို တွေးထားပြီးပြီလား။ ဒီလိုကိစ္စတွေကို ဖြေရှင်းဖို့အစီအစဉ်တွေကော ချမှတ်ဆောင်ရွက်ထား ပြီးပြီလား။ ဘက်စုံ၊ ထောက်စုံကနေ စဉ်းစားတွေးတောကြည့်ချင်စရာတွေပဲ ဖြစ်ပါသည်။ ထား။

(လေး)

ကျွန်တော်တို့ပညာရေးမှာ ဆရာ၊ ဆရာမတွေ လွတ်လပ်စွာ ရွေးချယ်ခွင့် မရကြသေးသည့် ကိစ္စလေးတွေကို ကျွန်တော့်အတွေ့အကြုံ၊ ကျွန်တော်ဉာဏ်မီသလောက် တင်ပြပေးလိုက်ပါပြီ။ ကျွန်တော့်အတွေးမှန်၊မမှန်၊ သင့်၊ မသင့်ကို စာဖတ်သူများကိုယ်တိုင်သာ စဉ်းစားသုံးသပ်အကဲဖြတ်ပေးပါရန်။ ကျွန်တော့်ဘက်က သေချာစွာပြောနိုင်သည့် အချက်တစ်ချက်တော့ ရှိပါသည်။ ကျောင်းသား၊ ကျောင်းသူတွ၊ ဆရာ၊ ဆရာမတွေကို သူတို့စိတ်ဝင်စားသည့် ယူချင်သည့် ဘာသာရပ်လေးတွေကို လွတ်လပ်စွာရွေးချယ်ခွင့်ပေးလိုက်ခြင်းဖြင့် ပညာရေးမှာ အကျိုးမယုတ်နိုင်ဟူသောအချက်ပဲ ဖြစ်ပါသည်။   ။



7Day News Journal

No comments:

Post a Comment