Latest News

Wednesday, February 22, 2017

ပြည်ပတင်ပို့မည့်သစ်များအပေါ် အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံလျှင် သစ်အခြေခံလုပ်ငန်းများ ရပ်ဆိုင်းဖွယ်ရှိဟု လုပ်ငန်းရှင်များဆို

ပြည်ပတင်ပို့မည့်သစ်များအပေါ် အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံလျှင်

သစ်အခြေခံလုပ်ငန်းများ ရပ်ဆိုင်းဖွယ်ရှိဟု လုပ်ငန်းရှင်များဆို



လာမည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ သစ်တင်ပို့မှုအပေါ် အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံမည် ဆိုပါကပြည်တွင်းရှိ သစ်အခြေခံလုပ်ငန်းများ ရပ်ဆိုင်းဖွယ်ရှိကြောင်း လုပ်ငန်းရှင်များက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားသည်။

‘‘နိုင်ငံခြားပို့တဲ့ ဘယ်ကုန်ပစ္စည်းဖြစ်ဖြစ် အခွန် ၅၀ ရာခိုင်နှုန်း အခွန်ဆောင်ရမယ်ဆိုရင် ဘယ်ပစ္စည်းမှ မကိုက်ဘူး။ ကုန်ပစ္စည်း အရောင်းအ၀ယ်မှာ ၁၀ ရာခိုင်နှုန်းမြတ်ရင် ပုံမှန်၊ ၂၀ ရာခိုင်နှုန်းမြတ် အောင် လုပ်နိုင်ရင် အင်မတန်တော်တဲ့သူ၊ အခုက ၁၀ ရာခိုင်နှုန်းမပြောနဲ့ ၅ ရာခိုင်နှုန်းမြတ်ရင်တောင် လုပ်နေကြတာပဲ။ အဲဒါကိုသူက ၅၀ ရာခိုင်နှုန်းကောက်မယ်ဆိုတော့ ဘယ်လိုလုပ်လုပ်လို့ရမတုံး၊ မဖြစ်နိုင်တာပဲ’’ဟု မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ဆက်လက်ပြောကြားသည်။

ပြည်ပသို့ သစ်တင်ပို့မှုအပေါ်ယခင်က ၅ ရာခိုင်နှုန်းကောက်ခံခဲ့ရာမှ ယခုအစိုးရသစ်လက်ထက်တွင် ပို့ကုန်တန်ဖိုးအမြတ်ငွေအပေါ် ၅၀ ရာခိုင်နှုန်းကောက်ခံရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းရေးကော်မတီက လွှတ်တော်သို့ တင်သွင်းထားသည်။

‘‘အခုလို လုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ မပို့နိုင်တော့ဘူး။ တစ်တန်ကို ၅,၀၀၀ ရောင်းမယ့်ပစ္စည်းက ၇,၅၀၀ ရောင်းမှရနိုင်တော့မယ်။ ၀ယ်တဲ့သူ ဘယ်လိုလုပ်ဝယ်တော့မလဲ။ နိုင်ငံအတွက် လုံးဝနစ်နာသွားပြီ’’ဟု မြန်မာသစ်တောထောက်ခံချက်ပြုရေးကော်မတီ အတွင်းရေးမှူး ဦးဘာဘာချို က ပြောသည်။

ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုများရပ်ဆိုင်းထားသော်လည်း သစ်အချောထည်ထုတ်လုပ်မှုသည် တိုးတက်မှုမရှိခြင်းနှင့် ပြည်ပဈေးကွက်အခိုင်အမာမရှိသည့်အခြေအနေတွင် အမြတ်ငွေတွင် အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံခြင်းသည် လုပ်ငန်းရှင်များအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

ပုဂ္ဂလိကသစ်အချောထည် နှင့် ခွဲသားလုပ်ငန်းတွင် သစ်လုပ်ငန်းရှင် ၁,၅၀၀ ကျော်ရှိသည့်အနက် ကွန်တိန်နာဖြင့် ပြည်ပတင်ပို့ နိုင်သော လုပ်ငန်းရှင် ၁၅ ဦးခန့်သာရှိပြီး စီးပွားဖြစ်တင်ပို့နိုင်သည့် လုပ်ငန်းရှင်သည် နှစ်ဦးနှင့် သုံးဦးကြားခန့်သာရှိသည်ဟု မြန်မာ့သစ်လုပ်ငန်း၏ စာရင်းဇယားများ၌ ဖော်ပြထားသည်။



7Day News Journal

No comments:

Post a Comment