Latest News

Saturday, February 25, 2017

တရားမ၀င်သစ်တွေ တင်ဆောင်လာတဲ့ ကား ၇ စီးကို ဖမ်းမိ

တရားမ၀င်သစ်တွေ တင်ဆောင်လာတဲ့ ကား ၇ စီးကို ဖမ်းမိ

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တရားမဝင်ပိတောက်သားတွေ တင်ဆောင်လာတဲ့ သစ်ကား ၇ စီးကို မနေ့ညကစတင်ဖမ်းဆီးရမိခဲ့တယ်လို့ မော်လမြိုင် - သထုံခရိုင် သစ်တောဦးစီးဌာနက သိရပါတယ်။

မနေ့ညကစပြီး ဒီနေ့မနက်အထိ ရှာဖွေစစ်ဆေးတွေ့ရှိချက်တွေအရ နေရာ ၃ ခုမှာ ကား ၇ စီး ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မော်လမြိုင် - သထုံခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင် က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် ည ၁၁ နာရီလောက်က မော်လမြိုင်-မုဒုံ လမ်း တိုးဂိတ်မှာ ၃ စီး၊ ဒီနေ့မနက်ပိုင်းမှာ ပေါင်မြို့နယ် ဘန်းဗွေ့ကုန်းကျေးရွာမှာ ၃ စီးနဲ့ ကြက်ငူကျေးရွာမှာ ၁ စီး စုစုပေါင်း သစ်ကား ၇ စီး ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အဲဒီသစ်ကား ၇ စီးပေါ်မှာ တင်ဆောင်လာတဲ့ ပိတောက်သား တန်ချိန် ၆၀ ခန့် ရှိတယ်လို့ သိရပါတယ်။

အဲဒီတရားမဝင်သစ်တွေကို ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ကနေ ကုန်တင်ကားတွေနဲ့ တင်ဆောင်လာခဲ့တာဖြစ်ပြီး ကားပေါ်မှာ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ပါဝင်တာဖြစ်ပါတယ်။

အဲဒီကား ၇ စီးပေါ်မှာပါလာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် စုစုပေါင်း ၁၄ ဦးထဲက ၁၂ ဦးကို သစ်တောဦးစီးဌာနက ဖမ်းဆီးစစ်ဆေးနေပြီး ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။
 
ကားပေါ်ပါလာတဲ့ သစ်တွေကို မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝန်ကျေးရွာကို ပို့ဆောင်ရမှာဖြစ်တယ်လို့ လတ်တလောစစ်ဆေးတွေ့ရှိချက်တွေအရ သိရပါတယ်။

မွန်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် ၂လအတွင်း တရားမ၀င်ပိတောက်သားတွေ ဖမ်းမိတာ ဒါပထမဆုံး ဖြစ်ပါတယ်။

Photo: Kyaw Lwin Oo/RFA

(မော်လမြိုင် - သထုံခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင် ကို တွေ့ရစဉ်)

No comments:

Post a Comment