Latest News

Saturday, February 25, 2017

စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရမယ့်ကာလကို ရွှေ့ဆိုင်းပေးဖို့ မြောက်ဦးတောင်သူတွေ ဆန္ဒပြ

စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရမယ့်ကာလကို ရွှေ့ဆိုင်းပေးဖို့ မြောက်ဦးတောင်သူတွေ ဆန္ဒပြ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ စပါးဈေးနှုန်းတွေ ကျဆင်းနေပြီး ဝယ်ယူသူမရှိဖြစ်နေတဲ့အတွက်  စိုက်ပျိုးစရိတ် ချေးငွေ ပြန်လည်ပေးဆပ်ရမယ့်ကာလကို ရွှေ့ဆိုင်းပေးဖို့ ဒေသခံ တစ်ထောင် ခန့်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒေသခံတောင်သူတွေဆီမှာ စပါးတောင်း တစ်ထောင်ကနေ သောင်းနဲ့ချီပြီး အရောင်းဝယ်မဖြစ်ဘဲ ရှိနေတယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ မြောက်ဦးမြို့နယ် ထမ္မရာဇ်ရပ်ကွက်က ဦးလှအောင်စိန် က ပြောပါတယ်။

"ဧကများရင် များသလောက်ပေါ့နော် အနည်းဆုံးလယ်သမားတွေဆီမှာ တစ်ထောင်၊ နှစ်ထောင် သောင်းကို ချီပြီးရှိတာပေါ့။ တစ်ထောင်ကနေပြီး သောင်းကိုချီလို့ရှိပါတယ်။ အန်ကယ်တို့က အခက်အခဲရှိတာက စိုက်ဘဏ်ကနေ အန်ကယ်တို့ကို နောက်ဆုတ်ပေးဖို့ ဆိုင်းငံ့ပေးဖို့နဲ့ နည်းနည်းလောက် စာနာထောက်ထားပေးဖို့ပေါ့နော်"

မြောက်ဦးမြို့နယ် ထမ္မရာဇ်၊ အုတ်ဖိုကန်၊ မောင်ရွှေကန်၊ သံချောင်းရွာသစ်နဲ့ ရွာဟောင်း၊ ပီပင်ရင်း၊ ပေါက်တောပြင်၊ ဝေသာလီ စတဲ့ကျေးရွာ ၂၀ ခန့်က ဒေသခံတောင်သူ တစ်ထောင်ခန့်ဟာ မြောက်ဦးမြို့နယ် ရှစ်သောင်းဘုရားကြီးရှေ့ကနေ စတင်ပြီး မြို့တပတ် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒေသခံတွေအနေနဲ့ တစ်ဧကကို တစ်သိန်းခွဲနှုန်းနဲ့ အများဆုံး ကျပ် ၁၅ သိန်းခန့် စိုက်ပျိုးရေးနဲ့ မွေးမြူရေးဘဏ်က ချေးငွေယူထားတာဖြစ်ပြီး လာမယ့် ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ချေးငွေတွေကို အတိုးနဲ့ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။

မြောက်ဦးမြို့နယ်မှာ သိရိဒုံ၊ ဧည့်မထ၊ ရွှေဝါဝင်း အစရှိတဲ့ စပါး ခြောက်ပြည်ဝင် တောင်း ၁၀၀ ကို ပြီးခဲ့တဲ့နှစ်က ကျပ်သိန်း ၂၀ ဈေးပေါက်ခဲ့ပြီး လက်ရှိမှာ တစ်သိန်းခွဲကျပ်သာဈေးရှိကြောင်းနဲ့ အဲဒီကျဆင်းနေတဲ့ ဈေးနှုန်းနဲ့လည်း ဝယ်ယူမယ့်သူမရှိဖြစ်နေတယ်လို့ ပြောပါတယ်။

ဒေသခံတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ ဒီလဆန်းပိုင်းမှာ တောင်သူ ၄၀၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုးပြီး နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မေတ္တာရပ်ခံစာပေးပို့ထားပေမယ့် ထူးခြားမှုမရှိသေးတာကြောင့် ဒီနေ့ ဆန္ဒထုတ်ဖော်ကြတာ ဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဓါတ်ပုံ - ရခိုင် သဇင်

(စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရမယ့်ကာလကို ရွှေ့ဆိုင်းပေးဖို့ မြောက်ဦးတောင်သူတွေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်)

R F A

No comments:

Post a Comment