Latest News

Monday, February 20, 2017

မွန်ပြည်နယ်ဝန်ကြီးချုပ်အသစ်အဖြစ် ဒေါက်တာအေးဇံကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံထား

မွန်ပြည်နယ်ဝန်ကြီးချုပ်အသစ်အဖြစ် ဒေါက်တာအေးဇံကို အမျိုးသား

ဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံထား

မော်လမြိုင်၊ ၂၀ ဖေဖော်ဝါရီ ၂၀၁၇

မွန်ပြည်နယ်ဝန်ကြီးချုပ်အသစ်အဖြစ် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံကို ထောက်ခံထားတယ် လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုကော်မတီဝင် ဦးဝင်းထိန်က Mawlamyine Daily ကို အတည်ပြု ပြောကြားခဲ့ပါတယ်။

NLD ပါတီက မွန်ပြည်နယ်ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ထားတဲ့ ဒေါက်တာအေးဇံကို ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ကရွေးချယ်ထားတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် လွှတ်တော်အတွင်း အတည်ပြု ဆုံးဖြတ်ရအုံးမှာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်လွှတ်တော်က အတည်ပြုဆုံးဖြတ်ပြီးမှသာ မွန်ပြည်နယ်ဝန်ကြီးချုပ် အဖြစ် အတည်ပြုရွေးချယ်ခံရမှာဖြစ်ပါတယ်။

မွန်ပြည်နယ်လွှတ်တော်မှာ မဲဆန္ဒနယ်အသီးသီးက ပြည်သူတွေရွေးချယ်ထားတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် ၃၁ ယောက်ရှိပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါက်တာ အေးဇံ ဟာ အဘ ဦးကျော်ဇံ၊အမိ ဒေါ်ရင်မြတို့မှ မွန်ပြည်နယ် မုဒုံမြို့ မှာ ၁၉၅၄ ခုနှစ် ဧပြီ ၄ ရက်နေ့ကမွေးဖွားခဲ့သူပါ။

မွန်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ ဒေါက်တာအေးဇံဟာ သူမွေးဖွားရာ ဇာတိဖြစ်တဲ့ မုဒုံမြို့ ၊သင်္ဘောဦးရပ်က မူလတန်းကျောင်း၊အ.ထ.က(၁) မုဒုံနဲ့ အ.ထ.က(သံဖြူဇရပ်)၊ ရှမ်းပြည်နယ်က အ.ထ.က(သီပေါ) ကျောင်းတွေမှာ အခြေခံပညာကို သင်ယူခဲ့ရပါတယ်။အခြေခံ ပညာကို သင်ယူခဲ့ပြီးနောက် မှာတော့ သူဟာ ရန်ကုန် ဆေးတက္ကသိုလ်(၂)မင်္ဂလာဒုံ မှာ M.B.B.S(YGN) ဒေါက်တာဘွဲ့ကိုရရှိခဲ့ပြီး ဆရာဝန်အလုပ်ကို လုပ်ကိုင်နေသူပါ။

ဒေါက်တာအေးဇံ သည် ဇနီး၊သား (၃)ယောက်၊သမီး (၁)ယောက်နဲ့အတူ မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ နေထိုင်လျက်ရှိသူဖြစ်ပြီး ဇနီးကတော့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းကိုလုပ်ကိုင်နေသူပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကျိုက်ထိုမြို့နယ် ဥက္ကဋ္ဌ နဲ့ ပါတီ ဗဟိုကော်မတီဝင်တစ်ဦး ဖြစ်သူ ဒေါက်တာအေးဇံဟာ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်အရွေးခံခဲ့ရသူပါ။သူဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ခဲ့ဖူးသူပါ။

လက်ရှိမှာတော့ ဒေါက်တာအေးဇံဟာ မွန်ပြည်နယ် လွှတ်တော်မှာ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ နဲ့ သဘာဝသယံဇာတရေးရာ ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။

Mawlamyine Daily

No comments:

Post a Comment