လှိုင်သာယာတွင် ဇနီးက ယောက်ျားကို ဓားနှင့်ထိုးသတ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
လှိုင်သာယာမြို့နယ် ညောင်ရွာ၊ ဆိပ်ကမ်းသာလမ်းရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီလ ၁၈ ရက် ည ၈ နာရီခန့်က အသက် ၄၆ နှစ်ရှိ အမျိုးသားကို ဇနီးဖြစ်သူက ဓားနှင့် ထိုးသတ်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယင်းနေ့က လင်မယားနှစ်ဦးသည် အကြွေးကိစ္စဖြင့် စကားများ ရန်ဖြစ်ပြီး လုံးထွေးသတ်ပုတ်စဉ် နေအိမ်ရှိ စတီးဓားဖြင့် ဒေါ်ကြည်ကြည်သင်းက ဦးဇော်မျိုးထွန်းကို ထိုးသတ်ခဲ့ရာ ညာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိပြီး နေအိမ်မှ အင်းစိန်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“အကြွေးကိစ္စ စကားများတာလို့ သိရပါတယ်။ စကားများတဲ့အချိန် လုံးထွေးသတ်ပုတ်ရင်း မီးဖိုချောင်သုံး စတီးဓားနဲ့ ရင်အုံကို တစ်ချက်တည်း ထိုးလိုက်တာ။ ချက်ကောင်းမိတဲ့အတွက် သေသွားတာပါ” ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းလူသတ်မှုနှင့် ပတ်သက်၍ ဇနီးဖြစ်သူ အသက် ၃၆ နှစ်ရှိ ဒေါ်ကြည်ကြည်သင်းကို လှိုင်သာယာ မြို့မရဲစခန်းက (ပ) ၄၀၉/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်၊ အမှုကြီးဆယ်မျိုးတွင် ၃၉၇ မှုအနက် လူသတ်မှု ၁၉၁ မှု ပါဝင်ပြီး ၂၀၁၆ ခုနှစ်တွင် ၄၆၉ မှုအနက် လူသတ်မှု ၁၈၀ ပါဝင်ကြောင်း၊ ယင်းအမှုကြီး ဆယ်မျိုးတွင် ၇၂ မှု တိုးပွားလာပြီး လူသတ်မှု လျော့ကျခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
J 16
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment