Latest News

Thursday, February 16, 2017

အင်းစိန် အောင်စိုးနှင့် တွေ့ဆုံခြင်း

အင်းစိန် အောင်စိုးနှင့် တွေ့ဆုံခြင်း

NLD ပါတီ ဥပဒေအကြံပေး ဦးကိုနီ အသတ်ခံရမှုတွင် ဖမ်းဆီးခံထားရသော အောင်ဝင်းဇော်က အိုးဘိုထောင်တွင် ဆုံတွေ့ခဲ့ရသော ကိုအောင်စိုးကို လာရောက်တွေ့ဆုံပြီး သံတမန်တစ်ဦးကို  လုပ်ကြံပေးရန် ကမ်းလှမ်းခဲ့ပြီး ကိုအောင်စိုးက ပြန်လည်ဆက်သွယ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ လူသတ်ရန် ကမ်းလှမ်းခဲ့သူကို ပြန်လည်ဆယ်သွယ်သည်ဟု ဆိုသော အင်းစိန်မြို့နယ်တွင် နေထိုင်သူ ကိုအောင်စိုးကို သူ၏ဆံပင်ညှပ်ဆိုင် ဖွင့်လှစ်ထားရာ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်သို့ သွားရောက်တွေ့ဆုံ၍ မေးမြန်းခဲ့သည်များမှ ကောက်နုတ်ဖော်ပြပါသည်။

Voice : နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အစ်ကိုဘာများ ဖြည့်စွက်ပြောချင်လဲ။

KAS : ဘာပဲဖြစ်ဖြစ် သမ္မတရုံး ထုတ်ပြန်ချက်ကို ဖတ်ကြည့်လိုက်တဲ့အချိန်မှာ စိတ်ပူသွားတယ်၊ အခေါက်ခေါက် အခါခါ ပြန်ဖတ်တယ်၊ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ချက်ထဲမှာ ကိုယ်ကလုပ်ချင်လို့ ပြန်ဆက်သွယ်တဲ့ သဘော ဖြစ်နေတယ်၊ ကိုယ်က ဖွင့်ပြောထားတာ မှန်သွားတာ၊ ဒီအတိုင်း ဖွင့်မပြောဘဲ နေလိုက်ရင် အခုဆို အချုပ်ထဲ ရောက်နေမလား မသိဘူး၊ ဘာပဲဖြစ်ဖြစ် ကိုယ်က အမှန်တရားအတိုင်း ရပ်တည်နေတာပဲ။ သူပြောတော့လည်း သူ့စကားပေါ့။

Voice : လူသတ်ဖို့ ကမ်းလှမ်းတဲ့ အောင်ဝင်းဇော်ထံကို အစ်ကို ဘာကြောင့် ပြန်ဆက်သွယ်တာလဲ။

KAS : ဒီလိုကိစ္စမျိုးဆိုတာ ဒီနိုင်ငံမှာ တစ်ခါမှ မရှိခဲ့ဘူး။ ကြားလည်း မကြားခဲ့ဖူးဘူး၊ ထူးဆန်းတဲ့ အတွက် စိတ်ဝင်စားတယ်၊ ကိုယ်တိုင်လည်း စာရေးနေတဲ့အတွက်  သတင်းအချက်အလက်တွေ လိုချင်တယ်၊ ဒါကြောင့် ဖုန်းပြန်ဆက်ခဲ့တာပါ၊ နှစ်ကြိမ် သုံးကြိမ်လောက် ရှိမယ်၊ သူ့ဘက်က ဖုန်းလုံးဝ မကိုင်ခဲ့ဘူး။

Voice : အောင်ဝင်းဇော် လာကမ်းလှမ်းချိန်က သတ်ပေးရမယ့်လူက သံတမန်လို့ ပြောခဲ့လား၊ သံတမန်ဆိုသူက ဘယ်သူလို့ ပြောသွားလဲ။

KAS : နိုင်ငံခြားသံတမန် တစ်ယောက်ကို သတ်ပေးရမယ်လို့ ပြောပေမယ့် ဘယ်သူ့ကို လုပ်ကြံရမယ်၊ ဘယ်လို လုပ်ကြံရမယ် ဆိုတာတော့ မပြောခဲ့ဘူး။ ခင်ဗျား ဘယ်လောက်ယူမလဲ၊ သိန်းငါးရာ ယူမလား၊ ရှစ်ရာယူမလား၊ တစ်ထောင် ယူမလားပေါ့၊

Voice : လုပ်ကြံပေးဖို့ လာငှားသူနဲ့ ဘယ်လိုအဆက်အသွယ် ရခဲ့လဲ။ သူငှားချိန်မှာ အစ်ကို့ဘက်က ဘာပြန်ပြောလိုက်လဲ။

KAS : ၂၀၁၆ ခုနှစ်၊ ဇွန်လမှာ ကျွန်တော့် လက်ကိုင်ဖုန်းဆီ ဖုန်းနံပါတ်အစိမ်းတစ်ခု ဝင်လာတယ်၊ ကိုင်လိုက်တော့ ကိုအောင်စိုးလား၊ ကျွန်တော် ဗကပါလို့ ပြောတယ်၊ စိတ်မရှိပါနဲ့ ကျွန်တော် မသိလို့ပါ ပြန်ပြောတော့ အိုးဘိုထောင်မှာ အတူနေခဲ့တဲ့ အောင်ဝင်းဇော်ပါလို့ ပြောတယ်၊ ကျွန်တော့် ဖုန်းနံပါတ် ဘယ်ကရလဲမေးတော့ အစ်ကိုနေတဲ့ လမ်းထဲ ကျွန်တော် ရောက်နေတယ်၊ လမ်းထဲက လူတစ်ယောက်ဆီက အစ်ကို့ဖုန်းနံပါတ် ရခဲ့တာလို့ ပြောတယ်၊ သူ့ရဲ့ ကိုယ်ပိုင်ကားနဲ့ တစ်ယောက်တည်း လာတွေ့သွားတာ၊ နိုင်ငံခြား သံတမန်တစ်ဦးကို လုပ်ကြံပေးဖို့ လာငှားတယ်၊ စဉ်းစားဦးမယ်လို့ ကျွန်တော်ပြန်ပြောလိုက်တယ်၊ တစ်ပတ်အတွင်းမှာ သုံးကြိမ်လောက် ဖုန်းပြန်ဆက်တယ်၊ ခင်ဗျား စဉ်းစားပြီးပြီ လားမေးတယ်၊ ကျွန်တော်လည်း မလုပ်ချင်တာနဲ့ ရှောင်နေလိုက်တာ၊ သူလည်း သဘောပေါက်သွားတယ် ထင်တယ်၊ ထပ်မဆက်တော့ဘူး။

Voice : အောင်ဝင်းဇော် လာရောက်ငှားရမ်းချိန်က ဘာဖြစ်လို့ ရဲကို အကြောင်းမကြားခဲ့တာလဲ။

KAS : သူက ဘုရားခိုးမှုနဲ့ ထောင်ကျသူတစ်ယောက်။ အထင်ကြီးစရာ မရှိဘူး။ ဒီလောက်အထိ လုပ်နိုင်မယ်လို့လည်း ထင်မထားခဲ့ဘူး၊ မြန်မာပြည်မှာလည်း ဒါမျိုးက တစ်ခါမှ မရှိခဲ့ဖူးဘူး၊  ဖြစ်လည်း မဖြစ်နိုင်သလို ဖွင့်ပြောရင်လည်း ဘယ်သူမှ ယုံမှာမဟုတ်ဘူး။

Voice : လုပ်ကြံမှုကို ဘယ်အဖွဲ့အစည်းက ခိုင်းတာလဲ ဆိုတာရော အောင်ဝင်းဇော်က အစ်ကို့ကို ပြောခဲ့လား။

KAS : အဲဒါပြောလို့ မရဘူး၊ လျှို့ဝှက်ထားရမယ့် ကိစ္စလို့ပဲ အောင်ဝင်းဇော်က ပြောသွားတယ်။

Voice : စီအိုင်ဒီက အစ်ကို့ကို ဘာတွေမေးခဲ့လဲ၊ ဒုဗိုလ်မှူးကြီး အောင်ဝင်းခိုင်နဲ့ ပက်သက်တာရော ပါလား။

KAS : အောင်ဝင်းခိုင်နဲ့ ပတ်သက်တာ တစ်ခုမှ မမေးဘူး၊ အောင်ဝင်းဇော်ရဲ့ အရပ်အမောင်း၊ စိတ်နေစိတ်ထား၊ ပုံပန်းသဏ္ဌာန်၊ ပြီးတော့ ကြည်လင်းရဲ့ အကြောင်းတွေ မေးတယ်၊ ကိုယ်သိသမျှ အားလုံး ဖြေကြားခဲ့ပြီးပြီး၊ ကျွန်တော် သိသမျှ ထွက်ဆိုပြီးပြီ၊ CID မှာလည်း ထွက်ထားပြီးပြီ။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးပါ။

ဇော်မိုးလွင်

VOICE ADMIN

No comments:

Post a Comment