Latest News

Wednesday, February 15, 2017

ဌာနဆိုင်ရာ အရာထမ်း အချင်းချင်း ၆၆ (ဃ) ဖြင့် အမှုဖွင့်

ဌာနဆိုင်ရာ အရာထမ်း အချင်းချင်း ၆၆ (ဃ) ဖြင့် အမှုဖွင့်


ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက်က ဌာနဆိုင်ရာ အရာထမ်း အချင်းချင်း ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးလည်းဖြစ်သည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်ဝင်ပေါက်များ ကြီးကြပ်စစ်ဆေးရေး အထူးကိုယ်စားလှယ်ကို ကျိုင်းတုံခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးက အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“သူ့ကို စသုံးလုံးနဲ့ CID က စစ်ဆေးခဲ့ပြီး တွေ့ရှိချက်ထဲကနေ အချက်ကိုးချက်နဲ့ အမှုဖွင့် အရေးယူထားတယ်၊ အစပိုင်းမှာ နားလည် ခွင့်လွှတ်ထားပေမယ့် နောက်ပိုင်းမှာ ဝန်ကြီးကိုပါ စော်ကားလာတဲ့အတွက် ကျွန်တော်ကိုယ်တိုင် တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာ”ဟု ၎င်းကဆိုသည်။

တရားမဝင် ကုန်သွယ်မှုများ ပြုလုပ်နေသည့် ကျိုင်းတုံမြို့နယ်စပ် ဝင်ပေါက်များ အပါအဝင် ပြည်နယ်အတွင်းရှိ နယ်စပ်ဝင်ပေါက်များတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ အနေနှင့် ကုန်သည်ကြီးများကို တရားဝင် ကုန်သွယ်မှုများ ပြုလုပ်လာစေရန် ပူးပေါင်း ဆောင်ရွက်မှုမရှိ၍ ပြည်ထဲရေးဝန်ကြီး အပါအဝင် တာဝန်ရှိသူများ သိရှိစေရန် ရေးသားခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ နယ်စပ်ဝင်ပေါက်များ စစ်ဆေးရေး အထူးကိုယ်စားလှယ် ဦးမင်းအောင်က ပြောကြားသည်။

ပြည်နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးစိုက်ရာ ကျိုင်းတုံမြို့တွင် ဌာနဆိုင်ရာ၏ အချင်းချင်း ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။

၂၀၁၆ ခုနှစ်က လူမှုကွန်ရက်၌ နာမည်တပ်ကာ ရေးသားခံရသူများတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးမှာ ပြည်ထဲရေးဝန်ကြီးနှင့်  စစ်တက္ကသိုလ် တစ်ပတ်စဉ်တည်းဆင်း သူငယ်ချင်းများဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရကာ တနင်္သာရီ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးအဖြစ် ပြောင်းရွှေ့သွားကြောင်း ကျိုင်းတုံမြို့ ဒေသခံများထံမှ သိရသည်။ အမှုဖွင့်လှစ်ခံထားရသူကို လက်ရှိ၌ ဖမ်းဆီးထားခြင်း မရှိဘဲ စစ်ဆေးမေးမြန်းနိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနထံ ခွင့်ပြုချက် တောင်းခံနေကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။

The Voice

No comments:

Post a Comment