Latest News

Wednesday, February 15, 2017

ကျေးလက်တွင် လက်လုပ်သေနတ်အသုံးပြုမှုတွင်ကျယ်

ကျေးလက်တွင် လက်လုပ်သေနတ်အသုံးပြုမှုတွင်ကျယ်

ဟင်္သာတ၊ ဖေဖော်ဝါရီ ၁၄

ဧရာဝတီ တိုင်းဒေသကြီးရှိ ကျေးလက်ဒေသများတွင် လက်လုပ် လေသေနတ်များကို အပျော်တမ်း တီထွင်ဖန်တီးကာ တွင်ကျယ်စွာ အသုံးပြုလာကြောင်း ဒေသခံများက ပြောကြားသည်။

စက်ဘီး ဆိုင်ကယ်များအတွက် အသုံးပြုသည့် လေထိုးတံ၊ စိုက်ပျိုးရေးသုံး ဆေးဖျန်းပိုက် ပလတ်စတစ်ပိုက် အပါအဝင် သံထည်ပစ္စည်းများဖြင့် ကြိုက်နှစ်သက်ရာ သေနတ်ပုံစံများ ဖန်တီးကာ ကျည်ဆန်အဖြစ် စက်ဘီးဘောစေ့ကို ထည့်သွင်း ပစ်ခတ်ရန် အသုံးပြုနေကြောင်း ၎င်းတို့ ထံမှ သိရသည်။

“အဓိကတော့ ငှက်ပစ်တာ၊ အပျော်တမ်း ငှက်ပစ်တယ်ဆိုပေမယ့် အန္တရာယ်များတယ်။ ခွင့်ပြုပေးထားတာ မဟုတ်ဘူးဆိုပေမယ့် တားမြစ်သင့်တဲ့ အခြေအနေပါ”ဟု ပုသိမ်ခရိုင် ကျုံပျော်မြို့ခံ ဦးစောလားက ပြောကြားသည်။

အပျော်တမ်း အသုံးပြုနေခြင်းကို လက်ခံလိုသော်လည်း ပြင်းအားကောင်းသည့် လက်လုပ်သေနတ်များ ဖြစ်ခြင်းကြောင့် ဥပဒေအရ တရားမစွဲဘဲ ပညာပေး ဟန့်တားမှုများကို ဦးစွာ ပြုလုပ်သင့်ကြောင်း၊ ကျုံပျော်မြို့နယ်ရှိ ဒေသများတွင် တွင်ကျယ်စွာ ကိုင်တွယ် အသုံးပြုနေသော်လည်း တိုင်ကြားမှု မရှိသေးကြောင်း ၎င်းက ပြောဆိုသည်။

လက်လုပ် အပျော်တမ်းသေနတ်ဟု ဆိုသော်လည်း အချိန်မရွေး လူသတ်လက်နက် ဖြစ်သွားနိုင်ကြောင်း၊ အုပ်ချုပ်ရေးပိုင်းနှင့် အလှမ်းဝေးသည့် ဒေသများတွင် တွင်ကျယ်စွာ အသုံးပြုနေပြီး ခိုက်ရန် ဖြစ်ပွားမှုတွင် အသုံးပြုလာကြောင်း၊ သက်ဆိုင်ရာ နယ်မြေရဲတပ်ဖွဲ့ ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ ပူးပေါင်းကာ အမြန်ဆုံး ဟန့်တားသင့်ကြောင်း၊ တိုင်းဒေသကြီး တစ်ခုလုံး အတိုင်းအတာဖြင့် ပညာပေးကာလ သတ်မှတ်ကာ တားမြစ်သင့်ကြောင်း၊ ပညာပေးကာလ ကျော်လွန်ပါက သင့်တင့်သည့် ပြစ်ဒဏ်များ သတ်မှတ်ကာ အရေးယူသင့်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးအတွင်း လူ့အခွင့်အရေး လှုပ်ရှားသူ ဦးကျော်လွင်က ပြောကြားသည်။

ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက လေသေနတ်များ သိမ်းဆည်းရမိခဲ့ကြောင်း၊ လက်လုပ်သေနတ်များ ကိုင်ဆောင်နေသည်ဟု သတင်းရရှိသော နေရာများကို ရဲတပ်ဖွဲ့က သွားရောက် ရှာဖွေသော်လည်း အပျော်တမ်း လက်လုပ်သေနတ် နှစ်လက်တွေ့ရှိခဲ့ကြောင်း၊ ယင်းသေနတ်မှာ အန္တရာယ်ရှိနိုင်သော်လည်း ကိုင်တွယ်သူ လူငယ်များက ကြွက်ပစ်ခြင်း၊ ငှက်ပစ်ခြင်း စသည့် လုပ်ငန်းများအတွက် အသုံးပြုသည်ဟု သိရကြောင်း လေးမျက်နှာ မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထိုက်က ပြောကြားသည်။

လက်လုပ်သေနတ်ကို စစ်ဆေးကြည့်ရာတွင် စက်ဘီး လေထိုးတံနှင့် ဆေးဖျန်းပိုက်တို့ကို အသုံးပြုထားပြီး ကိုင်ဆောင်သူ လူငယ်နှစ်ဦးကို ခံဝန်ကတိဖြင့် လက်မှတ်ထိုးခိုင်းကာ ကျေးရွာအုပ်ချုပ်ရေးမှူး အစီအစဉ်ဖြင့် ဖျက်ဆီးပစ်ခဲ့ကြောင်း ၎င်းက  ရှင်းပြသည်။

The Voice

No comments:

Post a Comment