မဟာမုနိဘုရား ရွှေမိုက်ထုတ်ရာမှ ရွှေသား ၄၈ ကျပ်သားကျော် ရရှိ
ရွှေမိုက်ထုတ်ရာမှ ရရှိလာသည့် ရွှေသားများကို ချိန်တွယ်နေစဉ်
မန္တလေး၊ ဖေဖော်ဝါရီ ၂၆
မန္တလေး မဟာမုနိဘုရားကြီး ရွှေမိုက်ထုတ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိရာ စတင်ထုတ်ယူသည့်နေ့မှ လေးရက်အတွင်း ရွှေသား ၄၈ ကျပ်သားကျော် ထုတ်ယူရရှိခဲ့ကြောင်း အဆိုပါ ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
ယင်းရွှေမိုက်ထုတ်ခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီ တတိယပတ်မှစ၍ ရွှေလှောင် (ဖယောင်းကပ်ထားသည့် ရွှေဆိုင်း) စက္ကူများကို မီးရှို့ပြာချခြင်းကဲ့သို့သော ကုန်ချောထုတ်လုပ်ရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ရွှေလှောင်စက္ကူများမှ ရွှေမိုက်ထုတ်ခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ကြောင်း၊ တစ်ရက်လျှင် ရွှေသား ၁၂ ကျပ်သားကျော် ရရှိနေပြီး လေးရက်တာကာလအတွင်း ရွှေသား ၄၈ ကျပ်သားကျော် ရရှိခဲ့ပြီး ဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က ပြောကြားသည်။
ရွှေမိုက်ထုတ်ရာတွင် ရွှေလှောင်စက္ကူ၊ ခြေနင်းကော်ဇော၊ သစ်စေးသုတ်တံ၊ ခြေသုတ်ဝတ်၊ လက်သုတ်ပဝါ၊ မျက်နှာကြက်တော် လှည်းကျင်းရာမှ ရသော အထက်မြေမှုန်၊ ပလ္လင်တော်အောက် ကြမ်းပြင်လှည်းကျင်းရာမှ ရသော အောက်မြေမှုန်တို့မှ ရွှေမိုက်ထုတ်ရမည် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်က ရွှေမှိက်ထုတ်ရာမှ ရွှေစင်ခြောက်ပိဿာကျော်၊ ၂၀၁၆ ခုနှစ်တွင် ခုနစ်ပိဿာ ၂၄ ကျပ်သား ထွက်ရှိခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
မဟာမုနိဘုရားကြီး အတွင်းရှိ ရွှေဆိုင်အရောင်းကောင်တာများမှနေ၍ တစ်ရက်လျှင် ရွှေဆိုင်း ၂၅၀ ခန့် ရောင်းချနေရကြောင်း၊ အခါကြီးရက်ကြီးများတွင်မူ ရွှေဆိုင်း ၄၅၀ ခန့်ရောင်းချနေရသည်။
M-05
The Voice
Monday, February 27, 2017
မဟာမုနိဘုရား ရွှေမိုက်ထုတ်ရာမှ ရွှေသား ၄၈ ကျပ်သားကျော် ရရှိ
မဟာမုနိဘုရား ရွှေမိုက်ထုတ်ရာမှ ရွှေသား ၄၈ ကျပ်သားကျော် ရရှိ
Reviewed by Ar Ti
on
1:00 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment