Latest News

Tuesday, February 21, 2017

မိုင်းကိုင်ကို စာမေးပွဲလာဖြေတဲ့ ထော်လာဂျီ တိမ်းမှောက် လူ ၅ ဦး သေဆုံး

မိုင်းကိုင်ကို စာမေးပွဲလာဖြေတဲ့ ထော်လာဂျီ တိမ်းမှောက် လူ ၅ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်ကို စာမေးပွဲဖြေဆိုဖို့ လာရောက်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ ဆရာမတွေနဲ့ ကျောင်းသားမိဘတွေ စုစုပေါင်း ၂၄ ဦး လိုက်ပါလာတဲ့ ထော်လာဂျီဟာ မနေ့က တိမ်းမှောက်ခဲ့တာကြောင့် ၅ ဦး သေဆုံးပြီး အယောက် ၂၀  ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေဟာ လွိုင်လင်ခရိုင်ဆေးရုံနဲ့ စပ်စံထွန်းဆေးရုံတွေမှာ ဆေးကုသမှုခံယူနေပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့ သွားရောက်ကာ ထောက်ပံ့ကြေးပေးခဲ့တယ်လို့ ရှမ်းပြည်နယ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးညွန့်လွင် က ပြောပါတယ်။

"၁၄ ဦးကတော့ လွိုင်လင်မှာပေါ့နော်၊ ၃ ဦးကို တောင်ကြီးပို့ထားတယ်၊ တောင်ကြီး စပ်စံထွန်းကလည်း ပြန်လာပြီ၊ လွိုင်လင်ဆေးရုံကလည်း ပြန်လာပြီ၊ တောင်ကြီး စပ်စံထွန်းမှာတင်ထားတဲ့ ၃ ယောက် သွားပြီးတော့မေးတယ်၊ ခေါင်းထိတဲ့ဥစ္စာ Scan ကရိုက်ပြီးသွားပြီ၊ သွေးယိုစိမ့်မှုတော့ တစ်ယောက်က မရှိဘူး၊ နောက်တစ်ယောက်က အခုထပ်ရိုက်ရမယ်၊ နောက် အမြွှာညီအစ်မလေး ၂ ယောက်ပါလာတယ်၊ နံရိုးကျိုးတယ် ၂ ယောက်လုံးက၊ ကျိုးတာက ၆ ချောင်း ၇ ချောင်းလောက်ကျိုးတာ၊ အဲဒါကို စပ်စံထွန်း သယ်လာတယ်ပေါ့၊ ပထမတစ်ယောက်က ၃ ယောက်ထဲမှာပါတယ်၊ အခုနောက်တစ်ယောက်က လမ်းမှာ သယ်လာတယ်လို့ ပြောတယ်၊ ထောက်ပံ့ကြေးပေးတယ်၊ ဆရာ/ဆရာဝန်မတွေကိုလည်း ကြီးကြပ်ဖို့ ဒီကလေးတွေကို ဂရုစိုက်ဖို့ ကျွန်တော်တို့ ညွှန်ကြားတယ်။"

ကျောင်းသားတွေလိုက်ပါလာတဲ့ ထော်လာဂျီဟာ လွယ်မိုက်ဟုန်းခမ်းတောင်အကွေ့အရောက်မှာ ဘရိတ်ပေါက်ပြီး တောင်နံရံကို ၀င်တိုက်မိခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲဒီထော်လာဂျီမှာ ဟမ်းငိုင်းကျေးရွာကျောင်းမှာ ပညာသင်ကြားနေတဲ့ ၄ တန်း နဲ့ ၈ တန်း ကျောင်းသားတွေ လိုက်ပါလာတာဖြစ်ပြီး မိုင်းကိုင် အထကမှာ စာမေးပွဲဖြေဆိုဖို့ လာရောက်ကြတာ ဖြစ်ပါတယ်။ ဆေးကုသခံယူနေသူတွေ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာ စာမေးပွဲဖြေဆိုခွင့်ပြုသွားမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပြည်နယ်အစိုးရက သေဆုံးသွားတဲ့ ကျောင်းသား ၄ဦးနဲ့ ယာဉ်မောင်းတစ်ဦးအတွက် ထောက်ပံ့ကြေးတွေ ပေးအပ်သွားမှာ ဖြစ်ပြီး နောက်နောက် အလားတူဖြစ်ရပ်မျိုးတွေ မဖြစ်စေဖို့ စာစစ်ဌာနတွေ တိုးချဲ့ပေးသွားဖို့လည်း သက်ဆိုင်ရာဌာနတွေကို ညွန်ကြားထားတယ်လို့ ဝန်ကြီး ဦးစိုးညွန့်လွင် က ပြောပါတယ်။

ဓါတ်ပုံ - ဦးစိုးညွန့်လွင် ဖေ့စ်ဘွတ်

( ထော်လာဂျီ တိမ်းမှောက်မှုကြောင့်  ဆေးရုံးတက်နေရသူတစ်ဦးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကတွေ့ရစဉ် )

R F A

No comments:

Post a Comment