ကင်မ်ဂျုံနမ် လုပ်ကြံခံရမှု ၎င်းရဲ့မယားငယ် ကို စစ်ဆေးမေးမြန်းရန် အလိုရှိနေ
ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ၎င်းရဲ့ မယားငယ်ဖြစ်သူကို မလေးရှားရဲတပ်ဖွဲ့က ရှာဖွေနေတယ်လို့ ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူလေဆိပ်မှာ ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်အတွင်း အဆိုပါ အမျိုးသမီးကိုလည်း စစ်ဆေးမေးမြန်းရန် လိုအပ်နေကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောပါတယ်။ ကင်မ်ဂျုံနမ်ရဲ့ မယားငယ်ဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဆိုယောင်ရာဟာ ယခင်က မြောက်ကိုရီးယားအစိုးရပိုင် Air Koryo လေကြောင်းလိုင်းမှာ လေယာဉ်မယ်အဖြစ် လုပ်ခဲ့ဖူးသူဖြစ်ပါတယ်။ ဆိုယောင်ရာဟာ ပြုံယမ်းမြို့သူဖြစ်ပြီး ၂၀၀၁ ခုနှစ်ကတည်းက မကာအိုမှာ ကင်မ်ဂျုံနမ်နဲ့ အတူပေါင်းသင်းနေထိုင်ခဲ့ပြီးနောက် လက်ထပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မလေးရှားရဲတပ်ဖွဲ့က မည်သည့်အတွက်ကြောင့် ဆိုယောင်ရာကို စစ်ဆေးမေးမြန်းလိုကြောင်း အသေးစိတ် အကြောင်းအရာကို ထုတ်ပြန်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဆိုယောင်ရာဟာ ကင်မ်ဂျုံနမ်နဲ့အတူ မလေးရှားကို လိုက်ပါလာခဲ့ခြင်း မရှိကြောင်း သိရပါတယ်။ သူမဟာ Air Koryo လေကြောင်းလိုင်းမှာ ၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ လေယာဉ်မယ်အဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ပြုံယမ်း ဂီတနဲ့အက တက္ကသိုလ်မှ ဘွဲ့ရတစ်ဦး ဖြစ်ပါတယ်။ ကင်မ်ဂျုံနမ်မှာ ယခင်ကတည်းက ဇနီးနှစ်ဦး ရှိခဲ့ပြီး ဒုတိယဇနီးဖြစ်သူနဲ့ ရရှိထားတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက် အပါအဝင် ကလေးအချို့ရှိကြောင်း သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ အသက် ၄၅ နှစ်အရွယ် ကင်မ်ဂျုနမ်ဟာ မကာအိုသို့သွားရန် ကွာလမ်လမ်ပူလေဆိပ်မှာ စောင့်ဆိုင်းနေစဉ် အမျိုးသမီးနှစ်ဦးက VX nerve agent ခေါ် အာရုံကြောအဆိပ်သင့် ဓာတုပစ္စည်း ပမာဏအများအပြား အသုံးပြုပြီး လုပ်ကြံခံခဲ့ရပြီး မိနစ် ၂၀ အတွင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကင်မ်ဂျုံနမ်ကို လုပ်ကြံရာမှာ အသုံးပြုခဲ့တဲ့ VX nerve agent ဟာ လူအများအပြား သေဆုံးနိုင်တဲ့ ဓာတုလက်နက်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားပြီး အရေပြးပေါ်ကို အစက်တစ်စက်မျှ ထိတွေ့ရုံမျှဖြင့် မိနစ်ပိုင်းအတွင်း သေဆုံးနိုင်ကြောင်း သိရပါတယ်။
READ ၁နှစ်အရွယ်သမီးလေးကို အဆိပ်ခတ်သတ်ခဲ့တဲ့မိခင်အရင်း
မလေးရှားရဲတပ်ဖွဲ့က ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုနဲ့ ဆက်နွယ်ပြီး အမျိုးသမီးနှစ်ဦး အပါအဝင် လူလေးဦးကို ဖမ်းဆီးထားပြီး မြောက်ကိုရီးယားအမျိုးသားတစ်ဦးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ကွာလာလမ်ပူရှိ မြောက်ကိုရီးယား သံတမန်တစ်ဦးကိုလည်း မလေးရှားရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန် အလိုရှိနေပြီး ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက ဖမ်းဝရမ်းထုတ်မယ်လို့ ပြောထားပါတယ်။
မလေးရှားရဲတပ်ဖွဲ့က ကင်မ်ဂျုံနမ်လုပ်ကြံခံရမှုနဲ့ ဆက်နွယ်ပြီး မြောက်ကိုရီးယားအမျိုးသား ၈ ဦးကို အလိုရှိနေကြောင်း သိရပါတယ်။ ၎င်းတို့အနက် တစ်ဦးကို ဖမ်းဆီးထားပြီး အခြား ၄ ဦးဟာ မလေးရှားမှ ထွက်ပြေးသွားခဲ့ကြောင်းနဲ့ ၂ ဦးမှာ မလေးရှားမှာ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ် မြောက်ကိုရီးယားတစ်ဦးဖြစ်တဲ့ ရီဂျီယူမှာ မည်သည့်နေရာတွင် ရှိနေကြောင်း မသိရသေးကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူများ
၁။ ဗီယက်နမ်ပတ်စ်ပို့ ကိုင်ဆောင်ထားသူ ဒိုအန်သီဟောင်း (Doan Thi Huong) (၂၈ နှစ်)
၂။ အင်ဒိုနီးရှားပတ်စ်ပို့ ကိုင်ဆောင်ထားသူ ဆစ်တီအိုင်ရှာ (Siti Aisyah) (၂၅ နှစ်)
၃။ ဆစ်တီအိုင်ရှာရဲ့ရည်စား မလေးရှားလူမျိုး မိုဟာမက် ဖာရစ်ဒ် ဂျလာလုဒင်း (Muhammad Farid Jalaluddin)
၎။ မြောက်ကိုရီးယား အမျိုးသား ရီဂျုံချိုလ် (Ri Jong Chol) (အသက် ၄၇ နှစ်)
Credit : Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment