Latest News

Tuesday, February 28, 2017

သမိုင်းစကား အရိုင်းစကား

သမိုင်းစကား အရိုင်းစကား


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနဲ့ ပတ်သက်သည့် သတင်းတွေ အမျိုးမျိုးထွက်လာကတည်းက ကျွန်တော်ဆက်သွယ်ဖို့ အမျိုးမျိုးကြိုးစားခဲ့သည်။ သို့ဖြစ်၍ သူနှင့်တွေ့ဆုံရန် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့သည်။ ဂျာနယ်တွေက မိတ်ဆွေတချို့ကလည်း အင်တာဗျူးခွင့်ရဖို့ လိုက်ပါပြီး တွေ့ဆုံမေးမြန်းဖို့ စီစဉ်ခိုင်းကြသည်။

အဲဒီအချိန်ကာလမှာပင် ဘီ ဘူးကျွန်း (ချောင်းဆုံ)တံတားကိစ္စ ပေါ်လာသည်။ ဒီတံတားကို ဗိုလ် ချုပ်အောင်ဆန်းအမည် ကမ္ပည်း တင်ဖို့ကိစ္စမှာ လူအချို့ကသဘော မတူဘူးဆိုကာ ကန့်ကွက်ဆန္ဒပြ သည့်ကိစ္စ ပေါ်ပေါက်လာသည်။


ထို့နောက် များမကြာမီတွင် တော့ ရာထူးက၊ တာဝန်က နုတ် ထွက်ပါတော့မယ်ဆိုတဲ့ ဖေ့စ် ဘွတ်ခ်ပို့စ်ကို မင်းမင်းဦးအကောင့် တွင် တင်ခဲ့သည်။ ‘‘နုတ်ထွက်ပါ ပြီ။ အားလုံးကို ကျေးဇူးတင်ပါ တယ်။ ဖြစ်တည်မှုအားလုံးဟာ ပျက်စီးဖို့ရာ ဓမ္မတာပါပဲ’’ဆိုသည့် သံဝေဂဆန်ဆန် စာတိုတိုကလေး ကို ဖတ်ရသည့်အခါ စိတ် မကောင်းဖြစ်မိခဲ့သည်။ စာရေးသူ အနေဖြင့်က လူငယ် လူလတ်ပိုင်း တို့ နိုင်ငံ့အရေးအရာတာဝန်များ တွင် ရှေ့တန်းမှ ထဲထဲဝင်ဝင် ပါဝင်ထမ်းဆောင်နေကြသည်ကို မြင်လိုသည်။ လူငယ်မျိုးဆက်များ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေ လိုသည်။ သို့ဖြစ်၍ မွန်ပြည်နယ် ဝန်ကြီးချုပ်နုတ်ထွက်တော့မည် ဆိုသည်ကို ဆုံးရှုံးမှုတစ်ခုဟု မြင် မိသည်။ ထိုမွန်ပြည်နယ်ဝန်ကြီး ချုပ်ကိုလည်း တာဝန်ယူမှုရှိရှိ၊ တာဝန်ခံမှုသိသိနဲ့ နုတ်ထွက်သွား ခဲ့သည့် လူငယ်တစ်ယောက်၊ ရာ ထူးအာဏာကို ရပြီးရင် မထုတ် မချင်းမထွက်၊ ကုတ်ကတ်တွယ် ဖက်နေတတ်တဲ့ မြန်မာ့နိုင်ငံရေး လောကရဲ့ အရိုးစွဲနေတဲ့ ထုံးတမ်း စဉ်လာတစ်ခုကို သတ္တိရှိရှိ ချိုး ဖျက်ပြခဲ့သော လူငယ်တစ် ယောက်ဟု ထင်လိုက်မိခဲ့သည်။ များစွာ အမှတ်ပေးမိခဲ့သည်။ သို့ အတွက်ကြောင့်ပင် Asia Heart News Journal အတွက် ဆောင်း ပါးတစ်ပုဒ် ရေးပေးခဲ့လိုက်သေး သည်။ ‘ပြောင်းလဲခြင်းကြီးစွာ ပြောင်းလဲခဲ့ပါပြီ’ဟူ၍။

အဲဒီဆောင်းပါးတွင် ရေးခဲ့ သည်က ‘မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးအနေဖြင့်လည်း.. ထို ရာထူးအာဏာကို ထုတ်ပယ်ခြင်း မခံရမချင်း တွယ်ဖက်ထားလို သည့် ဆန္ဒမရှိဆိုသည်ကို ပြသနိုင် စွမ်းရှိခဲ့သည်က ချီးကျူးစရာဖြစ် ပါသည်။ ... မိမိအား တိုင်ကြား ချက်များကြောင့် စုံစမ်းစစ်ဆေး ခြင်းခံရချိန်တွင် နုတ်ထွက်ရန် ဖိအားများရှိလာချိန်တွင် ထုတ် ပယ်သည်၊ အနားပေးလိုက်သည် ဟူသော စာထွက်လာသည်ကို မစောင့်။ မိမိကိုယ်တိုင် နုတ်ထွက် ပါတော့မည်ဟု ဆိုလာခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော လူငယ်တစ်ယောက်အဖြစ် လေး စားဖွယ်ရာဖြစ်သည်။ အာဏာ ရှင်စနစ်ဆိုးမှ ရုန်းထွက်လာနိုင်ခဲ့ ပြီး ဒီမိုကရေစီနိုင်ငံတော်ကို ထူ ထောင်နေသည့် နိဒါန်းအစတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ရာထူးတာဝန်မှ နုတ်ထွက်ခဲ့သည့် ပထမဆုံးသော ဒေသဆိုင်ရာ ဝန် ကြီးချုပ်အဖြစ် မှတ်တမ်းတင်နိုင် ခဲ့သည်မှာ အဆိုးထဲမှ အကောင်း ဟု ဆိုရပေလိမ့်မည်’ဟု။

သို့ပါသော်ငြား နောက်တစ် နေ့ 7Day Media နှင့် သတင်းမီဒီ ယာအင်တာဗျူးမှာ သူပြောခဲ့ သည့် စကားတွေကတော့ စာရေး သူအဖို့ အလွန်ပင် စိတ်အနှောင့် အယှက်ဖြစ်ခဲ့ရသည်။ အဓိကက တော့ တံတားအမည်ကိစ္စကြောင့် နုတ်ထွက်တာပါဆိုခြင်း၊ အခြား ကိစ္စတွေက ဘာမှမဟုတ်ပါဘူး။ ဒါတွေက ရှင်းပြီးပါပြီ၊ အမေနဲ့ လည်း တွေ့ပြီးပါပြီ စသည်ဖြင့် ပြောသွားခဲ့တာတွေကို ကြားရ သည့်အခါ ချီးကျူးစရာလူငယ်ဝန် ကြီးချုပ်တစ်ယောက်အဖြစ်ကနေ လုံးဝကို ပြစ်တင်ရှုတ်ချစရာဖြစ် အောင် လုပ်လိုက်တာပါပဲက လားဟု စိတ်တွင်ခံစားမိရသည်။

 နောက်တစ်နေ့မှာတော့ ကျွန်တော် ပါတီကိုမကြိုက်လို့ နုတ်ထွက်တာပါဟု မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောသည်ဆိုသည့် စကားများကို မီဒီယာတွေမှာ ဖော်ပြခဲ့ကြသည်။ ဖတ်မိရသူများ အုန်းအုန်းကျွက်ကျွက်ဖြစ်ကုန်ကြ သည်။ ထိုသတင်းတွေ လူမှုကွန် ရက်စာမျက်နှာတွေမှာ ပလူပျံလာ တော့ ‘‘မဟုတ်ပါဘူး၊ ဒါဟာ သက်သက်မဲ့ မီဒီယာတွေက ဂျာနယ် ရောင်းကောင်းအောင်လုပ်တာ ပါ’’ဟု သူ၏ PSO ဆိုသူက ဖေ့စ် ဘွတ်ခ်မှာ တင်ခဲ့သည်။ သို့သော် ထိုနေ့ညနေ သတင်းမီဒီယာများ နှင့် တွေ့ဆုံပွဲမတိုင်မီမှာပင် ထို ပို့စ်ကို ပြန်ဖျက်သွားခဲ့ပြန်သည်။ ညနေပိုင်းတွင် သတင်းမီဒီယာ ရှင်းလင်းပွဲလုပ်သည်။ 7Day Media က ဝန်ကြီးချုပ်ပြောခဲ့သည် ဆိုသည့် ထိုအသံဖိုင်ကို လူအများ ရှေ့တွင် ပြန်ဖွင့်ပြခဲ့သည်ဟု ကြားသိရသည်။ ခင်ဗျားတို့ မဟုတ် မမှန်ရေးတာပဲဟု ဝန်ကြီးချုပ်က ပြတ်ပြတ်သားသားပြောခဲ့သည် ဟု မကြားရ။ မည်သူက လိမ်ညာ နေသနည်း၊ မည်သည်က အမှန် တရားပါနည်း။

7Day Media က မမှန်ဘူး ဆိုပါမူ စတုတ္ထမဏ္ဍိုင်တည့်မတ် စေဖို့အတွက် မွန်ဝန်ကြီးချုပ်က တရားစွဲရပေလိမ့်မည်။ သို့တည်း မဟုတ် တရားဝင် တောင်းပန်စေ ရပေလိမ့်မည်။ ယခုတော့ 7Day Media မှ တောင်းပန်ချက်လည်း ထွက်မလာ၊ ဝန်ကြီးချုပ်မှလည်း ပြတ်ပြတ်သားသားလည်း မငြင်း မဆို၊ တရားလည်းမစွဲ၊ ဆိုတော့ ထိုစကားကို ပြောခဲ့သည်ဆိုသည် က အမှန်ဟု မှတ်ယူရတော့မည်။ သို့မို့ကြောင့်ပင် ဒီစာကိုသည် 7Day Media မှာပဲ ရေးခဲ့ခြင်းဖြစ် ပါသည်။

စာရေးသူအနေဖြင့်မူ ပါတီ ဝင်ဖြစ်သော ဝန်ကြီးချုပ်တစ် ယောက်က ပါတီကို မကြိုက်လို့ နုတ်ထွက်ပါတယ်ဆိုသည့် စကား အပေါ်တွင် မည်သည့်ခံစားချက်မှ မရှိပါပေ။ အသက်ကို စောင့် ရှောက်ပေးသည့် အစာအာဟာရ အပေါ်မှာပင်လျှင် ချိုလွန်းသည်၊ ချဉ်လွန်းသည်၊ ငန်လွန်းသည်၊ ဖန်လွန်းသည်ဟု ပြစ်တင်ဝေဖန် တတ်ကြပေသေးသည်။ ကြိုက် လှပါသည်ဟု ခံတွင်းအလိုလိုက် ကာ ဝမ်းကိုမချင့်ဘဲစား၍ ပြည့် အင့်လျှင်ပင် အစာအာဟာရကို အပြစ်ဆိုတတ်ကြသေးသည်။ အမိအဖ တို့ထက်ချစ်၍၊ ကြိုက်၍၊ ယူခဲ့ပေါင်းခဲ့သည်ဟူသည့် အိမ်ထောင်ဖက်ချင်းပင် မသင့်မမြတ်ဖြစ်ကာ ကွာရှင်းပြတ်စဲသည်များ ရှိတတ်သေးသည်။ သို့ဖြစ်ရာ သူ့အား ဝန်ကြီးချုပ်ဖြစ်စေခဲ့သည့် မိခင်ပါတီကို ယခုအခါ သူမကြိုက်တော့၍ နုတ်ထွက်သည်ဆိုသည့် စကားကိုပြောသည်မှာ ပြောခွင့်ရှိ ပါသည်။ မကြိုက်တော့တာ မကြိုက်ခွင့်ရှိပါသည်။ ဒီအတွက် တော့ဖြင့် ဘာဆိုဘာမှ ဖြစ်စရာ ကိုမရှိပါ။

သို့သော် တံတားအမည်ကိစ္စ ကြောင့် ဝန်ကြီးချုပ်ရာထူးမှ နုတ် ထွက်ပါတယ်ဆိုတာကတော့ ကလေးကလားဆန်သူဟု ဆိုချင် ပါသည်။ အတော်ပင် သူရဲဘော နည်းသူဟု ဆိုရပါမည်။ ဒေသ ဆိုင်ရာတစ်ခု၏ ဖွံ့ဖြိုးတိုးတက် ရေး ပြည်သူတို့ကို တွန်းတိုက် ဆောင်ရွက်ရမည့် ဝန်ကြီးချုပ်တစ် ဦးက တံတားအမည်မျှလောက် သော ကိစ္စလေးလောက်ဖြင့် နုတ်ထွက်သွားခဲ့သည်ဆိုသည်မှာ ဟိမဝန္တာတောင်တက်မည်ဟု ကြွေးကြော်ထားသူကမူ တစ်ခုထက် တွင် ခြေချော်၍လဲသည်သို့  မတော်တလျော်ရှိလှသည်။ ကျော်မကောင်း၊ ကြားမကောင်းရှိလှ သည်။ ကိုယ့်အရပ် ကိုယ့်ဒေသ တွင် ကိုယ့်ဇာတိသမိုင်းအရ ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်များ၏ အမည်ကို ထိုတံတားတွင် ကမ္ပည်း တင်ဂုဏ်ပြုနိုင်ရေးကို ကိုယ်တိုင်အပြင်းအထန်ကြိုးပမ်းသင့်သည့် တာဝန်ရှိသူတစ်ဦးက ထိုကိစ္စကြောင့် ရာထူးမှ နုတ်ထွက်ပါ သည်ဆိုခြင်းမှာ အသင့်ယုတ္တိကင်းလှသည်။

‘ဟွန်းကလွဲရင် အသံစုံမြည် နေတယ်’ဆိုသည့် ကားတစ်စီး ပမာ ဝေဖန်သံမျိုးစုံထွက်နေခဲ့ သည့် ဝန်ကြီးချုပ်တစ်ယောက် ထမ်းဆောင်နေစဉ်မှာ ချွတ်ယွင်း အားနည်းချက်တွေ ရှိနေသည်ဟု တိုင်ကြားခံရသည်များကြောင့် ကော်မတီဖွဲ့၍ စုံစမ်းစစ်ဆေးခံခဲ့ ရတဲ့ လူတစ်ယောက်အနေဖြင့် အပြစ်ရှိပါတယ်လို့ သုံးသပ်ချက် ထွက်လာသည့်အခါ ရိုးသားစွာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ နုတ် ထွက်မသွားခဲ့ဘဲ တံတားကိစ္စ ကြောင့် နုတ်ထွက်ပါသည်ဟု ဆို လာသည်ကတော့ ရည်ရွယ်ချက် ရှိရှိ မီးမွှေးထားခဲ့သူဟု ဆိုရပေ တော့မည်။

မွန်တို့၏ သမိုင်းအစဉ်ရာဇ ဝင်တွင် လေးစားလောက်စရာ၊ ဂုဏ်ပြုလောက်စရာ ပုဂ္ဂိုလ်ကြီး တွေရှိခဲ့ကြသည်မှာ အငြင်းထွက် ဖွယ်မရှိ ရာဇဓိရာဇ်မင်းတရားကြီး ကို အမည်တပ်ဂုဏ်ပြုချင်သလား၊ သမိန်ဗြတ်ဇ တံတားဖြစ်ချင်သလား၊ အမတ်ဒိန်မဏိရွတ် တံတားလို့ သမုတ်မလား၊ လဂွန်းအိမ် တံတားလား၊ သမိန်ဗရမ်း တံတားလား၊ ရှင်စောပုတံတားဖြစ်ချင်သလား ဖြစ်သင့်လှပေသည်။ အဲမွန်တရာ တံတားဆိုပါကလည်း သင့်မြတ်သည်။ တိုင်းရင်းသားတို့ဒေသတွင် တိုင်းရင်းသားတို့ လေးစားတန်ဖိုးထားရသော ခေါင်းဆောင်ပုဂ္ဂိုလ်များ၏ အမည်တို့ကို လမ်းများ၊ တံတားများ၊ အများပြည်သူနှင့်ဆိုင်သည့် အဆောက်အအုံများ၊ ပန်းခြံများတွင် ဂုဏ်ပြုကမ္ပည်းတင်သည် ဆိုသည်မှာ ကောင်းစွာသော အမှုကိစ္စပင်ဖြစ်သည်။ မည်သို့ငြင်းဖွယ်ရှိမည်နည်း။

သို့သော် ထိုကိစ္စကို မွန်ဝန် ကြီးချုပ် တာဝန်ယူခဲ့သည့် ဦးမင်း မင်းဦးအနေဖြင့် ရှင်းရှင်းလင်း လင်း မလုပ်ခဲ့၊ ရှင်းရှင်းလင်းလင်း မပြောခဲ့။ အဓိကက တံတားကိစ္စ ကြောင့် နုတ်ထွက်တာပါဟူသည့် စကားမှာ ဆူးလှည်းကို ရွာထဲဒုန်း စိုင်းဝင်လာသည့်သဘော သက် ရောက်နေခဲ့သည်။

စေတနာဖြင့် လုပ်မှားကိုင် မှားဆိုသည်က ခွင့်လွှတ်၍ ရစကောင်းသည်။ သို့သော် ပြည် တွင်းငြိမ်းချမ်းရေးကို ပြန်လည် တည်ဆောက်နိုင်ဖို့အတွက် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အပြင်းအထန်ကြိုးပမ်းနေကြရ ချိန်တွင် တံတားကိစ္စကြောင့် အဓိကနုတ်ထွက်တာပါဟူသည့် စကား၊ ကိုယ့်ထီးကိုယ့်နန်း ကိုယ့် ကြငှန်း၊ အမျိုးဂုဏ်ဇာတိဂုဏ် စသည့်စကားများကို မဆီမဆိုင် ထည့်သွင်းပြောဆိုကာ လူမျိုးရေး စောင်းပါးရိပ်ခြည်စကားများဖြင့် မီးမွှေးခဲ့သည့် ကိုယ်လွတ်ရုန်း စကားတွေကိုဖြင့် မည်သို့မည်ပုံ နားလည်ပေးရမည်ကို မသိနိုင် တော့ပါ။

ဦးမင်းမင်းဦးအနေဖြင့် တံ တားကိစ္စကြောင့် ရာထူးမှ နုတ် ထွက်ခဲ့သည်လား၊ အခြားအခြား ကိစ္စများကြောင့် ရာထူးမှ နုတ် ထွက်ရရန် အကြောင်းဖန်လာ သည်လားဆိုသည်ကတော့ မကြာမတင်ကာလတွင် ထင်ရှားပါလိမ့် မည်။ သမိုင်းဆိုသည်က လိမ် လည်၍မရ၊ ဖုံးဖိ၍မရနိုင်ပါ။

စာရေးသူဖတ်ခဲ့ မှတ်ခဲ့ဖူး သည့် မွန်သူရဲကောင်းကြီးတွေထဲ မှာတော့ ထိုသူမျိုးမပါသည်က သေချာလှသည်။ ကိုယ့်ကို ချွန်း သီးနဲ့ ရိုက်ခဲ့တဲ့ ဗျည်းနွဲ့ကို ဓားနဲ့ မခုတ် ချွန်းသီးနဲ့ပဲ ရိုက်ဖမ်းခဲ့သည့် ဗညားနွဲ့ (မင်းကြီး ရာဇာဓိရာဇ်)၊ ‘‘ယခု အရှင့်ဖခင် ကျွနု်ပ်အရှင် သက်တော်ထင်ရှား မရှိတော့ သည်ဖြစ်သော်လည်း ရုပ်အ လောင်းရှိနေဆဲဖြစ်၍ အရှင့်အား သစ္စာစောင့်သောအားဖြင့် မြို့ တံခါးတစ်ဖက်သာ ဖွင့်ပေးခဲ့ခြင်း ဖြစ်ပါသည်။ သတ်လိုက သတ် တော်မူပါ’’လို့ ရဲဝံ့စွာ လျှောက် တင်ခဲ့သည့် အမိတ်ဒိန်မဏိရွတ်၊ စစ်ရပ်စဲကြဖို့အရေး သစ္စာပြုပွဲအ သွားတွင် မိုးညှင်းသတိုး၏ အမေး စကားကို ‘‘ဟယ်သူရူး.. စစ်အ တွင်း သစ္စာမှန်ဖူးသလော’’ဟု ရိုးရိုးဖြောင့်ဖြောင့်ကြီး ပြောချခဲ့ သဖြင့် ဘုရင်က ငါ့အရေးကို ဖျက်သည်ဟုဆိုကာ အပေါင်အလက် ကို ဖျက်စေဟု အမျက်ထားခံခဲ့ရ သည့် မွန်သူရဲကောင်းကြီး လဂွန်း အိမ်၊ ကျွန်ုပ်သည် အရှင်၏ စစ် အောင်မြင်ရေး အရေးအရာဗျူ ဟာတို့ကိုသာသိသည်၊ တို့အရှင့် မိန်းမရေးတို့ကို မသိ’’ဟု မင်း ဧကရာဇ်ကိုပင် ခေါက်ခေါက်ရက် ရက် ပြောထွက်ခဲ့သော စစ်မှူးကြီး သမိန်ဗြတ်ဇတို့၏ စကားတွေကို ပြန်သတိရနေမိသည်။

 
7Day News Journal

No comments:

Post a Comment