Latest News

Thursday, February 9, 2017

ပန်းတစ်ခင်းနှင့် ချစ်ခြင်းမေတ္တာ

ပန်းတစ်ခင်းနှင့် ချစ်ခြင်းမေတ္တာ


ပုညခင်

နှင်းမှုန်ဖွဲဖွဲကျသည့် ဒီဇင်ဘာည။

အချိန်ကား ည ၂နာရီနှင့် ၆ မိနစ်ရှိခဲ့ပြီ။

ဝတ္ထုအဆုံးသတ်၌ ကျွန်မ၏နာမည်နှင့် ရက်စွဲကို ရေးထိုးပြီးချိန်တွင် ကျွန်မ၏ စိတ်များပေါ့ပါး၍ သွားလေသည်။

'တောင်တန်းတွေရဲ့ အလွန်'။ ဤဝတ္ထုဇာတ်လမ်းကို လွန်ခဲ့သော ၁ဝလခန့်က စိတ်ကူးမိကာ လွန်ခဲ့သော လေးလခန့်ကမှ စတင်ရေးသားခဲ့သည်။ ချင်းပြည်နယ်ခရီးစဉ်မှ စတင်ရရှိခဲ့သော စိတ်ကူးများကို ပုံဖော်ရေးသားနေသည့် ကာလတစ်လျှောက်လုံး ကျွန်မ၏ အာရုံထဲတွင် တောင်တန်းတွေက ကြီးစိုးလျက်ရှိသည်။ တိုင်းရင်းသားတွေက လွှမ်းမိုးလျက်ရှိသည်။ တိုင်းရင်း သားတို့၏ ဘဝအသီးသီး၊ ခံစားချက်အသီးသီးက ကျွန်မရင်သို့ ကူးစက် ခံစားလာခဲ့ရသည်။ သူတို့၏ မျှော်လင့်ချက်များက ကျွန်မ၏ မျှော်လင့်ချက်၊ သူတို့၏ ဝေဒနာက ကျွန်မ၏ ဝေဒနာဖြစ်ခဲ့သည်။

''ဆရာမရယ် ...ကျွန်မတို့တိုင်းရင်းသားတွေက

ဒုတိယတန်းစားပါ''

''အို... မဟုတ်ပါဘူး.. အထင်မမှားပါနဲ့ရှင်''

ကြားဖူးခဲ့သောစကားတချို့က ပဲ့တင်ရိုက်ခတ်လာသည်ဟု ထင်မိသည်။ အဲဒီတုန်းက ကျွန်မရှင်းပြခဲ့သည့် စကားတွေကို ပြန်လည်တွေးတောမိခဲ့သည်။ ရေရှားပြီးစိုက်ရခက်သည့် အညာကျေးလက်တချို့၏ ခက်ခဲကြမ်းတမ်းမှုတွေ အကြောင်း၊ မြစ်ဝကျွန်းပေါ်ရွာကလေးများအကြောင်း၊ တိုင်းရင်းသားတွေ ရော၊ ဗမာတွေပါ အတူတကွ ကြုံတွေ့ခံစားရသည့် လူမှုဘဝအခက်အခဲ တွေအကြောင်း၊ တောင်တန်းတွေကတော့ သွားလာမှုပါ ခက်ခဲသဖြင့် ပို၍ ခက်ခဲသည်ဟုဆိုနိုင်ကြောင်း ကျွန်မမှာ ရှင်းပြစရာစကားတွေ ရှိခဲ့သလို သူတို့မှာလည်း ရင်ဖွင့်စရာစကားတွေ ရှိခဲ့သည်။ သူတို့ဒေသ၏ ပညာရေးအကြောင်း၊ သဘာဝပတ်ဝန်းကျင် အကြောင်း၊ ဒေသကိုစွန့်ခွာသွားသည့် လူငယ်တွေအကြောင်း၊ ဟိုတစ်ချိန်က သူတို့တိုင်းရင်းသားတွေရဲ့ရာထူးနေရာတွေ အကြောင်း၊ ခုတော့လည်း အရာရာသည် ပြောင်းလဲတိုးတက်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။

ကျွန်မသည် တောင်တန်းတွေနှင့် တိုင်းရင်းသားတွေအကြောင်း တွေးတောရင်းနှင့်ပင် စားပွဲဘေးပြတင်းတံခါး၏ခန်းဆီးစကို အသာလှပ်ကာ ညကောင်းကင်ကို လှမ်းမျှော်ကြည့်မိသည်။ ကောင်းကင်က မှောင်ဆဲပင် ဖြစ်သော်လည်း မကြာခင် အလင်း ပျို့တော့မည်ဖြစ်သည်။ ကျွန်မ၏ မျက်လုံးတွေကတော့ အတွေးကြောင့် မမှေးမှိတ်နိုင်သေးပေ။

ခရီးသွားလာခြင်း၌ ဝါသနာထုံလှသော ကျွန်မသည် တောင်တန်းဒေသများသို့ သွားလာရင်း တိုင်းရင်းသားများနှင့် တွေ့ဆုံသိကျွမ်းခဲ့ရသည်။ မကြာ ခင်ကမှ ကယားတို့ဌာနီ လွိုင်ကော်၊ လွန်ခဲ့သောနှစ်က ကျွန်မဝတ္ထုကို ရုပ်ရှင်ရိုက်ရန်သွားခဲ့သည့် မဲနယ်တောင်ကြားက ပအိုဝ်းရွာကလေးများ၊ ထိုဒေသ၏ အလှအပများ၊ တိုင်းရင်းသားတို့၏ ရိုးသားပွင့်လင်းမှုများက ကျွန်မကို ချစ်ခြင်းအာရုံ ယိုင်ညွတ်စေခဲ့သည်။ တိုင်းရင်းသားများစွာ မှီတင်း နေထိုင်ကြ သော တောင်တန်းဒေသတွေကိုလည်း အစဉ်ထာဝရလှပငြိမ်းချမ်း စေချင်မိလေသည်။ ယမ်းငွေ့တွေအစား ပန်းငွေ့တို့ မွှေးပျံ့စေချင်မိသည်။

ပန်းငွေ့တွေ ဝေလို လျှင်တော့ ပန်းပျိုးဖို့လိုပေမည်။ ပန်းခင်းကို ဘယ်လို ပျိုးမည်နည်း။

ကျွန်မသည် ရသစာရေးဆရာပီပီ ပန်းပျိုးသူတို့အကြောင်းကို ပုံပြင် လေးတစ်ပုဒ်ရေး၍ ပြောလိုပါသည်။ တစ်ခါက ရွာတစ်ရွာတွင် မြေ၊ ရေနှင့် မျိုးစေ့တို့ သုံးဦးသည် ပန်းတစ်ခင်းပျိုးမည်ဟု ကြံစည်ကြလေသည်။မြေကြီးကလည်း သူ့ချည်းသက်သက်ဆို ပန်းခင်းပျိုးဖို့မဖြစ်နိုင်၊ ရေချည်းသက်သက် ဆိုလျှင်လည်း ပန်းပျိုးဖို့ မဖြစ်နိုင်၊ မျိုးစေ့ကလည်းထိုသို့သာဖြစ်သည်။သို့သော် သူတို့သုံးဦးပေါင်းစည်းလျှင်တော့ ပန်းတစ်ခင်းဖြစ်နိုင်ပေမည်။ ထို့ကြောင့် သုံးဦးပေါင်းကာ ပန်းတစ်ခင်းပျိုးဖို့ ဆုံးဖြတ်လိုက်ကြ၏။ရွာသူရွာသားများကလည်း ထိုသတင်းကြောင့် အလွန်ပင် ပျော်ရွှင်ကြလေသည်။ သည်မတိုင်မီ ကတော့ ရွာတွင်းရှိ ထိုမြေနေရာသည် လွင်တီးခေါင် ခြောက်သွေ့နေခဲ့၏။ သည်ကြားထဲ ဟိုဘက်ရွာ ဒီဘက်ရွာရန်ဖြစ်လျှင်လည်း သည်မြေနေရာမှာပင် လာ၍ဖြစ်ကြ၏။ ဘယ်သူမှန်လို့ ဘယ်သူမှားသည်မသိ၊ ဘယ်သူက ရန်စ ကျူးကျော်သည်မသိဘဲ သည်မြေနေရာမှာ ထောင်းထောင်းကြေအောင် ရန်ဖြစ် လုံးထွေးသတ်ပုတ်ကြရုံမက တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်ကြသည်။အုတ်ခဲကျိုးများကလည်း မဆိုင်သူများကို ထိမှန်လေသောအခါ ရွာသူရွာသား များမှာ နေ့စဉ်နှင့်အမျှ အထိတ်ထိတ်အလန့်လန့်နေထိုင်ကြရ၏။ တချို့မှာ အိုးပစ် အိမ်ပစ်နှင့် ထိုမြေနေရာနှင့်ဝေးရာသို့ ပြေးခွာရှောင်ရှားကြရလေသည်။ ခုတော့ ထိုနေရာတွင် ပန်းခင်းကြီးတစ်ခင်း ဖြစ်ပေါ်လာပေတော့မည်။ ထုံသင်း မွှေးပျံ့လာမည့် ပန်းရနံ့တို့ကိုလည်း ရွာသားများ ခံစားကြရပေတော့မည်။ ဘယ်မှာ မပျော်ဘဲရှိမည်နည်း။

ထိုသို့ရွာသူရွာသားများ တွေးတောပျော်ရွှင်လျက်ရှိချိန်တွင် မြေ၊ ရေနှင့် မျိုးစေ့တို့ကလည်း သူ့အတွေးလေးနှင့်သူပင် ကြံစည်တွေးတောနေကြလေသည်။

မြေက တွေးသည်မှာ...

''ငါ့အပေါ်မှာ မျိုးစေ့ချတာတော့ ဟုတ်ပါပြီ၊ ဒီမျိုးစေ့က အရည်အသွေး ရော ပြည့်ရဲ့လား၊ မျိုးစေ့မမှန် ပင်မသန်ဆိုတဲ့ စကားလည်းရှိရဲ့မဟုတ်လား။ သူ့မျိုးစေ့ကမှ မမှန်ရင် ငါ့အပေါ်လာစိုက်လည်း အလကားပဲ။ ငါ့ကို ထိုးဆွ အဖွခံရတာပဲ အဖတ်တင်မယ်။ ရေကရော မှန်မှန်လာလောင်းမှာမို့လို့လား။ ရေကလည်း သူ့ကြောင့် ပွင့်လာတာဆိုပြီး ဝေစုလာခွဲဦးမယ်။ မျိုးစေ့ကလည်း သူက အဓိကပါပဲဆိုပြီး အပေါ်စီးကနေ ဝေစုလာခွဲဦးမယ်။ တော်ပြီကွာ အစိုက်မခံတော့ဘူး''

မျိုးစေ့က တွေးသည်မှာ...

''မျိုးစေ့ချတာကတော့ဟုတ်ပါပြီ။ မြေကြီးက မြေဆီသြဇာရော ပြည့်ဝလို့လား၊ မြေဆီသြဇာမရှိတဲ့ မြေမှာ သွားချမိရင် မျိုးစေ့ဆုံးတာပဲ အဖတ်တင်မှာ။ မြေဆီခန်းခြောက်နေတဲ့ မြေကို ရေကရော ရက်ရက်ရောရော လောင်းမှာမို့ လို့လား။ တော်ပြီကွာ မချတော့ဘူး။''

ရေကတွေးသည်မှာ...

''မြေကြီးကလည်း မြေဆီသြဇာမရှိ၊ မျိုးစေ့ကလည်း မမှန်ဘူးဆိုရင် ငါ့ရေ ကုန်တာပဲအဖတ်တင်မယ်မဟုတ်လား။ တော်ပြီကွာ မလောင်းတော့ဘူး။''

ဤသို့ဖြင့် မြေ၊ ရေနှင့်မျိုးစေ့တို့သည် တစ်ဦးနှင့်တစ်ဦး သံသယပွားကာ ပန်းခင်းပျိုးမည့်အစီအစဉ်ကို ဖျက်သိမ်းလိုကြလေသည်။ ရွာသူရွာသားများမှာလည်း မျှော်လင့်ချက်တို့ပျက်သုဉ်းကာ ငိုကြွေးကြလေသည်။ မိမိတို့တစ်သက် ရောင်စုံလှပသည့် ပန်းခင်းကို မြင်ခွင့်မရနိုင်တော့ပါလားဟု တွေးတော စိတ်ဓာတ်ကျ၍နေလေသည်။ မြေတလင်းမှာလည်း ပူပြင်းခြောက်သွေ့မြဲ၊ ရံဖန်ရံခါ တစ်ဖက်ရွာနှင့်တစ်ဖက်ရွာ ရန်ပွဲတွေဖြစ်မြဲ၊ အုတ်ခဲကျိုးတွေ မှန်သူက မှန်ဆဲပင်တည်း။

တစ်နေ့မှာတော့ သံလွင်ခက်လေးတစ်ခက်ကို ကိုက်ချီ၍လာသော အဖြူရောင်ချိုးငှက်ကလေးတစ်ကောင်သည် မြေ၊ ရေနှင့် သစ်စေ့တို့ အနီးရှိသစ်ကိုင်း လေးတစ်ကိုင်းပေါ်တွင်လာ၍နားကာ သံလွင်ခက်လေးကို သူတို့သုံးဦး အလယ်တွင် ချထားလိုက်ရင်း ...

''အသင်မြေကြီး အဘယ်ကြောင့် တစ်ကိုယ်တည်းသွေ့ခြောက်နေမည် နည်း။ အသင်ရေကရော ဘာကြောင့် သံသယတွေ ပွားနေမည်နည်း။ အသင် မျိုးစေ့ကရော အသင့်ကိုယ်အသင် အပုပ်အဆွေးခံ၍ အချည်းနှီးဖြစ်စေ မည်လား။ အသင်တို့သုံးဦးသည် ကိုယ့်အတွက်ကို စဉ်းစားခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ရော၊ သူတစ်ပါးကိုပါ အကျိုးမဲ့အချည်းနှီးဖြစ်စေတော့မည်၊ သနား စရာကောင်းလေစွ..။ သံသယသည် ချစ်ခြင်းမေတ္တာ၏ ရန်သူဖြစ်၏။ ကိုယ့်အတွက်ကို စဉ်းစားခြင်းထက် အများကောင်းကျိုးကို ပို၍စဉ်းစားပေးခြင်း ကသာ ပန်းတစ်ခင်းကို အထမြောက်စေပေလိမ့်မည်။ အိုအသင်မြေကြီး ထလော့။ အသင်၏ ရင်ဘတ်ကိုဖွင့်ကာ အသင့်ပြင်ဆင်ထားလော့။ အသင် မျိုးစေ့က ယုံကြည်စွာမျိုးစေ့ချလော့။ အသင်ရေက စေတနာရှေ့ထား၍ သွန်းဖျန်းပေးပါ လော့။ သင်တို့၏ သံသယနှင့် ကိုယ်ကျိုးစီးပွားကို စွန့်နိုင်ခြင်း ကသာလျှင် သင်တို့ကိုရော သင်တို့အနီးတွင် မှီတင်းနေထိုင်ကျသူများကိုပါ အကျိုးဖြစ်ထွန်းစေနိုင်ပေလိမ့်မည်''ဟု မေတ္တာရပ်ခံလေသည်။

ချိုးဖြူကလေး၏ နှိုးဆော်စကားကြောင့်ပင် မြေ၊ ရေနှင့် သစ်စေ့တို့သည် အသိတရားရကာ အတူယှဉ်တွဲ၍ ပန်းတစ်ခင်းကို ပျိုးလေရာ ရွာသူရွာသားများမှာ နှစ်ထောင်းအားရပင်တည်း။ ချိုးဖြူကလေးကတော့ သူကိုက်ချီ ယူဆောင်လာသော သံလွင်ခက်လေးကို ချန်ရစ်ကာအဝေးသို့ ပျံသန်း သွားတော့သည်။

မကြာခင်၌ပင် ပန်းမျိုးစုံတို့ ဝေဆာပွင့်လန်းမွှေးကြိုင်၍ လာလေသည်။ တစ်ချိန်က ဤမြေပေါ်တွင် ရန်ဖြစ်ခဲ့ကြသော ဟိုဘက်ရွာ ဒီဘက်ရွာမှ ရွာသူရွာသားများသည်လည်း ဤမြေပေါ်တွင် ဝေဆာလှပလာသည့်ပန်းများကို အတူတကွ ခူးဆွတ်ပျော်ရွှင်ကြရလေပြီ။ အုတ်ခဲထိမှန်မည်စိုးသဖြင့် ဟိုနေရာ ဒီနေရာသို့ ပြေးလွှား တိမ်းရှောင်နေကြသူများလည်း ကိုယ့်ရပ်ရွာသို့ ပြန်လာကြကာ မိသားစုတွေအားလုံး ပြန်လည်ဆုံစည်းလျက် ပန်းတို့၏ရနံ့ကို အတူတကွခံစားကြရပေပြီ။ လောကသည် ငြိမ်းချမ်းသာယာ ပေစွ။ နေခြင်းနှင့် သေခြင်းကြားက လူ့သက်တမ်းတိုတိုလေးတွင် ယမ်းငွေ့မဝေ ပန်းငွေ့ဝေသည့် အရပ်ဒေသမှာ နေခွင့်ရသည့် ဘဝသည် ဘယ်လောက်များ ငြိမ်းချမ်းလိုက်ပါသနည်း။ ချစ်ခင်သူ တို့ ဝေးကွာခြင်းကြောင့် ခံစားရသည့်လွမ်းငွေ့တို့ကို ချစ်ခြင်းမေတ္တာနှင့်ပင် ပြန်လည်ပြေပျောက်စေရမည်ဖြစ်လေသည်။

ဤနေရာတွင် ကျွန်မ၏ ပုံပြင်လေးကိုနိဂုံးချုပ်လိုက်ပြီဖြစ်ပါသည်။ ပုံပြင်ထဲက ပန်းခင်းကလေးကိုတော့ ''ပင်လုံ'' ဟု အမည်ပေးလိုက်ပါသည်။

ချစ်ခြင်းမေတ္တာအကြောင်းကို ဝတ္ထုပေါင်းများစွာ ရေးဖွဲ့ခဲ့ပြီးဖြစ်သော ကျွန်မသည် ကိစ္စတော်တော်များများကို မေတ္တာအခြေခံစိတ်ဖြင့် စဉ်းစားတတ်ခဲ့သည်။ လောကတွင် ဥပဒေနှင့်ဖြေရှင်းခြင်းငှာ မတတ်နိုင်သော ကိစ္စတွေကို ချစ်ခြင်းမေတ္တာဖြင့် ဖြေရှင်းသင့်သည်ဟု ကျွန်မ ထင်ပါသည်။

ချစ်ခြင်းမေတ္တာက ဥပဒေထက်ပို၍ ကျယ်ပြန့်နက်ရှိုင်းပါသည်။ ချစ်ခြင်းမေတ္တာ၏ အခြားသောနာမည်တစ်မျိုးကတော့ ''ခွင့်လွှတ်ခြင်း'' ဖြစ်သည်။ ချစ်ခြင်းမေတ္တာရှိမှသာ ခွင့်လွှတ်နိုင်ပါသည်။ ခွင့်လွှတ်ခြင်းက ချစ်ခြင်းမေတ္တာ ကို ပွားများစေပါသည်။

ကျွန်မသည် ပြီးဆုံးသွားပြီဖြစ်သော ကျွန်မ၏ဝတ္ထုစာမူစာအုပ်ကို အသာအယာပိတ်လိုက်ရင်း အပြင်ကို လှမ်းမျှော်ကြည့်မိတော့ ကောင်းကင် တွင် ရောင်နီပျို့ပြီမို့ အိပ်ဖို့ပြင်ဆင်ရသည်။

မျက်ဝန်းတို့ကိုမှေးမှိတ်မိစဉ် တစ်ခဏတွင် ပြုမြဲအတိုင်း မေတ္တသုတ် ကို ခပ်တိုးတိုးရွတ်ကာ ပရိသတ်များနှင့်တကွ အရပ်ဆယ်မျက်နှာကို မှန်းဆ မေတ္တာပို့ရင်း ချစ်ခြင်းမေတ္တာ၏ခြုံလွှမ်းမှုအောက်တွင် ငြိမ်းချမ်းရေး ပန်းခင်းတို့ ဝေဆာမွှေးပျံ့ပါစေကြောင်း တိုင်းရင်းသားများအပါအဝင် မြန်မာပြည်သူ ပြည်သားများအားလုံးအား ညီတူညီမျှတန်ဖိုးထားစွာ ဆုတောင်းမေတ္တာပို့သ လိုက်မိပါသည်။

အိပ်စက်ခြင်းက ကျွန်မဆီ ရောက်ရှိလာသည်။

အိပ်စက်ခြင်းနှင့်အတူ .. ငြိမ်းချမ်းရေး ပန်းခင်းတွေမွှေးပျံ့ဝေဆာနေသည့် အိပ်မက်မျိုးကို ကျွန်မမက်ချင်သည်။

ထိုအိပ်မက်တွေ တကယ်ဖြစ်လာစေချင်မိပါသည်။ ။

ပြန်/ဆက်

No comments:

Post a Comment