Latest News

Friday, February 10, 2017

ထောက်ခံချက်မရှိ တရားမ၀င် ထုတ်လုပ်ရောင်းချနေသည့် သောက်ရေသန့် လုပ်ငန်းများကို တရားစွဲဆို အရေးယူမည်

ထောက်ခံချက်မရှိ တရားမ၀င် ထုတ်လုပ်ရောင်းချနေသည့်

သောက်ရေသန့် လုပ်ငန်းများကို တရားစွဲဆို အရေးယူမည်

ဈေးကွက်၌ တရားမ၀င် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် သောက်ရေသန့်လုပ်ငန်း များစွာရှိနေပြီး အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိ ထုတ်လုပ်နေသည့် လုပ်ငန်းများကို ဥပဒေအရ တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

“ထောက်ခံချက်မရှိ ထုတ်လုပ်နေတဲ့ သောက်ရေသန့် လုပ်ငန်းတွေကို တရားဥပဒေအရ အရေးယူသွားဖို့ ဆက်လုပ်သွားမယ်။ တရားမ၀င် လုပ်ရင်တော့ တရားရုံးမှာ ရှင်းရမယ်။ တရားသူကြီးရဲ့ အဆုံးအဖြတ်ကို ခံရပါမယ်။ အရင်ကလည်း ဒီလိုတရားမ၀င် လုပ်ငန်းတွေကို အရေးယူခဲ့တာတွေလည်း ရှိပါတယ်။ အခု လောလောဆယ် သောက်ရေသန့်တံဆိပ် ခြောက်ခုကို ရဲအရေးပိုင်တဲ့ကိစ္စ ဖြစ်တဲ့အတွက် FDA ရုံးအနေနဲ့ပဲ တရားစွဲထားပါတယ်။ တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။ တရားမ၀င်တဲ့ ကိစ္စတွေ၊ မသင်္ကာဖွယ် ရာကိစ္စတွေ တွေ့ရင်လည်း ကျွန်တော်တို့ FDA ကိုအချိန်မရွေး သတင်းပေးပြီး အကြောင်းကြား တိုင်ကြားနိုင်ပါတယ်။ ဒါကမုန်းလို့ မဟုတ်ဘဲနဲ့ အများပြည်သူအတွက် အကျိုးရှိတဲ့ သတင်းပေးခြင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒါကိုမေတ္တာရပ်ခံ လိုပါတယ်” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ အတွင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ထောက်ခံချက်မရှိ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် သောက်ရေသန့် အမှတ်တံဆိပ် ခြောက်မျိုးကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက တရားစွဲဆိုခဲ့ကြောင်း၊ အဆိုပါ သောက်ရေသန့်များမှာ မရမ်းကုန်း၊ လှိုင်၊ တိုက်ကြီး၊ ဒဂုံအရှေ့၊ တောင်ဥက္ကလာနှင့် သင်္ဃန်းကျွန်းမြို့နယ်များမှ ထုတ်လုပ်သည့် သောက်ရေသန့်များ ဖြစ်ကြောင်း သိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် ထုတ်ပေးပြီး ပြည်တွင်း သောက်ရေသန့်လုပ်ငန်း အရေအတွက် စုစုပေါင်း ၉၇၄ ခု ရှိကြောင်း သိရသည်။

လက်ရှိ သောက်ရေသန့် လုပ်ငန်းနှင့် ပတ်သက်၍ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်ကို နေပြည်တော်ရှိ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

သောက်ရေသန့်လုပ်ငန်းမှာ အကြိမ်ကြိမ်စစ်ဆေးရသည့် လုပ်ငန်းဖြစ်သည့်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ရာတွင် လုပ်ငန်းကြန့်ကြာမှုများ ရှိနေသည့်အတွက် တိုင်းဒေသကြီးအလိုက် တာဝန်များ ခွဲဝေပေးသွားရန် စီစဉ်ထားကြောင်းနှင့် ကနဦးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးကို စတင်လုပ်ဆောင် သွားမည်ဖြစ်ရာ ရန်ကုန်တိုင်းအတွင်းရှိ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင်ကို စတင်လုပ်ဆောင်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

                 
Sources : Eleven Media Group

No comments:

Post a Comment