ဧပြီ ၁ ရက်မှစ၍ စလစ်ကပ်ကားများကို ကြိုတင်ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံမည်ဖြစ်ပြီး အခွန်ပေးဆောင်ပြီးမှသာ ကနဦး ယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် သတ်မှတ်
လာမည့် ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့်ပြေစာ (စလစ်)ဖြင့် တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်များအား ကနဦး ယာဉ်မှတ်ပုံတင် ဆောင်ရွက်ချိန်၌ One Stop Service (OSS) ဖြင့် ကြိုတင်ဝင်ငွေခွန် ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပြည်တွင်းအခွန်များဦးစီးဌာနသည် ပြည်ပမှ တင်သွင်းသည့် မော်တော်ယာဉ်များအား ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းအစီအစဉ်ကို ၂၀၁၆ ခုနှစ် ဇွန် ၁ ရက်တွင် စတင်ခဲ့သော်လည်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် ပြေစာ(စလစ်)ဖြင့် တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်များကို ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းမပြုခဲ့ဘဲ ယခု ၂၀၁၇ ခုနှစ်ဧပြီ ၁ ရက်တွင် စတင်ကောက်ခံရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၆ အရ ၂၀၁၇ ခုနှစ်အတွက် ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့်ပြေစာ(စလစ်) ဖြင့် တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်များ အနေဖြင့် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်မြင့်သော မော်တော်ယာဉ်များ ဖြစ်လာခြင်း၊ တန်ဖိုးကြီး မော်ဒယ်မြင့် Luxury မော်တော်ယာဉ်များလည်း တင်သွင်းလာနိုင်ခြင်းတို့ကြောင့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် ပြေစာ(စလစ်)ဖြင့် တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်များကိုလည်း ကြိုတင်ဝင်ငွေခွန် ကောက်ခံပြီးမှသာ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည်ဟု ပြည်တွင်းအခွန်က သတ်မှတ်ခဲ့သည်။
ဝင်ငွေခွန်သည် တန်ဖိုးနည်းကားများတွင် ပေးဆောင်ရသည့် တန်ဖိုး နည်းပါးသော်လည်း တန်ဖိုးကြီးကားများဆိုပါက လက်ရှိထုတ်ပြန်ထားသော ၂၀၁၇ စည်းကြပ်နှုန်း (CIF, AV) ဖြင့် ကောက်ခံလျှင် ပေးဆောင်ရမည့်ပမာဏ များပြားလာမည်ဖြစ်သည်။ လက်ရှိကောက်ခံနေသော ၀င်ငွေခွန်နှုန်းထားများမှာ CIF တန်ဖိုး+ဆိပ်ကမ်းတွင် ပေးဆောင်ရသည့် အခွန်နှစ်ရပ်ပေါင်း တန်ဖိုး ကျပ်သိန်း ၃၀၀ အထိဆိုလျှင် ၁၅ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ အထိဆိုလျှင် ရာခိုင်နှုန်း ၂၀၊ သိန်း ၁၀၀၀ အထက်ဆိုလျှင် ရာခိုင်နှုန်း ၃၀ ကောက်ခံနေ ခြင်းဖြစ်ရာ တန်ဖိုးမြင့်ကားများ ဆိုပါက ကျပ် သိန်းရာပေါင်းများစွာ ၀င်ငွေခွန် ပေးဆောင် ရမည်ဖြစ်ကြောင်း သိရသည်။
“၀င်ငွေခွန်က များတယ်၊ CIF တန်ဖိုးနဲ့ ဆိပ်ကမ်းမှာ ပေးဆောင်ရတဲ့ အခွန်အားလုံးကိုပေါင်းပြီး ရလာတဲ့ရလဒ်အပေါ် မူတည်ပြီး ၁၅ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၂၀၊ ရာခိုင်နှုန်း ၃၀ ကောက်ခံတာမို့ ၁၅ သိန်းလောက်ကနေ သိန်း ၅၀၀ ကျော်အထိရှိတယ်။ နောက်တစ်ချက် သတိထားရမှာက ၀င်ငွေခွန်ပေးဆောင် ထားမှ ကညနလိုင်စင် ပေးဝင်မယ်ဆိုတဲ့အချက်ပါ။ အသစ်ထပ်ရောက်လာမယ့်ကားတွေတင် မဟုတ်ဘူး။ ပြည်တွင်းမှာ ရောက်နှင့်ပြီးသား နံပါတ်မယူရသေးတဲ့ကားတွေပါ အကျုံးဝင်လိမ့်မယ်။ ဖရီး ပါမစ်ကားတွေက နဂိုကတည်းက ကောက်ခံပြီးသား။ အခုစလစ် ကားတွေပါဆိုတော့ ကားအမျိုးအစား မရွေး၊ မော်ဒယ်မရွေး အားလုံးကောက်ခံတော့မှာပါ။ ဒီကြေညာချက် မပြောင်းလဲဘူးဆိုရင်တော့ တန်ဖိုးမြင့်တဲ့ကားတွေ မတ်လထဲမှာ မဖြစ်မနေ နံပါတ်ယူထားရပါတော့မယ်။ ဧပြီလ နောက်ပိုင်းမှာတော့ အခွန်တွေမြောက်မြားစွာ ပိုမိုပေးဆောင်ရပါတော့မယ်။ အထူးကုန်စည်ခွန်ဆိုတာက ရှိသေးတယ်” ဟု ပြည်ပမှ ကားများ တင်သွင်းရောင်းချနေသော Distinct Trading Co.,Ltd မန်းနေဂျင်းဒါရိုက်တာ ဦးထွဋ်ထိပ်က ပြောကြားသည်။
KL Seven ကားအရောင်းစင်တာ မန်းနေဂျင်းဒါရိုက်တာ ဦးကြည်သာဟန်က “အခု ကြေညာချက်အရ ဧပြီ ၁ ရက်ကစပြီး စလစ်ကပ်ကားတွေ AV, CIF တန်ဖိုးပေါ်မူတည်ပြီး အနည်းဆုံး ၁၄ သိန်းဝန်းကျင်ကနေ သိန်းရာကျော်အထိ ဈေးတက်ပါပြီ။ စလစ်ကပ်ကားတွေ ၀ယ်မယ့်သူတွေအနေနဲ့ မတ်လမကုန်ခင် အချိန်အတွင်းမှာ အမြန်ဆုံး ၀ယ်ယူကြဖို့လိုပါတယ်။ စလစ်ကပ်ကားတွေ ၀ယ်ယူမယ့်သူတွေ ဧပြီ ၁ ရက်နောက်ပိုင်းမှ ၀ယ်မယ်ဆိုရင် ကားရဲ့ AV, CIF အပေါ်မူတည်ပြီး ကျပ် ၁၄ သိန်း ၀န်းကျင်ကနေ သိန်းရာကျော်အထိ ဈေးပိုပေးရတော့မှာဖြစ်ပါတယ်” ဟု ဆိုသည်။
ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရန် မလိုအပ်ဘဲ ကနဦး ယာဉ်မှတ်ပုံတင်ခြင်း ဆောင်ရွက်နိုင်သော ယာဉ်အမျိုးအစားများကို စလစ်ကပ်ယာဉ်များမှလွဲ၍ ယခင်အတိုင်း ဆက်လက်သတ်မှတ်ခဲ့ပြီး ၎င်းတို့မှာ ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီး/ပြည်နယ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ခွင့်ပြုရန်ပုံငွေဖြင့် တင်သွင်းမည့်မော်တော်ယာဉ်များ၊ နာရေးယာဉ်၊ မီးသတ်ယာဉ်များ၊ ဘာသာရေး၊ ကုသိုလ်ရေး သက်သက်ဆောင်ရွက်သည့် အဖွဲ့အစည်းပိုင် မော်တော်ယာဉ်များ၊ နိုင်ငံတော်၏ လုပ်ငန်းဌာန၊ အဖွဲ့အစည်းများ၊ စီမံကိန်းများတွင် အသုံးပြုရန် လှူဒါန်းသည့် သို့မဟုတ် ထောက်ပံ့သည့်ယာဉ်များ၊ လှူဒါန်းရန်အတွက် တင်သွင်းလာသည့်ယာဉ်များ၊ သံတမန်များ၊ သံရုံးများက တင်သွင်းလာသည့် မော်တော်ယာဉ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများက တင်သွင်းလာသည့် မော်တော်ယာဉ်များ၊ ရင်းနှီး မြှုပ်နှံမှုဥပဒေအရ ၀င်ငွေခွန်ကင်းလွတ်ခွင့် ရရှိသောကာလအတွင်း တင်သွင်းလာသည့် ယာဉ်များဖြစ်သည်။
Sources : Eleven Media Group
Friday, February 10, 2017
ဧပြီ ၁ ရက်မှစ၍ စလစ်ကပ်ကားများကို ကြိုတင်ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံမည်ဖြစ်ပြီး အခွန်ပေးဆောင်ပြီးမှသာ ကနဦး ယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် သတ်မှတ်
ဧပြီ ၁ ရက်မှစ၍ စလစ်ကပ်ကားများကို ကြိုတင်ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ ကောက်ခံမည်ဖြစ်ပြီး အခွန်ပေးဆောင်ပြီးမှသာ ကနဦး ယာဉ်မှတ်ပုံတင်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် သတ်မှတ်
Reviewed by Ar Ti
on
4:39 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment