Latest News

Sunday, February 26, 2017

ဦးကိုနီလုပ်ကြံခံရမှု ရှင်းလင်းပွဲ နောက်ဆက်တွဲဂယက်နှင့် ပြည်သူ့အသံ

ဦးကိုနီလုပ်ကြံခံရမှု ရှင်းလင်းပွဲ နောက်ဆက်တွဲဂယက်နှင့် ပြည်သူ့အသံ


တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်းနှင့်  ပတ်သက်၍ အခင်းဖြစ်ပွားပြီး တစ်လခန့်ကြာမြင့်ချိန်တွင် ပြည်ထဲ ရေးဝန်ကြီးဦးဆောင်ကာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ရာ လူ ငယ်သဘာဝ ပုဂ္ဂိုလ်ရေးမုန်းတီးမှုများဖြစ်လာပြီး အစွန်းရောက်မျိုးချစ် စိတ်ကြောင့် လုပ်ကြံခဲ့ကြောင်း ရှင်းလင်းခဲ့သည့်အပေါ် ဝေဖန်မှုများ မြင့်တက်နေပြီး အာဏာရပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်ကပင်  ပြဿနာကို မီးမွှေးလိုက်သည့် ရှင်းလင်းပွဲဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ရာ ယင်းနှင့်ပတ်သက်၍ ပြည်သူများ၏အသံကို စုစည်းဖော်ပြလိုက်ပါ သည်။

ကိုဇေယျာလှိုင်

(မြန်မာဂျာနယ်လစ်ကွန်ရက်၊ အထွေထွေအတွင်းရေးမှူး)

တရားဥပဒေစိုးမိုးရေးလုပ်နေတဲ့သူတွေက လူသတ်မှုလုပ်တဲ့ ရာ ဇ၀တ်ကောင်တွေကို ဖော့ပြောတာ နားမလည်နိုင်ဘူး။ ဖော့ပြီးပြောပေး တာ၊ သူတို့ရဲ့ ပြစ်မှုကို လျော့သွားစေလိုတဲ့ ပုံစံမျိုးပြောပေးသလို ဖြစ် နေတာပေါ့။ ဒီထဲမှာပါဝင်ပတ်သက်နေတဲ့သူတွေအကုန်လုံးက တပ် မတော်အရာရှိဟောင်းတွေဖြစ်နေတာကို လက်ရှိအရာရှိတွေက ကာ ကွယ်ပြောပေးနေသလို ဖြစ်နေတယ်။ နောက်ပြီး ရှေ့နောက်မညီဘဲ ပြောဆိုနေတာလည်း တွေ့ရတယ်။ ပထမတော့ ပုဂ္ဂိုလ်ရေးမကျေနပ် လို့ သတ်မိတယ်လို့ပြောပြီးမှ နောက်ကျတော့ အစွန်းရောက်မျိုးချစ်စိတ် ကြောင့် လူငယ်သဘာဝ သတ်မိတယ်လို့ ပြောတာ ရှေ့နောက်မညီဘူး။ သတင်းစာရှင်းလင်းပွဲမှာ ဖုံးကွယ်ထားတာတွေရှိနေနိုင်တယ်။ မနေ့က လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဆိုရင်အချက်အလက်တွေနဲ့ ဖော်ပြတာ မဟုတ်ဘဲ သူတို့စိတ်ခံစားချက်တွေနဲ့ပဲ ပြောသွားတဲ့ပုံစံတွေ တွေ့ရ တယ်။ ဥပမာဆိုရင် အမတ်တစ်ယောက်ဖြစ်လို့ လူသတ်မှုမလုပ်ဘူးလို့ ပြောတာမျိုးပေါ့။ အမတ်ဖြစ်လို့ လူသတ်မှုမလုပ်ဘူးဆိုတာ သူတို့ရဲ့ ထင်မြင်ချက်၊ သူတို့စိတ်ခံစားမှုနဲ့ ပြောတာဖြစ်နေတယ်။ တကယ် အ ချက်အလက်နဲ့ ရှင်းလင်းပြတာမျိုးမဟုတ်ဘူးဖြစ်နေတယ်။ သတင်းထုတ်ပြန်မှု နောက်ကျတာကတော့ သူတို့သတင်းပေးကို မပေးချင်တာလို့ ထင်တယ်။ မီဒီယာသမားတွေက ထုတ်ဖော်ရေးသားတာတွေရှိလာလို့ ငါတို့ဒီလောက်တော့ ရှင်းလင်းမှဖြစ်မယ်ဆိုပြီး မီဒီယာသမားတွေရဲ့ နောက်ကနေ ဖော်လိုလိုက်ပြီး သတင်းစာ ရှင်းလင်းပွဲလုပ်တဲ့ပုံစံဖြစ်နေတယ်။ အောင်ဝင်းခိုင်ကို ဖမ်းမိဖို့က သူတို့ဘယ်လောက်အထိ သွားရဲသလဲ၊ ဘယ်လောက်အထိ သွားမလဲဆိုတဲ့အပေါ်မှာ မူတည်မယ်လို့ထင်တယ်။ ဒီအမှုမှာမြှုပ်ကွက်တွေ အများကြီးရှိ နေတယ်။ နဂါးလေးကို မူးယစ်ဆေးနဲ့ဖမ်းတယ်လို့ ပြောတယ်။ နောက်တော့လည်း ဦးကိုနီကိုသတ်တဲ့ကိစ္စနဲ့  ပတ်သက်ပြီး ဖမ်းတယ်လို့ဖြစ်သွားပြန်တယ်။ နဂါးလေးကိုမိတာက မကွေးဘက်မှာ၊ အောင်ဝင်းခိုင်သွားမယ်လို့ပြောသွား တာကလည်း မကွေးဘက်ဆိုတာကတော့ ဆက်စပ်တာပေါ့လေ။ အခု ဇေယျာဖြိုးကိုမိနေပြီဆိုတော့ နောက်ကွယ်ကအကြာင်းတွေ ဆက်လိုက်ရမယ်။ ဇေယျာဖြိုးက ဘာစီးပွားရေးလုပ်နေသလဲ၊ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် လူသတ်တဲ့နေရာမှာ ဒီလောက်ငွေအများကြီး ဘာကြောင့်သုံးတာလဲ။ ဒီထက်ကြီးတဲ့ သူတွေပါရင်လည်း ဖော်ထုတ်ပေးရမယ်။

မစုသက်ခိုင် (ကိုနေ၀င်း၏ ဇနီး)

တာဝန်ရှိသူတွေ ရှင်းလင်းပွဲမှာ ပြောတဲ့စကားတွေကြောင့် တော် တော်မျှော်လင့်ချက်မဲ့သွားတယ်။ အစ်မတို့က အဓိကတရားခံကို ဖမ်းမိ စေချင်တယ်။ တရားခံကိုလည်း သိချင်တယ်။ ဒါမှလည်း တရားမျှတမှု ရှိမယ်လို့ထင်တယ်။ ဒီအမှုအပေါ်မှာလည်း တာဝန်ရှိသူတွေက လေး လေးနက်နက်နဲ့ အာရုံတစိုက်ရှိပေးစေချင်တယ်။ လူတွေကလည်း ဒီ အတိုင်းကြီးထားမယ်ဆိုလည်း မကျေနပ်နိုင်တာဆိုတော့ ထပ်ပြီးတော့ ရှင်းလင်းမှုတွေ လုပ်မယ်မျှော်လင့်မိပါတယ်။

ကိုထွဋ်ထွဋ် (သုံးရောင်ခြယ် ကျောင်းသားများအဖွဲ့ အတွင်းရေးမှူး)

ဒီအမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေဘက်က ဘာဆက်လုပ်မလဲ၊ ထုတ်ပြန်ချက်တွေကို ထပ်ပြီးစောင့်ကြည့်ဖို့ဖြစ်လာတာပေါ့။ အမှန် ပြောရရင်တော့ ပြည်သူတစ်ယောက်အနေနဲ့ရော၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်အနေနဲ့ရော ဒီထုတ်ပြန်ချက်တွေဟာ မပြည့်စုံဘူးလို့ဆိုနိုင် ပါတယ်။ ပြီးတော့ ဒီအမှုရဲ့ ရှင်းလင်းပွဲမှာ လူငယ်တွေရဲ့ မျက်ကန်းမျိုး ချစ်စိတ်ကြောင့်ဖြစ်သွားတယ်ဆိုတဲ့ အသုံးအနှုန်းမှာ လူငယ်လို့သုံးနှုန်း ခဲ့တာကို သဘောမကျဘူး။ အစ်ကိုလည်း အသက် (၅၂) နှစ်ရှိနေပြီ။ ကိုယ့်ကိုယ်ကိုယ်လည်း လူငယ်လို့မယူဆထားဘူးလေ။ အမှုအနေနဲ့က ဒီမှာပဲ ပြီးသွားရမယ့်ကိစ္စမဟုတ်ဘူးလေ။ သူတို့အနေနဲ့ ဆက်ပြီး ဖော် ထုတ်ရဦးမယ့် ကိစ္စဖြစ်နေတယ်။ ပြည်သူတွေအနေနဲ့လည်း သွားလာ ရင်းနဲ့မှ တွေ့တာ၊ မြင်တာကိုတာဝန်ရှိသူတွေကို သတိပေးတာမျိုးလုပ် သင့်တယ်။

ဦးတေဇဓမ္မ (ဒီပဲယင်းဆရာတော်)

ထုတ်ပြန်ချက်တွေ တောက်လျှောက်ထုတ်ခဲ့တုန်းက ရဲလုပ်ငန်း အရ သူတို့ဆောင်ရွက်တဲ့အပိုင်းတွေ တိကျတာ၊ မတိကျတာ၊ မှန်ကန်မှု စိစစ်နေတဲ့ အပိုင်းတွေရှိမယ်ထင်တဲ့အတွက် နောက်ကျတာ၊ နောက် မကျတာတော့ ဘာမှ မှတ်ချက်မပေးလိုဘူး။ ဒါပေမဲ့ စောစောစီးစီး ထုတ်ပြန်မယ်ဆိုရင်တော့ ပြည်သူတွေလည်း မြန်မြန်သိမယ်၊ တရားခံ တွေအတွက်လည်း ပြင်ဆင်ချိန်နည်းသွားမယ်။ နောက်ဆုံးတာဝန်ရှိသူ တွေက လူငယ်သဘာဝ မကျေနပ်ရာကအစ မျိုးချစ်စိတ်ကြောင့် သတ် တယ်ဆိုတာတော့ အတော်မကျေနပ်စရာကောင်းတဲ့ အဖြေမျိုးပါပဲ။ တရားခံရှာဖွေမှုကတော့ ရဲလုပ်ငန်းအရ ရှာဖွေနေတယ်၊ဆောင်ရွက်နေ တယ်ဆိုပေမယ့် အမှုက ရှေ့ဆက်ပြီးအချက်အလက်သစ်တွေ တွေ့ရ ဖို့မသေချာနိုင်ပါဘူး။

ဦးမြအေး (၈၈ မျိုးဆက်၊ ဦးကိုနီနှင့်အတူ လေ့လာရေးခရီးစဉ် သွား ရောက်ခဲ့သူ)

သတင်းစာရှင်းလင်းပွဲက စကားကိုပဲ ပြန်ကိုးကားချင်တယ်။ အဲဒီ မှာအစွန်းရောက် မျိုးချစ်စိတ်ဆိုတဲ့ အသုံးကို သုံးသွားတယ်လေ။ ဘာ ကြောင့်အစွန်းရောက်စေတယ်ဆိုတဲ့ အကြောင်းတရားကို ရှာပြီးတော့ အစိုးရက အစွန်းမရောက်အောင် ထိန်းကျောင်းဖို့လိုတာပါ့။ ဘာဖြစ်လို့ ကျွန်တော်ဒီစကားကိုပြောလဲဆိုတော့ အခုလောလောဆယ် လုပ်ကြံ သတ်ဖြတ်တဲ့လူတွေအကုန်လုံးက အရင်တုန်းက အင်ဆားဗစ်ဖြစ်ခဲ့တဲ့ လူတွေချည်းပဲလေ။ အစွန်းရောက်မျိုးချစ်စိတ်ကို ဘယ်လိုသော အ ကြောင်းတရားတွေက မွေးဖွားပေးတာလဲ၊ ဘယ်သူတွေက အစွန်း ရောက် မျိုးချစ်စိတ်ဖြစ်အောင် လုပ်နေတာလဲ။ အဲဒါကိုတော့ အစိုးရက ဖော်ထုတ်ဖို့လိုတယ်။ အခုလောလောဆယ် ရှင်းသွားတဲ့ ရှင်းလင်းပွဲရဲ့ အခြေအနေ အနေအထားကို ကျွန်တော်မြင်တာက အမှန်တရားသေဆုံးသွားတယ်လို့ ကျွန်တော်နားလည်တယ်။ သတင်းထုတ်ပြန်မှုအပေါ် ဘယ်လိုမြင်လဲဆိုရင် စုံစမ်းထောက်လှမ်းဖော်ထုတ်မှုက ဘာလို့ကြန့်ကြာနေလဲဆိုတာကို ပိုပြီးစိတ်ဝင်စားတယ်။ လေဆိပ်က စီစီတီဗီထဲမှာ ရထားပြီးတာကို ရက်တွေအများကြီးကွာပြီးမှ တရားခံပြေးပုံစံမျိုး ပေါက်သွားတယ် ဆိုတာက သိပ်တော့ သဘာဝမကျဘူး။ ကျွန်တော်အပါအ၀င် တော်တော်များများပြောတာက ဆရာဦးကိုနီ လုပ်ကြံခံလိုက် ရတဲ့ ကိစ္စရပ်မှာ ဆရာဦးကိုနီ ဖြူခြင်း၊ မည်းခြင်း၊ နီခြင်း၊ ၀ါခြင်း သူ ကိုးကွယ်တဲ့ ဘာသာတရား၊ သူ့ရဲ့လူမျိုးနဲ့ ဘာမှမဆိုင်ဘူးဗျ။ ပြောနေတာ ဆရာဦးကိုနီသည် မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တယ်။ ဒါ့အပြင်NLD ရဲ့ဥပဒေအကြံပေးတစ်ယောက်ဖြစ်တယ်။ တစ်နည်းအားဖြင့် နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ် တယ်။ နိုင်ငံရေးသမားတစ်ယောက်ရဲ့၊ နိုင်ငံသားတစ်ယောက်ရဲ့ လုံခြုံမှုကင်းမဲ့နေတယ်ဆိုတာကို မျက်ဝါး ထင်ထင်ဖြစ်သွားတဲ့ကိစ္စကြီးက သက်သေခံနေတယ်။ အဲဒါကို နောက်နောင်မဖြစ်အောင် ဘယ်လိုကြိုတင် ကာကွယ်မှုတွေလုပ်မလဲဆိုတာကို ဖြစ်စေချင်တယ်။ အဲဒီအတွက်က ဒီအမှန်တရားကို ဖော်ထုတ်မှ နောက် မဖြစ်မှာလေ။

ဦးမင်းလတ် (သံဖြူဇရပ်မြို့)

မြန်မာနိုင်ငံမှာ တခြားအမှုကြီးတွေ ဟိုးလေတကျော်ဖြစ်ခဲ့တာ တွေရှိတယ်ဆိုပေမယ့် ဒီပစ်ခတ်သတ်ဖြတ်မှုမှာ သေဆုံးသူဦးကိုနီဖြစ်နေ တာကြာင့် နောက်ကွယ်က စေ့ဆော်မှုတစ်ခုပါတယ်လို့ အများက သံသ ယ ဖြစ်ခဲ့ကြတယ်။ ဒီအမှုကို သေသေချာချာ လုပ်ကိုင်ခဲ့ဖို့ကောင်းတယ်။ ဒါပေမဲ့လည်း အခုအချိန်အထိတော့ အားရစရာကိုမတွေ့နေရဘူး။ ရဲ တပ်ဖွဲ့ရဲ့ လွတ်လပ်မှုနဲ့စွမ်းဆောင်ရည်ကလည်း တော်တော်လေးကို အကန့်အသတ်ကြီးနေတာလည်းပါပါတယ်။ လူငယ်သဘာဝဆိုပြီးမခိုင် လုံတဲ့ အကြောင်းပြချက်ကို ကိုးကားတယ်။ လူငယ်ဖြစ်တာနဲ့ပဲ သဘာဝ က မဆင်မခြင် စိတ်လိုက်မာန်ပါ လုပ်တတ်တယ်လို့ ပြောတာကိုကမှား တယ်။ လုံးဝပရော်ဖက်ရှင်နယ်မဆန်တဲ့ သုံးသပ်ချက်လို့ပဲမြင်တယ်။ ကျူးလွန်သူတွေက လူငယ်လို့ပြောလို့ရတော့တဲ့ အရွယ်လည်းမဟုတ် တော့ဘူး။ အမှုကိုတောင် သေသေချာချာ လုံးစေ့ပတ်စေ့ တည်ဆောက် လို့ရပြီလားလို့ မေးစရာဖြစ်တယ်။ ဒီအမှုက  အရေးကြီးလို့ သတင်းထုတ် ပြန်မှုဟာ တိကျမြန်ဆန်ဖို့ ကောင်းပါတယ်။ လုပ်ထုံးလုပ်နည်းအရ လုပ်စရာရှိတာလုပ်တာတွေကို နားလည်ပေးနိုင်ပေမယ့် သတင်းစာသုံးသူ တွေ၊ အများပြည်သူတွေအနေနဲ့ သိပိုင်ခွင့်ရှိခဲ့တဲ့၊ အရေးတကြီးသိချင် နေတဲ့ သတင်းမျိုးကို ရည်ရွယ်ချက်ရှိရှိ နှောင့်နှေးနေစေတာမျိုးက ကိုယ့်ဂုဏ်သိက္ခာကျဆင်းရုံသာမက ယုံကြည်မှုပါ ဆုံးရှုံးရလိမ့်မယ်။ ပြင်ပသတင်းဌာနတွေက ဖော်ပြမှ ဟုတ်ပါတယ်ဆိုပြီးလိုက်လုပ်သလို ဖြစ်နေ တော့ စွမ်းဆောင်ရည်မရှိတာ၊ လုပ်ငန်းဆောင်ရွက်မှုမှာ လွတ်လပ်မှုက အကန့်အသတ်ဖြစ်နေတာလို့ ထင်မြင် ရမလိုဖြစ်နေပြီ။

ဦးဇော်လွင် (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)

ဦးကိုနီသေဆုံးကတည်းက တောက်လျှောက်အမှုနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တွေကို စေ့ငုမိပါတယ်။ မပြည့်စုံဘူး၊ နောက်ကျတယ်၊ ပြည်သူလူထုက အားရမှုမရှိဘူးပေါ့။ သတင်းစာရှင်းလင်းပွဲလုပ်တော့ လည်း အီလည်လည်နဲ့ ရောချသွားတာမျိုးပါပဲ။ ရှင်းလင်းပွဲမှာပြောခဲ့သလို လူငယ်သဘာဝ မကျေနပ်ဘူးဆိုရင် ဒီလောက်ငွေပေါင်းများစွာ အကုန် အကျခံ၊ အစီအစဉ်ချပြီး သတ်ဖြတ်တာမျိုး လုပ်မှာမဟုတ်ပါဘူး။ ယုတ္တိ မရှိပါဘူး။ ပြီးတော့ အမှုကလည်း ဒီထက်ပိုပြီး သိချင်သေးတာပေါ့နော်။ ဘာတွေဆက်ဖြစ်မလဲ၊ ဘယ်သူတွေရှိမလဲ။ အားလုံးက စိတ်ဝင်စား နေတယ်။ ဒါပေမဲ့ ပထမဆုံးထုတ်ပြန်တာမှာတောင် ဒီလိုမကျေနပ်စရာ အဖြေဖြစ်လာတော့ အားမရပါဘူး။

ကိုမျိုးဝင်း (ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ ဦးဆောင်သူတစ်ဦး)

ဒီဖြစ်စဉ်တွေက ပြည်သူတွေ စိတ်ဝင်တစား သိရှိလိုတဲ့ ဦးစားပေး သတင်းတွေ။ ပြည်သူတွေကြားမှာ လှုပ်လှုပ်ရှားရှားဖြစ်နေတယ်။ ဒါပေ မဲ့ အစကတည်းက ပြည်သူ့အပေါ် ရှင်းရှင်းလင်းလင်းမရှိတာတွေ၊ လို အပ် နေတဲ့အပိုင်းတွေကြောင့် တချို့တာဝန်ရှိသူတွေဟာ အရင်တိုင်းပဲ လို့ပြနေတယ်။ ပြီးတော့ ဦးကိုနီအတွက် ရှင်းလင်းပွဲမှာ ပြောသွားခဲ့တာ တွေက လုံးဝတာဝန်ယူမှုမရှိတဲ့ဖြေကြားမှုတွေ၊ ပြောကြားမှုတွေပါ။ ဒီလိုအဖြေဟာ အမှန်မဟုတ်ဘူးဆိုတာ ပြည်သူတိုင်းက သိကြပါတယ်။ မကျေနပ်နိုင်ကြပါဘူး။ ပြီးတော့ ဒီအမှုကို ပိုပြီးအသေးစိတ်ရှင်းရှင်း လင်းလင်းသိလို့ရတဲ့အပိုင်းထိ သိရှိလိုကြတယ်။ ထုတ်ပြန်လို့ရတဲ့အပိုင်း တွေက ယုတ္တိရှိတာမျိုးဖြစ်စေချင်တယ်။ ဆက်ပြီးတော့ ထုတ်ပြန်ပေးပါ။ ဒီလိုမရပ်သွားစေချင်ပါဘူး။

ဦးကျော်ဟိုး (ဒီချုပ်ဥပဒေအထောက်အကူပြုအဖွဲ့ဝင်၊ တရားလွှတ်တော် ရှေ့နေ)

ကျွန်တော်တို့မျှော်လင့်ထားတာထက်ပိုပြီးတော့ အဖြစ်မှန်ကို သိ ချင်တယ်။ တာဝန်ရှိတဲ့သူတွေကဒီဖြစ်ရပ်ကို မှန်မှန်ကန်ကန်ဖြစ်အောင် ဖော်ထုတ်ပေးဖို့တောင်းဆိုချင်တယ်။ သတင်းစာရှင်းလင်းပွဲမှာ အများ ပြည်သူတွေယုံကြည်အောင် လက်ခံအောင် ဒီထက်မက ရှင်းပြနိုင်ရ မယ်။ အထောက်အထားတွေပြပြီးတော့ပေါ့။ အခုက အထောက်အထား တွေပြပြီး ရှင်းမပြနိုင်လို့ အခုလိုဖြစ်နေတာ။ မနေ့က သတင်းစာရှင်းလင်း ပွဲမှာ လူငယ်သဘာဝ အမျိုးချစ်လို့ အစွန်းရောက်သွားတဲ့စကားက အမှု ကို စုံစမ်းထောက်လှမ်းတဲ့နေရာမှာ မျှမျှတတလုပ်ရတယ်။ ဘက်မလိုက် ရဘူး။ အခုက မီဒီယာက မေးတာကို သူကဖြေလိုက်တဲ့အခါမှာ သာသာ ထိုးထိုး တစ်ဖက်သတ်ဖြေလိုက်တာ။ ဒီလိုစိတ်ထားမျိုးထားရင် အမှု စုံစမ်းထောက်လှမ်းတဲ့နေရာမှာ ပျော့ကွက်၊ ဟာကွက်တွေဖြစ်သွားမယ်။ ဒါမထားသင့်တဲ့စိတ်ထားမျိုး။ အခုက ရဲတပ်ဖွဲ့နဲ့ တပ်မတော်နဲ့ပူးပေါင်းပြီးလုပ်နေတယ်လို့သိရတယ်။ သူတို့နှစ်ဖွဲ့သာ တကယ်ပူးပေါင်းပြီးတော့ တကယ်ဖိဖိစီးစီးလုပ်မယ်ဆို မမိစရာ၊ မပေါ်စရာအကြောင်းမရှိပါဘူး။ တကယ်သာ သူတို့ဖိဖိစီးစီးလုပ်ဖို့ပဲလိုတာပါ။

ဦးတင်ဝင်း (အတွင်းရေးမှူး၊ တရားဥပဒေစိုးမိုးရေးကော်မတီ)

သူတို့ရဲ့တာဝန်ကျေမှု၊ အမှုမှန်ပေါ်ပေါက်မှုအပေါ်မှာပဲ ပြန်စဉ်း စားလို့ရမှာ။ အခုကတော့ ဘာမှပြောလို့မရသေးပါဘူး။ မနေ့က သတင်း စာရှင်းလင်းပွဲမှာ ပြောသွားတဲ့ဟာနဲ့ပတ်သက်ပြီးတော့ ပြောရမယ်ဆို လုပ် ကြံတဲ့သူတွေအားလုံးက အသက် (၅၀)ကျော်တွေချည်းပဲ။ လူငယ်ပိုင်း ဆိုတာမဖြစ်နိုင်ဘူး။ သူတို့အသက်တွေက ဘယ်လောက်ကြီးနေလို့ အဲဒီ လူတွေကို လူငယ်လို့ခေါ်တာလဲတော့ မသိဘူးပေါ့။ အသက်အရွယ် အနေအထားအလိုက် အဲဒီလိုသုံးနှုန်းတဲ့ဟာကတော့ သုံးနှုန်းမှု မှားယွင်းတယ်လို့ပဲမြင်တယ်။ ဒီအပေါ်မှာ ပြည်သူတွေကတော့ ဒါတွေ ကလူငယ်လား၊ လူငယ်မှမဟုတ်ဘဲဆိုတဲ့ အသံတွေတော့ ထွက်တာ ပေါ့။ ထွက်ပြေးနေတဲ့သူ မိဖို့နဲ့ အမှုမှန်ပေါ် ပေါက်ဖို့က လက်ရှိ စုံစမ်း ဖော်ထုတ်နေတဲ့သူတွေရဲ့ လုပ်ဆောင်မှု အပေါ်မှာပဲ မူတည်တယ်။ အန်ကယ်တို့က လိုက်လို့မရဘူး။ သူတို့ရဲ့ လုပ်ဆောင်မှုကနေ ဘယ် သူ့ကိုမိပြီဆိုရင်တော့ အမှုမှန်ပေါ်လာမယ်၊ သူတို့သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တွေပေါ်လာမယ်။ ဒီပုဂ္ဂိုလ်တွေကိုမိတိုင်း အမှုမှန်ပေါ်ပြီလို့တော့ ပြောလို့မရဘူး။

ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ ဆောင်းပါးရှင်)

ဦးကိုနီလုပ်ကြံခံရတဲ့အမှုနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ဟာ အပေါ်ယံဆန်လွန်းတဲ့အပြင် စုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေဟာလည်း အားရစရာမရှိဘူးလို့ မြင်ပါတယ်။ ဒီမိုကရေစီ စပ်ကူးမပ်ကူးကာလမှာ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတွေရဲ့ အသက်နဲ့အိုးအိမ်စည်းစိမ် လုံ ခြုံရေး၊ အမျိုးသားလုံခြုံရေးတွေနဲ့ ဆက်စပ်နေတဲ့ လစ်ဟာကွက်ကြီးကို မီးမောင်းထိုးပြနေသလို မြင်ရပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည် တွင်းစစ်ရပ်စဲရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့အမျိုးသားရည်မှန်းချက်တွေကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ဖို့အရေးမှာ အမျိုးသားလုံခြုံရေးဟာ အတော့်ကို အရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိသရွေ့ အမျိုး သားလုံခြုံရေးဟာလည်း လျော့ရဲနေမှာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတင်းထုတ်ပြန်တဲ့အပိုင်းဟာအတော့်ကို အားနည်းခဲ့တာတွေ့ရပါတယ်။ လုံခြုံရေး အရ အရေးကြီးတဲ့ ရန်ကုန်လေဆိပ်လိုနေရာမှာ နိုင်ငံသားတစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့အပေါ်မှာ ၀န်ကြီးဌာနနဲ့ ရဲတပ်ဖွဲ့ရဲ့စုံစမ်းဖော်ထုတ်ရှင်းလင်းတဲ့ပုံစံဟာ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ အလွန်အမင်း ကို အားနည်းနေတယ်၊ လျော့ရဲနေတယ်လို့မြင်ပါတယ်။ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ အများကြီးလိုဦးမယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု မြင့်မားလာအောင် ပြုပြင်ရမှာတွေ အများကြီးရှိသေးတယ်ဆိုတာ ထောက်ပြနေ သလိုဖြစ်ပါတယ်။ နောက်ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်တွေက အဲဒီစုံစမ်းစစ်ဆေးဖော်ထုတ်မှုကနေ တရားဥပဒေစိုးမိုးရေးအပေါ် ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းထုတ်ဖို့လည်း လိုအပ်မယ်ထင်ပါတယ်

7Day News Journal

No comments:

Post a Comment