Latest News

Monday, February 27, 2017

အချစ်ကို ပြောင်းလိုက်တော့မယ်


အချစ်ကို ပြောင်းလိုက်တော့မယ်

ဘယ်လို အချစ်မျိုးပဲ ဖြစ်ပါစေ… အချစ်မှာ မျှော်လင့်မိတာတွေရှိတယ်။
အချစ်မှာ ကြည်နှူးပီတိဖြစ်ရတာတွေ ရှိတယ်။
အချစ်မှာ ကျေနပ် ပျော်ရွှင်ရတာတွေ ရှိတယ်။

အဲဒီလို အချစ်ရဲ့ အရသာဆိုတာကို ခံစားရသလိုတစ်ဖက်ကလည်း အချစ်ရဲ့ဆိုးကျိုး သက်ရောက်မှုကို ခံစားရပါတယ်။

ကိုယ်က ချစ်သလောက် သူက ပြန်မချစ်တဲ့အခါ ခံစားရတယ်.။ ကိုယ်ချစ်သလောက်ပြန်မချစ်ဘူးလို့ခံစားရရင် အချို့က ဝမ်းနည်းကြေကွဲတယ် အချို့က
ခံချက်စိတ် ပါလာရင် ဒေါသ ဖြစ်လာပြီ….။

နောက်ဆုံး ဒေါသ လောဘနဲ့ပဲ အချစ်ဆုံးကနေ အမုန်းဆုံး ဖြစ်ကြရတာက ချစ်ခြင်းနဲ့ပတ်သက်ပြီး ရောက်လာတဲ့ လောဘ၊ ဒေါသနဲ့ မောဟ ကြောင့်ပါလား လို့ကျွန်မ နားလည်မိလာတယ်။

အဲတော့ချစ်ရမှာကို ကြောက်တတ်လာတယ်။ မချစ်ဘဲနေလို့ရသလားလို့ ကိုယ့်ကိုယ်ကိုလည်း မေးကြည့်ပါတယ်။ မရပါဘူး။

လူရယ်လို့ဖြစ်လာတဲ့အခါ မချစ်ဘဲ နေလို့မှ မရတာ။ လူအချင်းချင်း ချစ်မယ်၊ လူကနေ အိမ်မွေးတိရိစ္ဆာန်လေးတွေကိုလည်း ချစ်မယ်။

ချစ်တယ်ဆိုတာ လင်ချစ် မယားချစ်လည်း ပါတယ်။ သားချစ် သမီးချစ်လည်း ပါတယ်။ မိဘကို ချစ်တဲ့ အချစ်လည်း ပါတယ်။ မောင်နှမ သားချင်းကို ချစ်တဲ့အချစ်လည်း ပါတယ်။ ဆရာ၊ တပည့် အချစ်လည်း ပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေကို ချစ်တဲ့အချစ်လည်း ပါတယ်။

ဘယ်လိုပဲချစ်ချစ်ပူလောင်တာပဲ။ ခံစားရတာပဲ။ဒါဆို ဘယ်နှဲ့လုပ်ရမလဲ။ အေးချမ်းချင်တယ်။ ဘ၀မှာ အေးချမ်းချင်တဲ့အခါ ဘယ်သူ့ကိုမှ မချစ်ဘဲ နေရင် ရမလား …၊ မရဘူး ဆိုရင် အေးချမ်းအောင် ဘယ်လို ချစ်ရမလဲ။

အဲဒီအချစ် ဆိုတဲ့အဆင့်ကနေ နောက်တစ်ဆင့်တက်အောင်ပဲကြိုးစားအားထုတ်ရမှာ ပါလားဆိုတာကို မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေကနေ သိလာရတယ်။

ဘယ်သူ့ကို မဆို ကိုယ့်အတွက် တစ်စုံတစ်ရာ မျှော်လင့်ချက်လေး တစ်ခုမှ မရှိတဲ့၊ မပါတဲ့ချစ်ခြင်းနဲ့ပဲ ချစ်ချင်တယ်။ အဲဒီ အချစ်က မေတ္တာတရားတဲ့…။

ချစ်ခြင်းနဲ့ မေတ္တာဟာ မတူပါဘူး။

အချစ်ဆိုတာ တပ်မက်မှု ပါတယ်.။ လိုချင်မှု တစ်စုံတစ်ရာ ပါဝင်နေရင် အဲဒီ အချစ်ဟာ ရှိရင် ရှိသလောက် ပူလောင်စေပါတယ်။ အချိန်မရွေး ကိုယ့်ကို လောဘ ဖြစ်လာစေတယ်။ ဒေါသ ဖြစ်ပြီး ငရဲထိရောက်အောင် ဆွဲခေါ်သွားလိမ့်မယ်။

ဒေါသကတော့အမြဲတမ်း နှလုံးသားထဲမှာ ရှိနေတယ်။ အဲဒီကြောင့် ဒေါသနဲ့ တုန့်ပြန်တယ်။
အဲဒီဒေါသနဲ့ဆဲရင် မစင်ကို ငုံပြီး သူတပါးကို ထွေးဖို့ ကြံစည်သလိုပဲ လို့သီတဂူဆရာတော်ဘုရားက ဟောပါတယ်။

မေတ္တာတရားကတော့အဲလို မဟုတ်ဘူး။ ရင်ထဲက ချစ်တဲ့ အချစ်ပါပဲဒါပေမဲ့ သူက ဘာမှ မမျှော်လင့်ဘူး။ ပြန်မချစ်လည်း ရတယ်။ ပြန်မပေးတဲ့အချစ်ဆိုရင်လည်း ပြဿနာ မရှိဘူး။

ကိုယ်ချစ်တာ သူ သိဖို့မသိဖို့တောင် မလိုဘူး။ ကိုယ်ချစ်တဲ့အချစ်ဆိုတာမှာကို မျှော်လင့်ချကိ မရှိဘူး။ ရှင်းဖို့ မလိုဘူး။

မေတ္တာ ဖြစ်တဲ့ အတွက် အ ဒေါသပါ။  ဒေါသ မပါဘူး။ ကိုယ့်မေတ္တာကို မသိရကောင်းလားဆိုတဲ့ဒေါသလည်း မဖြစ်ပါဘူး.။ ဒေါသ ဖြစ်တယ်ဆိုရင်တော့ အဲဒါဟာ မေတ္တာ အဆင့်မဟုတ်သေးဘူး….တဲ့။

မေတ္တာ စိတ် ဆိုတာ ကိုယ့်အပေါ်ကောင်းတဲ့သူတွေကိုပဲ ထားမယ်၊ ကိုယ့်အပေါ် ဆိုးတဲ့ သူတွေအပေါ် မထားနိုင်ဘူး ဆိုရင်လည်း ဒါဟာ မေတ္တာစိတ် မဟုတ်ဘူးတဲ့။

ကောင်းတဲ့သူတွေအပေးမှာရော၊ ဆိုးတဲ့သူတွေအပေါ်မှာရော ကောင်းစေချင်တဲ့စိတ်စေတနာကပဲ မေတ္တာစိတ်ပါတဲ့….။

အတ္တမကင်းတဲ့ချစ်ခြင်း၊ လောဘရှိနေတဲ့ချစ်ခြင်း၊ ဒေါသ ပါနေတဲ့အချစ်၊ မောဟ ပါနေတဲ့ အချစ်တွေကြောင့် ဒုက္ခဆိုတာကို ဖြစ်ရပါတယ်။

ဒါကြောင့် အချစ်ဆိုတဲ့ အဆင့်ကနေ မေတ္တာဆိုတဲ့အဆင့်ကို ရောက်ဖို့ပထမဆုံး ထိမ်းရမှာကတော့စိတ်ပါ။ လောဘ ဆိုတဲ့ မရောင့်ရဲနိုင်တဲ့စိတ် ပါ။

နောက်တစ်မျိုးကတော့ နှလုံးသားထဲမှာ ဒေါသ ကိန်းအောင်းနေရင် ငရဲပါပဲ။ အဲဒီနှစ်မျိုးစလုံး ရှိနေရင် မောဟလည်း ရှိတာပါပဲ။

မလွယ်ပါဘူး။ ဒါပေမဲ့ ဇွဲနဲ့ကြိုးစားပြီး ထပ်တလဲလဲအားထုတ်ကြိုးပမ်းမယ် ဆိုရင်တော့ မေတ္တာတရားနဲ့ရှင်သန်တဲ့သူ ဖြစ်လာလိမ့်မယ်လို့တော့
ယုံတယ်ရှင်။

မေတ္တာစိတ်နဲ့ရှင်သန်ရင်တော့ဒေါသ မရှိတော့တဲ့အတွက်
ကိုယ့်ရဲ့ ပြောဆို ဆောင်ရွက်ခြင်းမှန်သမျှ အားလုံးဟာ ကောင်းမွန်လှပ သွားမယ်၊ မာန်မာန မရှိတော့ဘဲနဲ့ ရောင့်ရဲတတ်တဲ့နှလုံးသားလည်း
ရှိလာနိုင်တော့မယ်။ ဒါဟာ အေးချမ်းစွာ နေထိုင်ခြင်းလို့ပဲ မှတ်ယူပါတယ်။

မတူတဲ့အမြင်များ ရှိရင်လည်း ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။
ကျေးဇူးတင်ပါတယ်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment