Latest News

Friday, February 24, 2017

မအူပင်ကို အလေးပြု...



***

မနေ့က တွေ့လိုက်ပါတယ်။ မအူပင်သားတွေက သူတို့မြို့သား ရဲနောင်ကို မဲထည့်ကြဖို့ အတွက် မြို့ထဲမှာ ကားတွေနဲ့ လှည့်လှည်ပြီး လှုံ့ဆော်တဲ့ ပုံလေးတွေကိုပေါ့ ...။

တချို့ကတော့ သဘောကျ၊ တချို့ကတော့ ရယ်ဟဟ...ပေါ့။

"တကယ် အရည်အချင်းရှိသူကိုသာ မှန်မှန်ကန်ကန် မဲပေးသင့်တယ်" ဆိုတာလဲ ပါတယ်။ အဲဒီလောက်ထိတော့ မဆိုးသေး...။ ဟုတ်တုတ်တုတ် ရှိသေးတယ်။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဘယ်လောက်ထိ ဖြစ်လာလဲ ဆိုတော့ ဒိုင်လူကြီး လုပ်သူကိုယ်တိုင်ရဲ့ ပြောပေါက်ကိုက ရဲနောင်ကို မဲပေးရင်ပဲ နိုင်ငံကြီးသား မပီသသလိုလို အထိပါ ဖြစ်လာရော...။

သဘောက မအူပင်သားတွေဟာ ရဲနောင်ကို မဲမပေးသင့်ဘူးပေါ့။ သူ့ထက် တော်သူကိုသာ မဲပေးသင့်တယ်ပေါ့။

***

ဒါဖြင့် အဲဒီလူတွေကို ကျွန်တော် မေးကြည့်မယ်။

မြန်မာနဲ့ ထိုင်း ဘောလုံးကန်တော့ မြန်မာတွေ ဘယ်အသင်းကို အားပေးလဲ။ မြန်မာနဲ့ ကိုးရီးယား ကန်တုန်းကရော ဘယ်အသင်းကို အားပေးကြလဲ။ မြန်မာနဲ့ အဲဒီအသင်းတွေ ဘယ်သူက ပိုကောင်းပြီး ပိုအရည်အချင်း ရှိကြလဲ ဆိုတာ အားလုံး သိနေတာပဲ။ တကယ် အရည်အချင်း ပိုရှိသော အဲဒီ အသင်းတွေကိုသာ အားပေးကြပါတော့လား။

မြန်မာက အဲဒီ အသင်းတွေကို နိုင်ဖို့ကို ခဏလေး ဘေးဖယ်ထားဦး။ ရှေ့တန်းကို ဘောလုံးလေး တလုံးတလေ ဆွဲပြေးလာရင်ကိုပဲ အသံခြစ်ပြီး အားပေးခဲ့ကြတာ မဟုတ်လား။

သူတို့ဘာသာ တခြားအသင်း ဘယ်လောက်တော်တော် ကိုယ့်နိုင်ငံ အသင်းကိုမှ အားပေးတာကို နိုင်ငံကြီးသား မပီသဘူးလို့ သွားပြောလို့ မရဘူးဆိုရင် သူတို့မြို့သားကို သူတို့ဘာသာ သည်းသည်းလှုပ် ချစ်ကြတာကို ဘာများ ပြောစရာ ရှိသလဲ။

***

ပြိုင်ပွဲ တခု အနေနဲ့ ပကတိ အတိုင်း ပြောရအောင်...။

အခု ယှဉ်ပြိုင်နေကြတဲ့ အနေအထားအရ ရဲနောင်ဟာ Myanmar Idol မဖြစ်နိုင်ပါဘူး။ သူများသီချင်းကို အဆိုပြိုင်ရတဲ့ အဲဒီပွဲမှာ ရဲနောင်အတွက် အံဝင်ခွင်ကျ ဖြစ်နိုင်ချေ အင်မတန် နည်းပါတယ်။

ဒါပေမယ့် အဲဒီကလေးဟာ အရည်အချင်းမဲ့သူ မဟုတ်ပါဘူး။ ဒီဘက်ခေတ်မှာ အတော်ရှားပါးနေပြီ ဖြစ်တဲ့ ကိုယ်ပိုင် သီချင်းကောင်းတွေကို သူ့အသံနဲ့ လိုက်ဖက်စွာ ဖန်တီးနိုင်သူပါ။

အဆိုမကောင်းတဲ့ အပတ်မှာ ဝေဖန်ထောက်ပြမယ် ဆိုရင်တောင် "တကယ် အရည်အချင်း ရှိသူကိုသာ မဲပေးဖို့..." ဆိုတဲ့ စကားလုံးမျိုးကို ထပ်ခါထပ်ခါ သုံးစွဲပြီးတော့ လူငယ်တယောက် သိမ်ငယ်သွားအောင် ဖိနင်းပြောဆိုတာမျိုး လုံးဝကို မလုပ်သင့်ပါဘူး။ ပရိသတ် အချင်းချင်း ပြောတယ် ဆိုရင်တောင် တမျိုး နားလည်ပေးလို့ ရပါတယ်။ ဒိုင်လူကြီးကတော့ ဒါမျိုးတွေ ခဏခဏ မပြောသင့်တာ အမှန်ပါ။

အခုပြိုင်ပွဲကနေ သူ ထွက်သွားခဲ့သည့်တိုင် နောက်ထပ် သီချင်းတွေ ရေးနေချင်သေးစိတ်၊ ဆိုနေစေချင်သေးစိတ် ဖြစ်နေစေမယ့် ထောက်ပြ ဝေဖန်၊ လမ်းညွှန်မှုမျိုးကိုသာ လုပ်သင့်တာ မဟုတ်လား။

***

ဘာပဲ ဖြစ်ဖြစ် ကျွန်တော်ကတော့ မအူပင်မြို့သားတွေကို အတော် လေးစားတယ် ခင်ဗျ။

မအူပင် ဆိုတာ မြန်မာတနိုင်ငံလုံးနဲ့ ယှဉ်ရင် ပိစိလေး...။

တနိုင်ငံလုံးနဲ့ ယှဉ်ပြိုင်ပြီး သူတို့ မြို့သားကို ချစ်ပြဖို့ ဆိုတာ တော်ယုံမေတ္တာတော့ မဟုတ်ဘူး။ အဲဒီလို ချစ်နိုင်လွန်းတာကိုက ရဲနောင် အတွက် အားဖြစ်စေလိမ့်မယ်။

***

ရင်ထဲက အရှိတရားအတိုင်း ပြောချင်တာကတော့...။

အခု ပြိုင်ပွဲမှာ ရဲနောင် မနိုင်ဖို့ များတာ သိပါတယ်။ ဒါပေမယ့် ကြိုးစားနေတဲ့ လူငယ်တယောက်၊ အရည်အချင်းရှိတဲ့ လူငယ် တယောက်အနေနဲ့ အခုပြိုင်ပွဲကနေ ထွက်သွားခဲ့ရသည့်တိုင် အနုပညာစင်မြင့်ကိုသာ အောင်မြင်မှု အလီလီနဲ့ တက်လာနိုင်ဖို့ကသာလျှင် ပိုအဓိက ကျပါတယ်။ ပြိုင်ပွဲမှာ ပထမရကြသူတိုင်း ပရိသတ်ရဲ့ တော်ကောက်ခြင်းကို ခံနေကြရတာ မဟုတ်ပါဘူး။

ဒါကြောင့်...။

မအူပင်သားတွေရဲ့ ရဲနောင် အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လုံးဝ အလေးပြုပါတယ်။

***

ကလိုစေးထူး

ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။
ဒေသစံတော်ချိန် မနက် ၁ နာရီ ၃၁ မိနစ်။

No comments:

Post a Comment