မန်းရွှေစက်တော်ရာ ဘုရားပွဲ နှစ်ပတ် အတွင်း အလှူငွေ ကျပ်သိန်း
၁,၁ဝဝ နီးပါးရရှိ
မကွေးတိုင်း ဒေသကြီး မန်းရွှေစက်တော်ရာ ဘုရားပွဲတော် စတင် ဖွင့်သည့်ရက်မှ ၁၈ ရက် အတွင်း အလှူငွေ ကျပ်သိန်း ၁,၁ဝဝ နီးပါး ရရှိခဲ့ကြောင်း မန်းရွှေစက်တော်ရာ ဘုရားကြီး ဂေါပကအဖွဲ့ အလှူငွေ စာရင်းအရ သိရသည်။
ယခုရရှိသည့် အလှူငွေများတွင် ရွှေဆိုင်းများ ရောင်းချရငွေ ပါဝင်ခြင်း မရှိဘဲ ရွှေဆိုင်း ရောင်းချရ ငွေသည် ယခုလ ၁၈ ရက်အထိ ငွေကျပ် သိန်း ၆ဝဝ ကျော်ရှိကြောင်း မန်းရွှေစက်တော်ရာ ဂေါပကအဖွဲ့ စီမံဘဏ္ဍာ ဌာန တာဝန်ရှိသူက ပြောသည်။
မကွေးတိုင်းဒေသကြီး မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို ယခုလ ၁ ရက်က စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ရရှိသည့် အလှူငွေ စာရင်းများကို နေ့စဉ် ထုတ်ပြန် ကြေညာပေးလျက် ရှိကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်း က ပြောသည်။
''စပြီး ဖွင့်တဲ့နေ့က စပြီး ဒီနေ့အထိ အလှူခံ ရငွေပေါင်းကို နေ့စဉ် အသံချဲ့စက်နဲ့ ကြေညာပါတယ်။ အသေးစိတ် စာရင်း ဇယားတွေလည်း ရှိပါတယ်။ '' ဟု ၄င်းက ယခုလ ၂ဝ ရက်က မြန်မာတိုင်း(မ်) ကို ပြောသည်။
မန်းရွှေစက်တော်ရာ ဘုရားပွဲတော်သို့ ယခုနှစ်တွင် လာရောက် လည်ပတ်သူ ဦးရေ လျော့နည်းလျက် ရှိကြောင်း ဘုရားပွဲတော် တည်းခိုဆောင် လုပ်ငန်းရှင် များနှင့် ဈေးရောင်းချသူများက ပြောသည်။
မကွေးတိုင်း ဒေသကြီး မင်းဘူး (စကု) မြို့နယ် အတွင်းရှိ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်သည် မြန်မာနိုင်ငံ အတွင်းရှိ တန်ခိုးကြီး ဘုရားပွဲတော်များ အနက် ထင်ရှားသည့် ဘုရားပွဲတော် တစ်ခု ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်မှ ဧပြီလ ၁၇ ရက် အထိ နှစ်လကျော် ကျင်းပလေ့ ရှိခြင်း ဖြစ်သည်။
မြန်မာတိုင်းမ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment