Latest News

Tuesday, February 21, 2017

နိုင်ငံဖွံ့ဖြိုးရေး လုပ်ဆောင်ရန် ငွေကြေး အဓိက အခက်အခဲ ဖြစ်နေဟု သမ္မတ ပြောကြား

နိုင်ငံဖွံ့ဖြိုးရေး လုပ်ဆောင်ရန် ငွေကြေး အဓိက အခက်အခဲ ဖြစ်နေဟု

သမ္မတြေေပြောကြ
ား

တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် လုပ်စရာတွေ အများကြီး ရှိနေပြီး အဓိက အခက်အခဲက ငွေကြေး ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြား လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် မနက်က ချင်းပြည်နယ်၊ ဟားခါးမြို့၊ အ.ထ.က ၁ ဗိုလ်တိုက်ချွန်းခန်းမမှာ ဒေသခံ ပြည်သူလူထု တွေနဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံပွဲမှာ နိုင်ငံတော် သမ္မတက ဒေသရဲ့ လိုအပ်ချက် တွေကို နားထောင်ဖို့၊ တတ်နိုင်တာတွေ ဖြည့်ဆည်းဖို့၊ လုပ်ပေးနိုင်တာ ရှိလည်း လုပ်ပေးဖို့ အခုလို လာရောက်ရတာ ဖြစ်တယ်လို့ အဖွင့် အမှာစကားမှာ ပြောကြားခဲ့ပါတယ်။

“နိုင်ငံတော်က တာဝန်ရှိတဲ့ အတိုင်း လုပ်ပေးရမှာတွေ များစွာရှိပြီး တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် နိုင်ငံတော်ရဲ့ မူဝါဒမှာ တပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ ဖွံ့ဖြိုးမှု နည်းတဲ့ ဒေသတွေကို ပိုမို ဦးစားပေး ဆောင်ရွက်ဖို့ လိုတယ်။ ချင်းပြည်နယ်က ဖွံ့ဖြိုးမှု ဦးစားပေး ဆောင်ရွက်ရမယ့် အထဲမှာ ပါဝင်နေတယ်။ လုပ်လည်း လုပ်ဆောင်နေပါတယ်။ လုပ်စရာတွေ အများကြီးရှိတယ်။ အဓိက အခက်အခဲက ငွေကြေး ဖြစ်တယ်။ မိသားစု တစုလိုပဲ အိမ်ထောင် အသုံးစရိတ်ကို ဘာသုံးကြမလဲ ဆိုတာ ကိုယ့်ဝင်ငွေ ကိုယ့်လိုအပ်ချက်ကို ကြည့်ပြီး သုံးကြရသလို နိုင်ငံတော်မှာလည်း နိုင်ငံတော်ရဲ့ ရန်ပုံငွေ ဘက်ဂျက်ကို ဦးစားပေး အရာတွေအတွက် ခွဲဝေ သုံးစွဲကြရတာ ဖြစ်တယ်”လို့ လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒေသခံ ပြည်သူတွေကတော့ မြို့တွင်းလမ်းတွေကို အဆင့်မြှင့်တင် ပေးဖို့၊  ခုတင် ၂၀၀ ဆေးရုံကနေ ခုတင် ၅၀၀ ဆေးရုံတိုးပေးဖို့၊ ချင်းပြည်တောင်ပိုင်းကို ဆက်သွယ် ထားတဲ့ ဟားခါး-မင်းတပ်-မတူပီ-ပလက်ဝလမ်းကို အဆင့်မြှင့်ကတ္တရာခင်းပေးဖို့၊ အစိုးရကနေ သစ်ခွဲစက်၊ သစ် အရောင်းဆိုင်တွေ ဖွင့်လှစ်ပေးဖို့၊ လျှပ်စစ် မလုံလောက်တဲ့ အတွက် ဘွေနူး ရေအား လျှပ်စစ်ကို ဖော်ဆောင်ပေးဖို့၊ နည်းပညာ တက္ကသိုလ် ဖွင့်ပေးဖို့ စတဲ့ လိုအပ်ချက် ၆ ချက်ကို နိုင်ငံတော် သမ္မတကို တင်ပြ တောင်းဆိုခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်တွေက ဖေဖော်ဝါရီ ၁၉ ရက်နေ့ ကတည်းက ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ ပွဲအတွက် ဖလမ်းမြို့ကို ရောက်ရှိလာခဲ့ပြီး ပြည်နယ်လုံး ဆိုင်ရာ ချင်းအမျိုးသားနေ့ကို တက်ရောက် ဖွင့်လှစ် ပေးခဲ့ပါတယ်။

ဆက်လက်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ ဟားခါးကို ရောက်ရှိလာခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံကာ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဟားခါးမြို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ထန်တလန်မြို့ကို ဆက်လက်ထွက်ခွာသွားပါတယ်။

သတင်း - ဓာတ်ပုံ အောင်ကိုလတ် ( DVB )

No comments:

Post a Comment