Latest News

Wednesday, February 22, 2017

ရန်ကုန်တွင် ယခုနှစ်အတွင်း နိုင်ငံတကာအဆင့်မီ တိရစ္ဆာန်ဆေးရုံ တည်ဆောက်မည်

ရန်ကုန်တွင် ယခုနှစ်အတွင်း နိုင်ငံတကာအဆင့်မီ တိရစ္ဆာန်ဆေးရုံ

တည်ဆောက်မည်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ခွေးမျိုးပွားမှု ထိန်းချုပ်ရေးအတွက် ခွေးကောင်ရေ တစ်ရာ့နှစ်ဆယ်ခန့် ထားရှိနိုင်မည့် နိုင်ငံတကာအဆင့်မီ တိရစ္ဆာန်ဆေးရုံတစ်ခုကို မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယခုနှစ်အတွင်း တည်ဆောက်ရန် စီစဉ်နေကြောင်း တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများဌာနထံမှ သိရသည်။

အဆိုပါ ဆေးရုံမှာ စတုရန်းပေ ၁၅၀ ခန့် ကျယ်ဝန်းပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ရန်ကုန်မြို့တော် စည်ပင်ပိုင် အဆောက်အအုံတစ်ခုကို အသစ်ပြင်ဆင် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဇနီးဖြစ်သူ မစ္စမစ်ချယ်၏ လှူဒါန်းမှုဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာလှမေဦးက ဆိုသည်။

“ဆေးရုံမှာ လေလွင့်ခွေးကောင်ရေ တစ်ရာ့နှစ်ဆယ်လောက် တစ်ပြိုင်တည်း ကုသနိုင်မယ်။ လာမယ့်လထဲမှာ အဆောက်အအုံ ပြင်ဆင်မှုအပိုင်းကို စဆောင်ရွက်ဖို့ ရှိတယ်။ နောက်ပြီး ဆေးရုံမှာထားမယ့် ဆရာဝန်နဲ့ သူနာပြု စုစုပေါင်း ခုနစ်ဦးကို ထိုင်းမှာ သင်တန်းပေးအုံးမယ်။ အခုသင်တန်း ခေါ်စာတောင် ကျလာပါပြီ”ဟု ၎င်းကဆိုသည်။

စမ်းချောင်းနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်များကို ခွေးရူးရောဂါ ကင်းရေးနယ်မြေ စီမံချက်အဖြစ် လာမည့် ၂၀၁၇- ၂၀၁၉ ခုနှစ် သတ်မှတ်ထားခြင်းဖြစ်ပြီး ယင်းနှစ်မြို့နယ်၏ လေလွင့်ခွေးစာရင်းကို ကနဦး စစ်တမ်းကောက်ယူရန် စီစဉ်ထားကြောင်း အဆိုပါဌာနထံမှ သိရသည်။

“ရန်ကုန်မှာ လေလွင့်တိုးပွားမှုနှုန်း နှစ်တိုင်း သုံးသောင်းနဲ့ ငါးသောင်းကြား ပုံမှန်များလာတယ်။ ဒါတွေကို ကုစားဖို့ မျိုးပွားမှု ထိန်းချုပ်ရေးက အရေးကြီးပါတယ်။ အဆင့်မီ တိရစ္ဆ္တာန်ဆေးရုံအနေနဲ့ ပြောရမယ်ဆိုရင် ဒါပထမဆုံးပဲ”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးတန်းအရာရှိ တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာဌာနက လေလွင့်ခွေးမျိုးပွားမှု ထိန်းချုပ်ခြင်း လုပ်ငန်းကို လသာမြို့နယ်တွင် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးခြင်း၊ ခွေးထီးများကို သင်းကွပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် လေလွင့်ခွေးကောင်ရေ တစ်သိန်းခုနစ်သောင်းခန့် ရှိနိုင်ကြောင်း တိရစ္ဆာန်ဆေးကုနှင့် သားသတ်ဌာနထံမှ သိရသည်။

The Voice

No comments:

Post a Comment