ည်
ပညာရေးလောကအတွင်း ကျွန်တော်ကျင်လည်ခဲ့သည်မှာ အတွင်းဆရာ(၀န်ထမ်း) လုပ်သက်ရော၊ အပြင်ဆရာ(ကျူရှင်)လုပ်သက်ရော ပေါင်းလိုက်လျှင် နှစ်ပေါင်းသုံးဆယ်ကျော်ပေပြီ။ ၀န်ထမ်းအဖြစ်သာဆက်ရှိနေလျှင် လုပ်သက် ပြည့်ပင်စင်တောင်ယူ၍ ရနေပေပြီ။ ထိုအနှစ် (၃၀)အတွင်းဆရာ အမျိုးမျိုးနှင့်လည်း ဆက်ဆံဖူးသည်။ ကျောင်းအုပ်အမျိုးမျိုးနှင့်လည်း ဆက်ဆံဖူးသည်။ ပညာရေးမှူးအမျိုးမျိုးနှင့်လည်း ဆက်ဆံဖူးသည်။ တစ်ချိန်က တပည့်တွေက အခုဆရာပြန်ဖြစ်နေတာလည်း ရှိသည်။ တချို့ကျောင်းအုပ်တွေ၊ ပညာရေးမှူးတွေဖြစ်နေကြတာလည်းရှိသည်။
သူတို့သူတို့အထဲကမှ တချို့က ကိုယ်တာဝန်ကျတဲ့ကျောင်းကလေးမှာ၊ ကိုယ်သင်ကြားပို့ချရတဲ့ အတန်းမှာ ကိုယ်သင်ကြားပေးခွင့်ရတဲ့ဘာသာရပ်မှာ နာမည်ကောင်းလေးတစ်ခုချန်ထားရစ်နိုင်ကြသည်။ တချို့တွေကတော့ ကိုယ်ကျင်လည်ခဲ့ရတဲ့ ကျောင်းမှာ၊ အတန်းမှာ၊ ဘာသာရပ်မှာ နာမည်ဆိုးတစ်ခု ချန်ထားရစ်ခဲ့ကြသည်။ ဘယ်ဆရာကတော့ ကျောင်းသားတွေအပေါ် သိပ်စေတနာကောင်းတာ။ ဘယ်ဆရာစာသင်တာကတော့ နားထဲမှာရှင်းသွားတာပဲ စသည်ဖြင့်။ ဒါက နာမည်ကောင်း။ ဘယ်ဆရာကတော့ သိပ်စရိုက်ကြမ်းတာပဲ။ ဘယ်ဆရာကတော့ သိပ်နှုတ်ကြမ်း၊ လျှာကြမ်းတာပဲ။ ဘယ်ဆရာစာသင်တာကတော့သိပ်ပျင်းစရာကောင်းတာပဲ စသည်ဖြင့်။ ဒါကနာမည်ဆိုး။
နာမည်ကောင်း ကျန်သည် ဖြစ်စေ၊ နာမည်ဆိုးကျန်သည်ဖြစ်စေ နောင်တစ်ချိန်အာစရိယပူဇော် ပွဲတွေမှာ ကျောင်းသားဟောင်းတွေအချင်းချင်း ပြန်တွေ့ကြသည့်အခါ ကိုယ့်ငယ်ဆရာ၊ ဆရာမတွေရဲ့ ကောင်းခဲ့ဆိုးခဲ့တာတွေကို အချင်းချင်းပြန်ပြောကြရင်းရယ်မောကြရတာ အရသာတစ်ခုပါ။ သို့သော် သည်လိုနာမည်ကောင်း (သို့မဟုတ်)နာမည်ဆိုးကျန်ခဲ့တာ မျိုးမဟုတ်ဘဲ အကြောင်းတစ်စုံ တစ်ခုနှင့် နာမည်ပျက်ကျန်ခဲ့သည့် ဆရာမျိုးဆိုရင်တော့ သူ့ရဲ့ သင် ကြားပြသမှုကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘယ်သူကမှ သတိတရပြန်ပြောချင်ကြလိမ့်မည်မဟုတ်ချေ။ ကိုယ့်ရဲ့ ပညာသင်ယူမှု အတိတ်မှတ်တမ်းထဲမှ ထိုနာမည်ပျက်ရှိသော ဆရာကို ပယ်ဖျောက် ပစ်ချင်ကြပေလိမ့်မည်။
ခုတလော လူမှုကွန်ရက်စာမျက်နှာပေါ်မှာ၊ သတင်းစာစာမျက်နှာပေါ်မှာ စိတ်ညစ်ညူးဖွယ်သတင်းတစ်ပုဒ်ကို တွေ့ရ၊ ဖတ်ရသည်။ မြောင်းမြမြို့နယ် က၀က်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးကို ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုပြုလုပ်ခဲ့သည်ဆိုကာ အသက်(၂၃)နှစ်အရွယ် ကျောင်းသားဟောင်းတစ်ဦးက မြောင်းမြမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားသည့်သတင်းဖြစ်သည်။ ထိုသတင်းတက်မလာခင် တစ်ရက်နှစ်ရက်က ထိုကျောင်းအုပ်ဆရာကြီး၏ အပြုအမူနှင့်ပတ်သက်၍ ထိုကျောင်းမှ ဆရာ၊ ဆရာမအချို့က ပုသိမ်မြို့တွင် သတင်းစာရှင်းလင်းပွဲလုပ်သည့် သတင်းကို ပုဂ္ဂလိက သတင်းစာများတွင်ဖတ် လိုက်ရသေးသည်။ ယင်းကိစ္စကို မြောင်းမြမြို့နယ် ပညာရေးမှူးရုံး က အတည်ပြုချက်မပေးဟု သတင်းကဆိုသဖြင့် ကျွန်တော့်မှာ လည်း ကိုယ့်ပညာရေးလောကဂုဏ်သိက္ခာအတွက် ‘‘ဒီကိစ္စက တ မင်အပုပ်ချတာပဲဖြစ်ပါစေ’’ဟု ဆုတောင်းမိ၏။
သို့သော် ဆုတောင်းကဖြင့် မပြည့်ပါလေခဲ့။ ဖေဖော်ဝါရီ ၁၇ ရက်ထုတ် ပုဂ္ဂလိကသတင်းစာအချို့တွင် အဆိုပါအထက်တန်းကျောင်းအုပ်ကြီးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန် ဧရာဝတီတိုင်းပညာ ရေးမှူရုံးမှ ခွင့်ပြုကြောင်းသတင်း များဖတ်ရတော့သည်။ ဤကမ္ဘာမြေကြီးတစ်ခုလုံး အိုးထိန်းစက်ကဲ့သို့ သွက်သွက်လည်သွားသလို ခံစားလိုက်ရသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များက မိဘနှင့် ဆရာတို့ကို ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးနှင့် တစ်တန်း တည်းထားကာ အနန္တဂိုဏ်းဝင်များ အဖြစ် မှတ်ယူထားကြသည်။ မိဘထက် ပညာသင်ပေးသောဆရာကို ပို၍ပင်လေးစားရိုသေကြသည်။ အမိ၊အဖကို အချစ်ပိုသော်လည်း ဆရာကို အရိုအသေပိုသည်။ ထို့ကြောင့် အချို့သော တပည့်များက ဆရာကို မိဘသဖွယ်မှတ်ယူထားကြ၏။ သည်လိုတပည့်များက ယုံမှတ်ထားကြသောဆရာက ဘုရားမကြိုက်သောအမှုကို ပြုလေသောအခါ ထိုတပည့်များအဖို့ အားကိုး ရာမဲ့ခဲ့လေပြီ။ လောက၌ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ရမည့် ဆရာကိုမှ မယုံကြည်ရလျှင် ယုံကြည်ရာမဲ့လေပြီ။ ဉာဏ်အလင်းပြမည့် ဆီမီးတိုင်အလယ်ဗဟိုမှ ငြိမ်းလေခြင်း။
လွန်ခဲ့သော လအနည်းငယ်ကလည်း အလယ်တန်းပြဆရာတစ်ယောက်၏ ဆိုးရွားယုတ်ညံ့သည့် သတင်းကြားခဲ့ရသည်။ ထိုစဉ်ကပင် ‘‘ငါတို့ဆရာတွေတော့ လောကတံတွေးခွက်မျက်နှာ ဖော်စရာတောင် မရှိတော့ပါဘူး’’ဟု ကြေကွဲမိ၏။ ကျောင်းဆရာလည်း ပုထုဇဉ်မို့ မှားတတ်ပါသည်။ သို့သော် ကိုယ်ကသူများကို ပညာပေးရသည့် ဆရာ၊ ဘာသာတရားအရ အနန္တဂိုဏ်းဝင်မို့ တစ်ကြိမ်တောင် မှားခွင့်မရှိသည့်ကိစ္စမျိုးတွေမှာ ‘‘သတိတမံ၊ ဉာဏ်မြေကတုတ်၊ ပညာစွမ်းချွန်းကဲ့သို့အုပ်’’နိုင်ရပါမည်။
၁၉၉၂ ပုသိမ်ဆရာ အတတ်သင် သိပ္ပံကျောင်းမှာ အလယ် တန်း ဆရာအတတ် (၁) နှစ်သင်တန်းတက်စဉ်က သင်တန်းဆင်းပွဲမှာ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဇောအောင်ပြောခဲ့သည့် စကားကို အခုထိ မှတ်မိနေသည်။ ‘‘ကျောင်းဆရာဆိုတာလည်း လူပဲဗျ။ အရက်ကြိုက်တဲ့ ဆရာကို မသောက်ပါနဲ့လို့ သွားတားလို့မရဘူး။ တခြားဌာနဆိုင်ရာ ၀န်ထမ်းတွေမူးပြီး လမ်းဘေးမှောက်နေလို့ ဘယ်သူကမှ ဘာမှမပြောဘူးဗျ။ ဆိုက်ကားပေါ် ပွေ့တင်ပြီး အိမ် တောင်ပို့ပေးလိုက်ဦးမယ်။ ခင်ဗျားတို့ ကျောင်းဆရာတွေဆိုရင်တော့ ဆရာတဲ့ကွာ။ မူးပြဲနေတာပဲ။ သူ့တပည့်ဖြစ်ရမယ့် ကလေးတွေ သနားပါတယ်လို့ ပြောမှာဗျ။ တခြားဝန်ထမ်းတစ်ယောက်က မူးပြီး လမ်းမှာကနေရင် ပျော်တတ်လို့လို့ ပြောမှာ။ ခင်ဗျားတို့ ကျောင်းဆရာတွေဆိုရင်တော့ ဆရာဖြစ်ပြီးဣနြေ္ဒ မရှိဘူးလို့ ပြောမှာဗျ။ ဒါကြောင့် ကြိုက်တတ်လို့သောက်ရင်တောင် ခွက်ပုန်းလေးပဲလုပ်ကြပါဗျာ’’ဟု ဆရာကြီးက သင်တန်း ဆင်းပြီး ကိုယ့်မြို့ကိုယ့်ရွာ ပြန်ကြတော့မည့် ကျွန်တော်တို့ သင်တန်းသားများကို မှာရှာသည်။
ပညာသင်ပေးသော ဆရာလုပ်မည့်သူသည် အရက်ကိုတောင် လူမသိအောင် ခွက်ပုန်းသောက်ရသည်ဆိုလျှင် ကျန်သည့် ကာမေသုမိစ္ဆာစာရလို အမှုမျိုးက ဆိုဖွယ်ရာမရှိပြီ။ သည့်ထက်ပို၍ ဓမ္မတာနှင့် ဆန့်ကျင်လျက်ကာမစပ်ယှက်သည့်ကိစ္စမျိုးကတော့ အတွေးထဲမှာတောင် နေရာမရှိနိုင်သည့်ကိစ္စဖြစ်သည်။ သို့ဖြစ်၍ မိမိကိုယ်ကျင့်တရားကို ကောင်းစွာမထိန်းသိမ်း၊ မစောင့်ရှောက်နိုင်သူသည် နဂိုကတည်းက ဆရာမလုပ်သင့်ပါပေ။
ဂေါတမမြတ်စွာဘုရားက ဆရာကောင်းဆရာမြတ်ဟူသည် ‘‘အကျင့်သီလနှင့် ပြည့်စုံပြီး ချစ်မြတ်နိုးဖွယ်ရှိရမည်။ သမာဓိနှင့် ပြည့်စုံပြီး အလေးဂရုပြုဖွယ်ရာဖြစ်ရမည်။
ပညာနှင့်ပြည့်စုံပြီး ချီးမွမ်းဖွယ်ရာဖြစ်ရမည်။ တပည့်များအပေါ်တွင် မသင့်လျော်ပြောဆိုပြုမူသည်ကို တွေ့မြင်လျှင် လျစ်လျူမရှုကြောင့်ကြပြုပြီး ပြောဆိုဆုံးမနိုင်ရမည်။ သူတစ်ပါးတို့၏ ပြစ်တင်ပြောဆိုမှု ဟူသမျှကိုလည်း သည်းခံနိုင်ရမည်။ နက်နဲသောတရားစကားကို ပြောကြားနိုင်ရမည်။ တပည့်များအားမသင့်မလျော်မလျောက်ပတ်သော အရာတို့တွင် ခိုင်းစေမှုမပြုရ။ ထိုဆရာကောင်း ဆရာမြတ်ကို မှီဝဲမှသာ တပည့်ဖြစ်သူ၏ သီလ၊ သမာဓိ၊ ပညာတိုးပွားနိုင်မည်ဖြစ်သည်’’ဟု အင်္ဂုတ္တနိကာယသတ္တကနိပါတ်၊ ဒေ၀တာဝင်္ဂ၊ ဒုတိယမိတ္တသုတ်၌ ဟောကြားတော်မူခဲ့ပါသည်။
ဆရာဟူသည် ယဉ်ကျေးမှု၏ ဖခင်၊ မနုဿဥယျာဉ်မှူး၊ အနာဂတ်ပန်းများကို ဖူးပွင့်စေသူ ဖြစ်ရမည်။ မိမိ၏မှားယွင်းသော ဆန္ဒရမ္မက်တို့ကြောင့် ဆရာလောကကြီးတစ်ခုလုံး၏ ဂုဏ်ကိုညှိုးနွမ်းအောင် မဖန်တီးမကြံစည်ကြပါနှင့်။ ကျွန်တော်တို့မြတ်စွာဘုရားက သူနှင့် ကုလားထိုင်တစ်တန်းတည်းထားကာ ဆရာများကို မြင့်သောမြတ်သောနေရာ၌ ပေးပြီးဖြစ်ပါသည်။
အို... ကျောင်းဆရာ အပေါင်းတို့၊ မကောင်းမှုကို စောင့်ထိန်းလျက်၊ မှားယွင်းဆန္ဒရမ္မက်တို့ကို အောင့်အည်းသည်းခံလျက် နိုင်ငံ၏ ကောင်းသော အနာဂတ်ကို ၀ိုင်းဝန်းတည်ဆောက်ကြပါစို့။ နာမည်ကောင်းမကျန်ချင်နေပါစေ နာမည်ပျက်မကျန်အောင်စောင့်စည်းကြပါစို့။။
7Day News Journal
No comments:
Post a Comment