Latest News

Wednesday, February 22, 2017

ယုန်မမွေးနဲ့၊ ကျားမွေး

ယုန်မမွေးနဲ့၊ ကျားမွေး


(တစ်)

ကဗျာဆရာ မောင်ချောနွယ်၏ကဗျာတော်တော်များများကို ကျွန်တော်စွဲငြိပါသည်။ ကျွန်တော့် စိတ်ကြိုက်ကဗျာတစ်ပုဒ်က ‘ပင်မှည့်တေး’။ ထိုကဗျာတစ်နေရာတွင် ကဗျာဆရာက ဤသို့ဖွဲ့ပါသည်။

ဘဝမှာ

လေးငါးခြောက်ခုမလိုပါဘူး

နှစ်ခုပဲ

ချစ်သူစစ်စစ်နဲ့

ရန်သူစစ်စစ်

ဒီနှစ်ခုပဲ။

ကဗျာဖတ်သူကို နည်းနည်း ကလေးဖြစ်ဖြစ် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားစေသည့် အဖွဲ့ဖြစ်ပါ သည်။ လူတွင် တကယ်လိုအပ် သည်က နှစ်ခုတည်းသာတဲ့။ တစ် က ချစ်သူတဲ့။ နှစ်က ရန်သူတဲ့။ ချစ်သူဆိုသည်ကြီးကဖြင့် ထားပါ တော့။ ရန်သူက လိုအပ်ပါရဲ့လား။ စဉ်းစားစရာကြီးပဲဖြစ်ပါသည်။

(နှစ်)

ဂျူးလိယက်ဆီဇာ(Julius Caesar)ဇာတ်လမ်းထဲ၌ ရောမ ဧကရာစ် ဂျူးလိယက်ဆီဇာကို သူ၏အနီးကပ်ပုဂ္ဂိုလ် ဘရုတပ်စ် (Brutus)က နောက်ကျောကို ဓားဖြင့်ထိုး၍ လုပ်ကြံလိုက်သည့်အခါ ဂျူးလိယက်ဆီဇာ မယုံကြည်နိုင် စွာဖြင့် (You too Brutus) ဘရုတပ်စ်ပဲကိုးဟုဆိုကာ လဲကျသေဆုံးသွားသည့်အချိန်၌ ဘရုတပ်စ်ကို စူးစိုက်ကြည့်ရှုသွားသည့်မျက်လုံးများထဲတွင် ချစ်သူလား၊ ရန်သူလား ခွဲခြားမသိခဲ့လေခြင်းဟူသည့် အနက်အဓိပ္ပာယ်တို့ဖြင့် ပြွတ်သိပ် လျက်ရှိပါသည်။

ကျွန်တော်ဆရာ မောင်ချောနွယ်၏ကဗျာကို သတိရပါသည်။ ချစ်သူစစ်စစ်ကလည်း လိုအပ်ပါ၏။ ကိုယ့်အတွက် ကောင်းခြင်းမင်္ဂလာတို့ကိုသာ ဆောင်ကြဉ်းလာမည့်သူပေကိုး။ ရန်သူစစ်စစ်ကလည်း လိုအပ်ပါ၏။ သူ၏ထိုး နှက်တိုက်ခိုက်မှုတို့ကို ကာကွယ်ရှောင်လွှားရင်း ထုသားပေသားရကာ ကိုယ့်ဘဝရှင်သန်လွန့်လူးလာ နိုင်ခဲ့သည်ကိုး။

ချစ်သူလား၊ ရန်သူလား ပြတ်ပြတ်သားသားမရှိသူတို့ကသာ အန္တရာယ်ပေးဖို့ရာ အချိန်မရွေး ချက်ကောင်းကို စောင့်နေတတ်ကြသည်မဟုတ်လား။

သို့ဆိုလျှင်ဖြင့် လူ၌ ချစ်သူစစ်စစ်(သို့မဟုတ်)ရန်သူစစ်စစ်ပဲ လိုအပ်သည်ဆိုသည်မှာ သေချာပါသည်။ ဤ၌ ချစ်သူစစ်စစ်လိုအပ်သည်ဆိုသောအချက်အတွက် စဉ်းစားစရာမဟုတ်သော်လည်း ရန်သူစစ်စစ်လိုအပ်သည်ဆိုသော အချက်အတွက်မူ ဘဝင်မကျနိုင်သူတို့ ရှိကောင်းရှိနိုင်ပါသည်။

ထိုအချက်အတွက် ကျွန်တော်ရုပ်ရှင်ဇာတ်ကားတစ်ကားကို သတိရပါသည်။ Life of Pi ပဲ ဖြစ်ပါသည်။

(သုံး)

Life of Pi က လူသိများပါသည်။ ကမ္ဘာကျော်ဝတ္ထု၊ ကမ္ဘာကျော်ရုပ်ရှင်။ မူရင်းစာရေးဆရာ နာမည်က ယန်းမာတယ်လ် (Yann Martel)။ ၂၀၀၁ က စာအုပ်အဖြစ်ထုတ်ဝေခဲ့ရာ အုပ်ရေဆယ်သန်းဟုဆိုသဖြင့် ကျွန်တော်အံ့သြသွား ဘပါသည်။ ယင်းကို ရုပ်ရှင်ရိုက်ကူးသူက ဒါရိုက်တာ အန်းလီ (Ang Lee)။ စာအုပ်ဘဝက Man Booker Prize ကဲ့သို့ စာပေဆုများ အများအပြားရခဲ့သကဲ့သို့ ရုပ်ရှင်အဖြစ် ရိုက်ကူးလိုက်သည့်အခါတွင်လည်း ရုပ်ရှင်ဆုအမျိုးမျိုးရ သည်အထိ ဆွတ်ခူးခဲ့သည့်ရုပ်ရှင် ဇာတ်ကားပင်ဖြစ်ပါသည်။ ၂၀၁၂ တွင် စတင်ပြသခဲ့သည့်ရုပ်ရှင်။ အမေရိကန်ရုပ်ရှင်။

ပိုင်(Pi)တို့ မိသားစုက တိရစ္ဆာန်ဥယျာဉ်ကလေးကို ရောင်းကာ အိန္ဒိယမှ ကနေဒါနိုင်ငံဘက်သို့ ခရီးနှင်ပါသည်။ ပစိဖိတ်သမုဒ္ဒရာကြီးကို သင်္ဘောဖြင့် ဖြတ်ကာ နှင်ကြရသည့် ခရီးဖြစ်ပါသည်။ သင်္ဘောပေါ်၌ ပိုင်(Pi)တို့ မိသားစုနှင့်အတူ လက်ကျန်တိရစ္ဆာန်ကလေးများကိုလည်း သယ်ဆောင်လာခဲ့ရာ ဘင်္ဂလားကျားကြီးတစ်ကောင်လည်းပါပါသည်။ သို့ဖြင့် ပစိတ်ဖိတ်သမုဒ္ဒရာထဲတွင် မုန်တိုင်းမိကာ သင်္ဘောနစ်မြုပ်သွားခဲ့ရာ သက်ကယ်လှေခပ် ရွယ်ရွယ်ထဲ၌ ပိုင်(Pi)နှင့်အတူ ကျားကြီးအပါအဝင် တိရစ္ဆာန်က လေးသုံးလေးကောင်ခန့်သာ ကျန်နေရစ်ခဲ့ပါသည်။

သို့ဖြင့် ရက်ပေါင်း ၂၂၇ ရက်တိုင်တိုင် ပိုင်(Pi)နှင့် ကျားတို့ ပင်လယ်ပြင်ကို ဖြတ်သန်းကြရသည့် အကြမ်းအလွမ်းစွန့်စားခန်းများပင်ဖြစ်ပါသည်။ အချိန်မရွေး အန္တရာယ်ပေးနိုင်သည့် ကျားနှင့် ပိုင် (Pi)တို့ သက်ကယ်လှေကလေး တစ်စီး၊ ယင်းနှင့်တွဲကာ ချည်နှောင်ထားသည့် သက်ကယ်ဘော ကလေးတစ်ကွင်းတို့ဖြင့် ကမ္ဘာကျဉ်းကျဉ်းကလေးထဲတွင် လွတ်အောင်ကပ်ရှောင်နေလိုက်ကြ၊ ရင်ဆိုင်လိုက်ကြ၊ သနားကရုဏာ သက်လိုက်ကြဖြင့် မုန်တိုင်းတစ်လှည့် လေပြည်လေညင်းတစ်လှည့်၊ နေတစ်လှည့် လတစ်လှည့်၊ လှိုင်းကြက်ခွပ်ကြီးများ တစ်လှည့်လှိုင်းအိကလေးများ တစ်လှည့်ဖြင့် ဖြတ်သန်းသွားကြရပုံကို စိုးတထိတ်ထိတ်ရိုက်ချက်များဖြင့် ပြသ သွားသည့် ရုပ်ရှင်ဇာတ်လမ်းပင် ဖြစ်ပါသည်။

ကျားကြီးပင်လယ်ထဲ ပြုတ် ကျသွားကာ သက်ကယ်လှေပေါ် သို့ ပြန်တက်မလာနိုင်တော့လည်း ကရုဏာသက်ရ၊ မိမိကို အန္တရာယ်ပြုမည်ကြံတော့လည်း ဒေါသထွက်ရ၊ ပင်လယ်ဆီက ရသည့် ငါးများကို ကျားစာအဖြစ် ကျွေး စဉ် ငါးစားသူ ကျားကြီးအတွက် မုဒိတာဖြစ်ရ၊ မိမိကို မာန်ဖီလာသည့်အခါ ကျားကို ထိုးနှက်တိုက်ခိုက်ဖို့ ပြင်ဆင်ရ၊ မိုးရေကိုခံ သောက်လိုက်၊ သက်ကယ်လှေတွင်းပါ အစားအသောက်ကလေး တွေစားလိုက်၊ ပုလင်းစာရေးကာ ပင်လယ်တွင်းသို့ မျှောပစ်လိုက် ခြင်း၊ မီးကျည်ပစ်ဖောက်ခြင်းများ ဖြင့် ကယ်တင်မည့်သူကို စောင့် စားလိုက်ဖြင့် အိန္ဒိယနိုင်ငံသား ကလေးပိုင်(Pi) ဖြတ်သန်းလွန် မြောက်သွားခဲ့ရပုံကို ရေးထားရိုက် ထားသည့် စာအုပ်နှင့်ရုပ်ရှင်ပင် ဖြစ်ပါသည်။

ကျွန်တော်က ထိုဇာတ်လမ်း အပေါ်သုံးသပ်သည့်တစ်ခုတည်းသော ဝေဖန်ချက်ကို စွဲငြိသွားခြင်းကဖြစ်ပါသည်။

ထိုကျားရှိ၍ ပိုင်(Pi)အသက်ရှင်ခြင်းဖြစ်သည်တဲ့။

အို...ကြောက်စရာကောင်းလောက်အောင် မှန်ကန်လွန်းလှသည့် သုံးသပ်ချက်။ အတွေးအမြင်။

(လေး)

လောကပင်လယ်ပြင်ကြီးထဲ၌ ဖြတ်သန်းကူးခပ်ကြရသည့် ကျွန်တော်တို့တွင်လည်း လှေပေါ်တွင် ကျားကလေးတစ်ကောင်တော့ ရှိသင့်သည်ထင်ပါသည်။ ကိုယ့်ကို မည်သည့်ဒုက္ခမှ မပေး၊ ကိုယ်ပြုသမျှနု၊ ကိုယ်ထုတော့ခံ၊ ကိုယ်ကန်တော့ လွင့်ထွက်သွားသည့် ယုန်ကလေးနှင့်ဆိုလျှင်ဖြင့်  ကျွန်တော်တို့ညံ့ဖျင်းဖျော့တော့ ကြုံလှီကာ ပေါချာချာကြီးတွေများ ဖြစ်သွားကြလေမလားမသိ။ ကိုယ့်ကို မည်သူက မည်သည့် အချိန်တွင် ဒုက္ခပေးလိုက်လေမလဲဆိုသည့် စိတ်က လူတစ်ယောက်၊ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံကို အသင့်ဖြစ်စေသည်ဟု ထင်ပါသည်။ ကျော်ရန်လွှားရန်၊ ရှောင်ရန်တိမ်းရန်၊ ကျားဆီက သင်ယူရန် ကျွန်တော်တို့စာအုပ်များဖွင့် ထားသင့်သည်ဟု ထင်ပါသည်။

ယုန်မွေးမလား၊ ကျားမွေးမလား။

ကျွန်တော်ကတော့ ကျားများကို ကျေးဇူတင်လျက်ရှိပါသည်။  ။


7Day News Journal

No comments:

Post a Comment