Latest News

Thursday, February 23, 2017

တန်ပြန် ထောက်လှမ်းရေးဌာန(လှမ်း-၃) ဌာနကြီးမှူး ဗိုလ်မှူးချုပ်သန်းထွန်းနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးနိုင်ဌေးတို့ကို ခန္တီးထောင်သို့ ပို့ဆောင်ခြင်း



နီမင်းညို
၂၀၀၃ ခုနှစ်လောက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့သုံးဦးကြား၌ အဆင်မပြေမှုများ၊ အားပြိုင်မှုများ ဖြစ်ပေါ်နေသည်ဟု သတင်းများ ထွက်ပေါ်လာပါသည်။ အဓိကမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင် အေးနှင့်ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ကြားတွင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တပ်မတော်(ကြည်း)တပ်များနှင့် ထောက်လှမ်းရေး(ကကလှမ်း)တပ်များကြားတွင် အားပြိုင်မှုနှင့် မကျေလည်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပါသည်။ ထိုစဉ်ကာလက ထောက်လှမ်းရေးတပ်ဖွဲ့အရာရှိများ၏ မောက်မာမှု၊ တစ်ဖက်စီးနင်းဆက်ဆံမှု၊ အနိုင်ကျင့်မှု၊ အာဏာပြမှုတို့ကို ကြည်းတပ်အရာရှိများစွာသည်မနိုင်၍သည်းခံရခြင်းမျိုးဖြင့် မနှစ်မြို့စွာသည်းခံခဲ့ကြရသည့် အခြေအနေဖြစ်ပါသည်။ ထောက်လှမ်းရေးတပ်ဖွဲ့မှ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ အရာခံဗိုလ်အဆင့်လောက်က ကြည်းတပ်မှ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီး စသည့် အဆင့်များကို မလေးမစား၊ မရိုမသေဆက်ဆံလေ့ရှိကြပါသည်။ ကြည်းတပ်ဟုဆိုသော်လည်း နေရာဒေသအနှံ့အပြားရှိနေသော ခြေလျင်တပ်ရင်း၊ တပ်ဖွဲ့များနှင့်ထောက်လှမ်းရေးတပ်ဆွယ်၊ တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များ ထိတွေ့ပြဿနာဖြစ်မှုက ပိုမိုများပြားပါသည်။ အထက်အောက်ရိုသေလေးစားမှုကို တန်ဖိုးထားသော ခြေလျင်တပ်အရာရှိများသည် ဤကိစ္စကိုများစွာခံပြင်း၍ မကျေမနပ်ဖြစ်ကြပါသည်။ သို့သော်လည်း ထောက်လှမ်းရေးတပ်ဖွဲ့မှ တပ်ကြပ်၊ တပ်ကြပ်ကြီးအဆင့်လောက်က ရေးတင်သော အစီရင်ခံစာသည် ခြေလျင်တပ်အရာရှိများကို ထုတ်ပယ်ခံရစေသည်အထိ၊ ဘဝ
ပျက်သွားစေသည်အထိ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ခြေလျင်အရာရှိစစ်သည်များသည် ထောက်လှမ်းရေးတပ်မှ အရာရှိနှင့် တပ်ဖွဲ့ဝင်များကို သာမန်အားဖြင့် မလှန်နိုင်ကြပါ။ ထိပ်တိုက်ရင်ဆိုင် ပြဿနာမဖြစ်ပွားအောင် ရှောင်ရှားလေ့ရှိပါသည်။ စစ်အစိုးရလက်ထက်တွင် အင်အားကြီးမားသော တပ်မတော်အစိတ်အပိုင်းဖြစ်သည့် ကြည်းတပ်က ပြန်မလှန်နိုင်ဘဲ လွတ်အောင်ရှောင်နေသည့် အခြေအနေမျိုးတွင် သာမန်အရပ်ဘက်ဌာန ဝန်ထမ်းများအနေဖြင့် ပြောစရာပင်မလိုတော့ပါ။ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ၏ လက်အောက်တွင် ပြုသမျှနုရသည့်ဘဝသို့ ရောက်နေခဲ့ကြပါသည်။ နယ်မြို့တစ်မြို့တွင် ထောက်လှမ်းရေးတပ်ဆွယ်တစ်ခုမှ တပ်ကြပ်တစ်ဦးသည် မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်
ရေးအဖွဲ့ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်သော ဗိုလ်မှူးတစ်ဦး ကို "ဒီမှာဗိုလ်မှူး အခု တိုင်းပြည်ကို ဘယ်သူအုပ်ချုပ်နေတာလဲသိလား၊ အခုတိုင်းပြည်ကို ကကလှမ်းကအုပ်ချုပ် နေတယ်ဆိုတာသိလား၊ အဲဒါ ဗိုလ်မှူးသိထားဖို့လိုတယ်" ဟုလာရောက် ပြောကြားသွားပါသည်။ ဤသည်မှစတင် ဦးချိုးပြီး ခြိမ်းခြောက်ထားလိုက်ခြင်းဖြစ်ပါသည်။ ဗိုလ်မှူးအဆင့်သာရှိသော ထောက်လှမ်းရေးတပ်မှူးများသည် တပ်ဆွယ်မှူး၊ တပ်ဖွဲ့မှူး စသည့် တပ်ကြပ်၊ တပ်ကြပ်ကြီး၊ အရာခံဗိုလ်နှင့် အရာရှိငယ်များကို အာဏာပါဝါနှင့် လုပ်ပိုင်ခွင့်များကြီးမားစွာပေးထားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးဖိစီးချုပ်ကိုင်ထားစေခြင်းဖြင့် နယ်မြေတစ်ခုလုံးတွင် တပ်မှူး၏ ဘုန်းတန်ခိုးနှင့် ဩဇာအာဏာအရှိန်အဝါကို ခန့်ညား၊ လေးစား၊ ကြောက်ရွံ့စေရအောင် ပြုလုပ်ထားနိုင်ခဲ့ကြပါသည်။ ဒုဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူးတစ်ဦးသည် ဗိုလ်ချုပ်အဆင့်တိုင်းမှူးကိုတွေ့ရန် အဆင့်ဆင့်ကြိုတင်သတင်းပို့ရပြီး ခွင့်ပြုချက်ရမှ တွေ့ဆုံခွင့်ရှိသော်လည်း ဗိုလ်မှူးအဆင့် ထလရတပ်မှူးသည် အချိန်မရွေးတိုင်းမှူးအိမ်
သွားလျှင် တိုင်းမှူးများက လက်ခံတွေ့ဆုံကြရပါသည်။ အစည်းအဝေးတွင် ဒုဗိုလ်မှူးကြီး၊ တပ်ရင်းမှူးများ နောက်ကျပါက ဆူပူကြိမ်းမောင်းခံကြရပါသည်။ ထောက်လှမ်းရေးက တပ်ကြပ်ကြီးနောက်ကျသည့်အခါ "လာ-လာ ကိုတင်ဝင်း၊ အလုပ်များနေလား၊ ထိုင်-ထိုင်"ဟုသာ ပြောနိုင်ပါသည်။ တိုင်းမှူး၊ တပ်မမှူးများကိုယ်တိုင်ပင် ထောက်လှမ်းရေးတပ်ဖွဲ့ကို သတိကြီး ကြီးထား၍ ဆက်ဆံနေရခြင်းဖြစ်ပါသည်။ "သူ့ဆရာက အားကိုးရတယ်၊ ငါတို့ဆရာက အားမကိုးရဘူး" စသည့် နှိုင်းယှဉ်ပြောဆိုမှုများ၊ အားမလိုအားမရပြောဆိုမှုများ၊ နာလိုခံခက် ပြောဆိုမှုများ၏ဂယက်သည် နောက်ဆုံးတွင် ကိုယ်စားပြုမှုအရ ကြည်းတပ်ဦးစီးချုပ်လည်းဖြစ်သော ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ထောက်လှမ်းရေးညွှန်ကြားရေးမှူးဗိုလ်ချုပ်ကြီးခင်ညွန့်တို့အထိ ရိုက်ခတ်ခဲ့ပါသည်။ ဤသို့ဖြင့် "လူကြီးတွေ မတည့်ကြဘူး။ အဆင်မပြေဘူး၊ အားပြိုင်မှုတွေ ဖြစ်နေတယ်" ဟူသောသတင်းများ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ ဝန်ကြီးဌာနများတွင် ဝန်ကြီးများ၊ အဖွဲ့အစည်းများတွင် ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များက ဤသတင်းသည် မဟုတ်မှန်ကြောင်း၊ လူကြီးတွေ စည်းလုံးညီညွတ်စွာ အလုပ်လုပ်နေကြကြောင်း၊ တပ်မတော်ကိုပြိုကွဲအောင် ဝါဒဖြန့်ထိုးနှက်တာဖြစ်ကြောင်းဖြင့် ရှင်းလင်းပြောကြား၍ အဆိုပါသတင်းကို ဖုံးဖိရန်ကြိုးစားခဲ့ကြပါသေးသည်။ သို့သော်လည်း အတွင်းတွင် ထိန်းမရအောင်ဖြစ်နေမှ အပြင်သို့ ပွင့်ထွက်လာသော ဤသတင်းကို ဖုံးဖိရန် ကြိုးစားမှုမှာ မအောင်မြင်ပါ။ ဆင်သေကို ဆိတ် သားရေနှင့်ဖုံးသော်လည်း မရခဲ့ပါ။
၂၀၀၄ ခုနှစ် ထောက်လှမ်းရေးတပ်ဖွဲ့ပြိုလဲခဲ့ရသည့်ဖြစ်စဉ်ကြီးမဖြစ်ပေါ်မီ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ နောက်ဆုံး နိုင်ငံခြားခရီးစဉ်မှအပြန် မင်္ဂလာဒုံလေဆိပ်တွင် ဖြစ်ပါသည်။ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက ယူနီဖောင်းဖြင့်ဆင်းကြို၍ ဗိုလ်ချုပ်ကြီးခင်ညွန့်က အနောက်တိုင်းဝတ်စုံဖြင့် လက်ဆွဲနှုတ်ဆက်နေကြသော ဓာတ်ပုံသတင်းစာတွင် ပါလာပါသည်။ အဆိုပါ ဓာတ်ပုံနှင့်ပတ်သက်ပြီး လူအများအပြားက ဝေဖန်ပြောဆိုကြပါသည်။ အဆိုပါဓာတ်ပုံတွင် ၎င်းတို့နှစ်ဦးကြားမှ အမုန်းတရားကဖုံးဖိ၍မရအောင် ပေါ်လွင်ထင်ရှားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်၏အကြည့်က စူးစူးရဲရဲမကျေမချမ်းအကြည့်မျိုးဖြစ်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏အကြည့်က ဘဝင်မကျသော၊ မကျေလည်သောအကြည့်မျိုးဖြစ်ပါသည်။ ချစ်ခင်သောအကြည့်မျိုး မဟုတ်သည့် ရန်လို၊ ရန်စောင်သော အကြည့်များအဖြစ် ပေါ်လွင်ထင်ရှားခဲ့ပါသည်။
မကြာမီ ၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေး တပ်ဖွဲ့များပြိုလဲကျခဲ့ပါသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်လည်းဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး ရုံးတင်စစ်ဆေး၍ ထောင်ဒဏ်များချမှတ်ခံခဲ့ရပါသည်။ ထောက်လှမ်းရေးအောက်ခြေတပ်ဖွဲ့ဝင်များမှစ၍ ထိပ်ပိုင်းဗိုလ်မှူးကြီး၊ညိုဗိုလ်မှူးချုပ်များအထိ ဖမ်းဆီးထိန်းသိမ်း၍ တရားရုံးများတွင် ရုံးတင်စစ်ဆေးပြီး ထောင်ဒဏ်များချမှတ်ခဲ့ပါသည်။ ထောင်ဒဏ်များမှာ အနိမ့်ဆုံး(၁၀)နှစ်မှ နှစ် (၄၀)၊ (၅၀) စသည်ဖြင့် မကြားဝံ့မနာသာပြစ်ဒဏ်ကြီးများဖြစ်ပါသည်။ အာဃာတ သို့မဟုတ် အမုန်းတရားနှင့် အကြောက်တရားတို့ကြောင့် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များနှင့် အရာရှိများအပေါ် ဤမျှကြီးလေးသော ပြစ်ဒဏ်များချမှတ်ခြင်းဖြစ်နိုင်ပါသည်။ ထောက်လှမ်းရေးမှ အရာရှိကြီးများအတွက် အင်းစိန်ထောင်၊ တိုက်ခန်းကျဉ်းကျဉ်းလေးများအတွင်းသို့ ရောက်ရှိခဲ့ရခြင်းသည် ရုတ်တရက် ပြာပူထဲသို့ကျသွားရသော ဒုက္ခဆင်းရဲမျိုးဖြစ်ပါသည်။ ဤမျှနှင့်မပြီးသေးပါ။ ပြစ်ဒဏ်စီရင်ချက်များချမှတ်ပြီးနောက် ထောက်လှမ်းရေးအရာရှိကြီးများကို အင်းစိန်ထောင်တွင် တစုတစည်းတည်း မထားလိုသောကြောင့် မြန်မာပြည်အနှံ့ထောင်များသို့ တစ်ထောင်လျှင်တစ်ယောက်၊ နှစ်ယောက်စသည်ဖြင့် ဖြန့်ခွဲပို့ဆောင်စေပါသည်။ အရာအားလုံးနှင့်အဆက်ပြတ်အောင်ဖြစ်သော်လည်း အကူအညီပေး၊ ပံ့ပိုးပေး နိုင်သော ဆွေမျိုးမိဘ၊ သားမယားမိသားစုများနှင့် ဝေးကွာသွားခြင်းက ထောင်ဒဏ်ကျခံရသည့် ပြစ်ဒဏ်ကိုပိုမိုပြင်းထန် ဒုက္ခဆင်းရဲရောက်စေခဲ့ပါသည်။ ထောက်လှမ်းရေးတပ်ဖွဲ့ဖြိုခွင်းရေးလုပ်ရာတွင် တာဝန်ရှိသူများသည် အတော်သတိကြီးကြီးထား၍ လုပ်ပါသည်။
ထောက်လှမ်းရေး ထိပ်သီးအရာရှိကြီးများကို နယ်ထောင်များသို့ပို့ဆောင်ရာတွင် အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် စသော အရာကြီးများကိုယ်တိုင် လုံခြုံရေးဖြင့်အနီးကပ် ကြီးကြပ်၍ လိုက်ပါပို့ဆောင်ကြရပါသည်။
လိုက်ပါပို့ဆောင်ရမှုနှင့်ပတ်သက်ပြီး မြင်သာအောင် ဖော်ပြရလျှင် သတ်မှတ်တာဝန်ပေးချက်အရ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ဗိုလ်မှူးချုပ်သန်းထွန်းနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်ရေးအရာရှိ ဗိုလ်မှူးနိုင်ဌေးတို့ကို ခန္တီးထောင်သို့ လေယာဉ်ဖြင့်လိုက်ပါပို့ ဆောင်ရပါသည်။ ၎င်းတို့နှစ်ဦးမှာပြစ်ဒဏ်စီရင်ချက်ချခံရပြီးသော အကျဉ်းသားများဖြစ်၍ အကျဉ်းသားဝတ်စုံများဝတ်ကြရပြီး လက်ထိပ်ခတ်ခံကြရပါသည်။ ဗိုလ်မှူးချုပ်သန်းထွန်းမှာ မူလကပင် လူကြီးလူကောင်းဆန်သူ၊ ရင့်ကျက်သူဖြစ်၍ ကြုံတွေ့ရသော လောကဓံတရားကို အတော်အတန်ခံနိုင်ပုံရပါသည်။ အချုပ်ခံရသည့်ကာလကလည်း လနှင့်ချီခဲ့ပြီဖြစ်၍ ခံနိုင်ရည် အတော်ရှိနေပုံပေါ်ပါသည်။ မျက်နှာအနည်းငယ် ညှိုးနွမ်းသော်လည်းဣနြေ္ဒသိပ်မပျက်လှပါ။ မူလက မည်းနက်တောက်ပြောင်၍ သေသပ်စွာဖြီးထားတတ်သော ဆံပင်များမှာမူ ဆေးမဆိုးနိုင်တော့သောကြောင့်အောက်ခံအဖြူများပေါ်လာပြီး ငွေရောင်ဆံပင်များက ဖုံးလွှမ်းနေပါသည်။ ဗိုလ်မှူးနိုင်ဌေးမှာမူ အသက် (၃၄-၃၅)နှစ်အရွယ် လူငယ်တစ်ဦးဖြစ်၍ တွေ့ကြုံရသော အတွေ့အကြုံဆိုးအပေါ် တုန်လှုပ်ဟန်ရှိပါသည်။ ၎င်း၏ အမူအရာမှာ မငြိမ်မသက်ရှိပါသည်။ လေယာဉ်ပေါ်တွင် ဗိုလ်မှူးချုပ်သန်းထွန်းနှင့် ဗိုလ်မှူးနိုင်ဌေးတို့ကို ရှေ့တွင်ထားပြီး ဒုညွှန်ချုပ်နှင့် လုံခြုံရေးအဖွဲ့သည် ၎င်းတို့နှစ်ဦး၏ နောက်ခုံတန်းများတွင် ထိုင်ကြပါသည်။ ၎င်းတို့နှစ်ဦး၏ရှေ့နှင့်ဘေးတွင် ခရီးသည်များ ရှိကြပါသည်။
ခန္တီးလေဆိပ်သို့ လေယာဉ်ဆိုက်ပြီးနောက် ခရီးသည်များရှင်းသည့်အချိန်တွင်မှ ဒုညွှန်ချုပ်သည် ဗိုလ်မှူးချုပ်သန်းထွန်းတို့နှစ်ဦးကို လေယာဉ်ပေါ်မှချပါသည်။ လေဆိပ်တွင် ခန္တီးထောင်ပိုင်နှင့် လုံခြုံရေးအဖွဲ့သည် ကွင်းစပ်မှကြိုဆိုစောင့်ဆိုင်းနေခဲ့ကြပါသည်။ ဗိုလ်မှူးချုပ်သန်းထွန်းနှင့် ဗိုလ်မှူးနိုင်ဌေးတို့အား ၎င်းတို့ကလာရောက် ခေါ်ဆောင်ပါသည်။ တောတောင်တို့အလယ် ကြားမှခန္တီးလေယာဉ်ကွင်းသည် မြို့ပြနှင့်သာ အကျွမ်းတဝင်ရှိခဲ့သော ဗိုလ်မှူးနိုင်ဌေးအတွက် အရိုင်းဆန်ဟန် ရှိပါသည်။ ရေခြား၊ မြေခြား တောတောင်များကြားက အကျဉ်းထောင်တွင် ဘာတွေများ ကြုံတွေ့ခံစားရမလဲဟု တွေးတောတုန်လှုပ်နေဟန်ရှိပါသည်။ ၎င်းသည် ခန္တီးထောင်မှဝန်ထမ်းများခေါ်ဆောင်ရာနောက်သို့ လိုက်ပါရင်း နောက်ဘက်တွင်ပါလာသော ဒုညွှန်ချုပ်အား လှည့်ကြည့်၊ လှည့်ကြည့်ဖြင့် တစ်စုံတစ်ရာပြောဆိုဟန် ရှိပါသည်။ ဒုညွှန်ချုပ်သည် ဗိုလ်မှူးကြီးအဆင့်စစ်ဗျူဟာမှူးရာထူးဖြင့် အငြိမ်းစားယူရပြီး အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း ဗိုလ်မှူးနိုင်ဌေးမသိဘဲနေမည်မဟုတ်ပါ။ ထို့ပြင် ထောက်လှမ်းရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးခင်ညွှန့်၏ ကိုယ်ရေးအရာရှိဖြစ်ခဲ့သော ဗိုလ်မှူးနိုင်ဌေးအနေဖြင့် တိုင်းမှူး၊ တပ်မမှူးများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နိုင်ငံတော်သူဌေးကြီးများ၏ ချဉ်းကပ်၍ဦးစားပေးအခွင့်အရေးပေး ဆက်ဆံခံရသူတစ်ဦးဖြစ်သောကြောင့် ဒုညွှန်ချုပ်လို သာမန်မထင်မရှား ခြေလျင်စစ်သား ဗိုလ်မှူးကြီးအဆင့်လောက်ကို အရေးတယူ စကားပြောစရာ အကြောင်းမရှိပါ။ စာရင်းထဲထည့်ရမည့်အဆင့်အတန်းလည်း မဟုတ်ပါ။
သို့သော် ဤအခြေအနေ၊ ဤအချိန်အခါမျိုးတွင် ဗိုလ်မှူးနိုင်ဌေးဘာများပြောချင်ပါသနည်း၊ ထူးထူးခြားခြားပြောစရာစကားများရှိလေသလား၊ ဒုညွှန်ချုပ်သည် စိတ်ဝင်တစားဖြင့် ဗိုလ်မှူးနိုင်ဌေးနှင့် နီးအောင် ရှေ့သို့ သွက်သွက်လှမ်းသွားလိုက်ပါသည်။ ဗိုလ်မှူးနိုင်ဌေးသည် နောက်ဘက်သို့လှည့်ကြည့်ရင်း နီးကပ်လာသော ဒုညွှန်ချုပ်ကိုမြင်တွေ့သောအခါအားတက်ဟန်ဖြင့်-
"အဘ-ကျွန်တော့်ကို ပစ်မထားပါနဲ့နော်၊ ကျွန်တော့်ကို စောင့်ရှောက်ပါဦး"
ဤစကားကြားရသောအခါ ဒုညွှန်ချုပ်သည် အင်မတန် အံ့ဩတုန်လှုပ်သွားခဲ့ပါသည်။ တုန်လှုပ်ရခြင်းအကြောင်းမှာ ဗိုလ်မှူးနိုင်ဌေးလို လူမျိုးက ဤကဲ့သို့ပြောလိမ့်မည်ဟု မထင်ထားခဲ့ခြင်းနှင့် ဤသို့အပြောခံလိုက်ရသည့်အခါတွင်လည်း မင်းမျက်သင့်၍ မင်း ဘေး မင်းဒဏ်ကျခံရသည့် ဗိုလ်မှူးနိုင်ဌေးတို့လို အကျဉ်းသားမျိုးအတွက် မိမိတို့ ကူညီစောင့်ရှောက်နိုင်ပါ့မလား၊ ကူညီစောင့်ရှောက်ခွင့်ရှိပါ့မလားဟုတွေးကာ တုန်လှုပ်သွားရခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာ ထောင်ပိုင်ကိုတော့ ဥပဒေဘောင်အတွင်းမှ ကောင်းမွန်စွာဆက်ဆံထားရှိပေးရန် မှာကြားခဲ့ပါသည်။
နီမင်းညို
The Speaker News Journal အတွဲ ၁၊ အမှတ် ၃
(၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၈-၁၅)

No comments:

Post a Comment