Latest News

Tuesday, February 21, 2017

စလင်းမြို့နယ် လေးအိမ်စုကျေးရွာ၌ အသက် ၁၁၆ နှစ် ကိုးလနှင့် ဆယ်ရက် အရွယ်ရှိ အဘိုး ဦးမိုးအေး ယခုထက်ထိ တိုင် သက်ရှိထင်ရှား ကျန်းမာစွာနေ ထိုင် လျက်ရှိ

စလင်းမြို့နယ် လေးအိမ်စုကျေးရွာ၌ အသက် ၁၁၆ နှစ် ကိုးလနှင့် ဆယ်ရက် အရွယ်ရှိ အဘိုး ဦးမိုးအေး ယခုထက်ထိ တိုင် သက်ရှိထင်ရှား ကျန်းမာစွာနေ ထိုင် လျက်ရှိ

စလင်း ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ကျွန်းရင်းအုပ်စု လေးအိမ်စုကျေးရွာ၌ အသက် ၁၁၆ နှစ် ကိုးလနှင့် ဆယ်ရက် အရွယ်ရှိ အဘိုး ဦးမိုးအေးမှာ ယခု ထက် ထိတိုင် သက်ရှိထင်ရှား ကျန်းမာစွာ နေထိုင်လျက်ရှိသည်။

လေးအိမ်စုကျေးရွာ ဇာတိချက်မြှုပ်ဖြစ်သော အဘိုး ဦးမိုးအေး သည် မွေးဖွားစဉ် အချိန်မှစ၍ အသက် ၇၅ နှစ်အထိ တိုင် ဓားမဦးချ လယ်ယာလုပ်ငန်းလုပ် ကိုင် ကာ ယခု အသက် ၁၁၆ နှစ် ကိုးလနှင့် ဆယ်ရက်အရွယ်အထိတိုင် ကျန်းမာ စွာ နေထိုင် လျက်ရှိနေသည်။


ဦးမိုးအေးကို လေးအိမ်စုကျေးရွာနေ အဖ ဦးထွန်းဇံ၊ အမိ ဒေါ်သန့်တို့က ''ဇေယျတု သက္ကရာဇ် ၁၂၆၂ ဒီဃ ၄၈၄ ရဿန္ဓိန်သူရိယမာဿမိဿရာသီ စန္ဒြာ မာသဝေါယက်သ လပြည့်ကျော် ၂ ရက် တနင်္လာနေ့ နေမွန်းတံ ၂ ချက်တီး အချိန် ရတနာသုံးပါးဦးထိပ်တင်လျက် မာတာမိခင် သ္တို့ သားရတနာကို ဖွားသန့်စင် သည်။ အမည်သည် ခေါ်စရာ သော်ကား မောင်ကျော်တင် ဇာတာ အာ ယုဒီဃံ သုခံ''ဟု ဇာတာခွင်အရ မြန်မာသက္ကရာဇ် ၁၂၆၂ ခု ကဆုန် လဆုတ် ၂ ရက်နေ့တွင် မွေးဖွားသန့်စင်ခဲ့ပြီး တနင်္လာနေ့ မွန်းတိမ်း တွင် မွေးဖွားခဲ့သဖြင့် ငယ်နာမည် မောင်ကျော်တင်ဟု အမည်တွင် ခဲ့သည်။

 သို့သော်လည်း မိုးတွင်းအချိန်ဖြစ်၍ ¤င်းမွေးဖွားချိန် တွင် မိုးများအေးချမ်းစွာ ရွာသွန်းခဲ့သဖြင့် မိဘများက ချစ်စနိုး ဖြင့် မောင်မိုးအေး ဟု ခေါ်တွင်သဖြင့် ဦးမိုးအေးအမည်သာ တွင်ခဲ့သည်။

ပြေးလွှားခဲ့ရ ငယ်စဉ်အချိန်က ရွာဦးဘုန်းတော်ကြီးကျောင်း ၌ စာပေသင်အံကာ မိဘများနှင့် လယ်ယာလုပ်ကိုင်ရင်း ဂျပန် ခေတ်အရောက်တွင် ဂျပန်ချွေး တပ် အဆွဲခံရကာ ရခိုင်ပြည်နယ် သို့ ရောက်ဖူးခဲ့ကြောင်း၊ ဂျပန်ခေတ် ဗုံးဆန်၊ အမြောက် ဆန် များအကြား ပြေးလွှားခဲ့ကြရပြီး လေယာဉ် သံကြား သည်နှင့် တောတွင်း သို့သာ အပြေးဝင်ခဲ့ရကြောင်း အဘိုး ဦးမိုးအေး က ပြောကြားသည်။ ချွေးတပ်အငှားလိုက်ချိန်တွင် ရခိုင်ရိုးမ တောင်ကြောပေါ် တွင် နှစ်လနှင့် ခြောက်ရက်တာ အလုပ်လုပ် ခဲ့ရကြောင်း ပြောပြသည်။

ငယ်ဘဝအကြောင်းပြောပြ ''ငယ်ငယ်တုန်း က ဂျပန်ခေတ် ချွေးတပ်ဆွဲလို့ ပါသွားဖူး တယ်။ ချွေးတပ်လိုက်သွားတော့ အခု အနောက်ဘက်ရိုးမကြား ထဲမှာ လမ်းတွေဖောက်ရတယ်။ ဖျားတဲ့သူတွေလည်း ဖျားကြ နာကြတယ်။

 အဘလည်း အဲဒီမှာ နှစ်လနဲ့ ခြောက်ရက်ကြာ တယ်။ အဲဒီအချိန်မှာပဲ သုံးရက်လောက် ဖျားခဲ့သေးတယ်။ ချွေးတပ်ထဲမှာက ဆရာဝန်တစ်ယောက်၊ ဆရာမတစ်ယောက်ပါ တယ်။ ဆရာဝန်ကြီးမရှိချိန်မှာဆိုရင် ကျန်တဲ့ဆရာမ တစ်ယောက်ကိုတောင် အဘိုးတို့ စခဲ့နောက်ခဲ့ကြသေးတယ်။ သူ့နာမည်က မသိန်းတဲ့။ သူလည်းမနေသာပါဘူး လိုက်ခဲ့ရတာပဲ။ ဆေးကုတယ် ဆိုပေမယ့် ဆေး က တစ်မျိုးပဲပါပါတယ်။ ချောင်းဆိုး လည်း ကွီနိုင်၊ ဗိုက်နာ လည်း ကွီနိုင်၊ မျက်စိနာလည်း ကွီနိုင်၊ ဘာပဲဖြစ်ဖြစ် ကွီနိုင်ဆေးပဲပေးတယ်၊ မစွံပါဘူး။ အဲဒီမှာ အဘိုး တို့ကို အစောင့်ကျတဲ့ ဂျပန်ကြီးမှာ သမီးနှစ်ယောက် ရှိတယ်။ အဲဒါကို အဘိုးတို့က ဂျပန်ကြီး သမီးနှစ်ယောက်ရှိတာ တစ်ယောက် ကျုပ်ပေးဆိုတော့ ဂျပန်ကြီးက အားကြီးကောင်းဗျား လို့ပြောတယ်။

 အဘိုးနဲ့အတူ ခုနစ်ယောက်သွားကြတာ အခု တော့ မရှိကြတော့ဘူး။ အဘိုးတစ်ယောက်ပဲ ကျန်တော့တယ်။ အပြန်ကျချွေးတပ်ပြန်လက်မှတ်နဲ့ ပုဆိုးတစ်ထည်ပါ လက် ဆောင်ရခဲ့တယ်''ဟု ၄င်းတို့ ချွေးတပ်အငှားလိုက်ခဲ့ရပုံ အကြောင်း ငယ်ဘဝကို ရယ်ကာမောကာ ပြောပြသည်။

ချွေးတပ်အငှားလိုက်ချိန် အမ်းတောင်ကြားလမ်းဖောက်လုပ်သည့်နေရာ၌ အလုပ်လုပ်ခဲ့စဉ်က စားသောက်ခဲ့ရပုံကို လည်း ''ချင်းတောင်ပေါ်မှာ အလုပ် လုပ်တော့ ဘာဟုတ်မလဲကွာ နံကနံနဲ့ ရခိုင်ငါးပိနဲ့ ချင်းတွေ လာရောင်း တဲ့ လက်တစ်ညှိုလောက် ရှိတဲ့ ငရုတ်သီးတောင့်နဲ့ပဲ စားရတယ်''ဟုပြောပြ သည်။

လေးအိမ်စုကျေးရွာ၌ တောင်သူလယ်ယာလုပ်ကိုင်ချိန် တွင် ၄င်းတို့ငယ်စဉ် အချိန်က စပါးတစ်တင်းလျှင် ငွေငါးပဲ၊ ခြောက်ပဲ၊ နှမ်းတစ်တင်း ဆယ့်ငါးကျပ်၊ ပဲကြီးတစ်တင်း ငါးကျပ် သာရကြောင်း တစ်နှစ်လျှင် နှမ်းတစ်ရာ၊ တစ်ရာ့ ငါးဆယ်ခန့် ရရှိခဲ့ဖူးကြောင်း အဘိုး ဦးမိုးအေးက ပြောပြသည်။

ကျန်းမာစွာနေနိုင် အဘိုးဦးမိုးအေး လူပျိုဖြစ် ချိန် တွင် ၄င်းနှင့် တစ်ရွာ တည်းနေ ဒေါ်ခင်ပုနှင့် အကြောင်းပါခဲ့ကာ သားသမီး ရှစ်ယောက် မွေးဖွား ခဲ့သော်လည်း ဦးတင်အုန်း၊ ဒေါ်ခင်အုန်းနှင့် ဦးဟန်သောင်းတို့ သုံးယောက်သာ အဖတ်တင်ခဲ့ကြောင်း သိရသည်။ ဦးတင်အုန်း မှာ အသက် (၇ဝ)၊ ဒေါ်ခင်အုန်း မှာ အသက် ၅၄ နှစ်အရွယ်တွင် ဆုံးပါးခဲ့ပြီး ဦးဟန်သောင်းမှာ အဘိုးနှင့် အတူ နေထိုင်လျက် ရှိကာ ¤င်းတို့၏ သားသမီး သုံးယောက်၊ မြေးဆယ်ယောက်နှင့် မြစ်ခြောက်ယောက်တို့ဖြင့် မျိုးဆက်သုံးဆက်တိုင် သက်ရှည် ကျန်းမာစွာ နေထိုင်လျက်ရှိသည်။

ထောက်ပံ့ငွေရရှိ အဘိုး ဦးမိုးအေး အသက် ၁ဝဝ ပြည့်ချိန် ၂ဝဝဝ ပြည့်နှစ်က ဂုဏ်ထူးဆောင် လက်မှတ် တစ်ခုနှင့် ထောက်ပံ့ငွေကျပ် နှစ်သိန်း ရရှိ ခဲ့ကြောင်း၊ ယင်းနောက်တွင် ဌာနဆိုင်ရာနှင့် စေတနာရှင်များ လှူဒါန်းသော ငွေအချို့ သာ ထောက်ပံ့ငွေအဖြစ် ရရှိခဲ့ဖူးကြောင်း ၄င်း၏ သား အငယ်ဆုံး ဖြစ်သူ ဦးဟန်သောင်း(၅၅ နှစ်)က ပြောသည်။ မကြာသေးခင် က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လဝကဦးစီးမှူးတို့ သွားရောက်ကာ အဘိုးဦးမိုးအေးအတွက် လိုအပ်သည့်ဆေး ဝါးများနှင့် ဝှီးချဲတစ်စီးကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးသိန်းလွင်က ပြောကြားသည်။

အဘိုးဦးမိုးအေးမွေးဖွားသည့်နှစ်မှာ မြန်မာသက္ကရာဇ် ၁၂၆၂ ခုနှစ် ကဆုန် လဆုတ် ၂ ရက်အရ ခရစ်နှစ် ၁၈၉၉ ခုနှစ် ဧပြီလ အတွင်းက မွေးဖွားခဲ့ခြင်းဖြစ် ကာ ယခု ဂင်းနစ်ကမ္ဘာ့ အသက် အကြီးဆုံးစာရင်းဝင် သတ်မှတ်ခြင်း ခံထားရ သည့် အီတလီ နိုင်ငံ ဗာစီလီမြို့မှMs Emma Martina Luigia Mor-ano မှာ ခရစ်နှစ် ၁၈၉၉ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က မွေးဖွား ခဲ့ကြောင်း ဂင်းနစ် မှတ်တမ်းများ ကဆိုသည်။ ထို့ကြောင့် ကမ္ဘာ့အသက်အကြီး ဆုံး ဂင်းနစ်မှတ် တမ်းဝင်Ms Emma Martina Luigia Morano သည် ၂ဝ၁၆ ခုနှစ် မေ ၁၆ ရက်က အသက် ၁၁၆နှစ် နှင့် ၁၆၉ ရက်သာရှိကာ အဘိုး ဦးမိုးအေးမှာ ယခု ၂ဝ၁၇ ခုနှစ် ဖေဖော် ဝါရီ ၂၁ ရက် တွင် အသက် ၁၁၆ နှစ် ကိုးလနှင့် ဆယ်ရက် အရွယ် ရောက်ရှိ နေပြီဖြစ်သဖြင့် မွေးသက္ကရာဇ်နှင့် အထောက် အထား များ မှန်ကန်ခိုင်မာပါက ဂင်းနစ်ကမ္ဘာ့အသက်အကြီးဆုံးစာရင်း ဝင်နိုင် မည့် အနေအထားတွင်ရှိကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

သတင်း - ဇင်ဦး (မြန်မာ့အလင်း)
ဓာတ်ပုံ-သီဟစည်သူ

No comments:

Post a Comment