Latest News

Friday, February 24, 2017

တစ်နှစ်ပြည့် အစိုးရလည်း ငွေကြေး ခက်ခဲ ၊ ပြည်သူလည်း ငွေကြေး ကျပ်တည်း

တစ်နှစ်ပြည့် အစိုးရလည်း ငွေကြေး ခက်ခဲ ၊ ပြည်သူလည်း ငွေကြေး ကျပ်တည်း


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂ – လက်ရှိ အစိုးရ သက်တမ်း တစ်နှစ် ပြည့်ခါနီးမှာပဲ အစိုးရဆီမှာ ငွေရေး ကြေးရေး အခက် အခဲ ရှိနေတယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်က လုပ်စရာတွေ အများကြီး ရှိတယ်၊ အဓိက အခက်အခဲက ငွေကြေး ဖြစ်တယ်၊ မိသားစုတစ်စုလိုပဲ အိမ်ထောင် အသုံးစရိတ်ကို ဘာသုံးကြမလဲ ဆိုတာ ကိုယ့်ဝင်ငွေကိုယ့် လိုအပ်ချက်ကို ကြည့်ပြီး သုံးကြရသလို နိုင်ငံတော်မှာလဲ နိုင်ငံတော်ရဲ့ ရန်ပုံငွေ ဘတ်ဂျက်ကို ဦးစားပေး အရာတွေ အတွက် ခွဲဝေ သုံးစွဲကြရတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

တစ်နိုင်ငံလုံးမှာ ဖွံ့ဖြိုးမှု နောက်အကျဆုံး ဖြစ်နေတဲ့ ချင်းပြည်နယ် ဒေသ ဖွံ့ဖြိုးရေး ကိစ္စတွေကို ကောင်းကောင်း မဆောင် ရွက်သေးနိုင်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတက သည်လ ၂၁ ရက် ချင်းပြည်နယ်ရှိ ဒေသခံတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောဆိုခဲ့တာပါ။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအဖြစ် တာဝန် ယူလာတာ ဧပြီလ ၁ ရက်နေ့ ဆိုရင် တစ်နှစ် ပြည့်တော့ မှာပါ။ အင်န်အယ်လ်ဒီကို အားကိုး တကြီး မဲပေး လိုက်ကြတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး တိုးတက် ပြောင်းလဲ လာအောင် သည်ကြား ကာလထဲ မလုပ်နိုင်ခဲ့ဘူး ဆိုတာ အစိုးရ ငြင်းလို့ မရပါဘူး။

တစ်နှစ် ပြည့်တော့မယ့် အင်န်အယ်လ်ဒီ အစိုးရဆီမှာ ပြည်သူတွေရဲ့ ဝင်ငွေ၊ အလုပ်အကိုင် ဖန်တီးမှု စတဲ့ တိုင်းပြည် စီးပွားရေး နဲ့ ပတ်သက်တာတွေ သိသိသာသာ တိုးတက်လာတာ မတွေ့ရသေးပါဘူး။

သည်လို မလုပ်နိုင်သေးတာ ကိုလည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သိအောင် တင်ပြထားတယ်လို့ အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ် များ၏ လုပ်ငန်း စွမ်းဆောင်ရည် လေ့လာ စိစစ်ရေး အဖွဲ့ အဖွဲ့ ခေါင်းဆောင် ဦးဝင်းထိန် က ပြောပါတယ်။

သူက ဒေါ်အောင်ဆန်းစုကြည် ကို တင်ပြထားတာက ကျွန်တော် တို့ကို အားကိုးတကြီးနဲ့ မဲပေးလိုက်တဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေးနဲ့ ပတ်သက် ပြီးတော့ သိသိသာသာ တိုးတက်အောင် မလုပ်နိုင်သေးဘူး၊ သူတို့ရဲ့ ဝင်ငွေတွေ လူနေမှုအဆင့် အတန်းတွေ သိသိသာသာ တိုးတက်အောင် မလုပ်နိုင်သေးဘူး၊ ဒါတစ်ချက် ၊ နောက် တစ်ချက်က အလုပ်အကိုင် ဖန်တီးပေးမှုပေါ့၊ အဲဒါတွေ ကလဲ သိသိသာသာ တိုးတက် မလာသေးဘူး၊ အဓိကက အဲဒီ နှစ်ချက်ပေါ့လို့ ပြောပါတယ်။

■နိုင်ငံရေးအရ

ဒီမိုကရေစီစနစ် ပီပြင်တဲ့ တရား စီရင်ရေးနဲ့ ဥပဒေ ပြုပြင် ပြောင်းလဲရေးတွေ မရှိသေးတာကြောင့် ပြည်ပ အကူအညီ တွေက လည်း ပီပီပြင်ပြင် ရရှိလာတာ မတွေ့ရသေးပါဘူး။

အစိုးရ တက်ခါစကသာ ပြည်ပ အကူအညီတွေ အလုံးလိုက် အရင်းလိုက် ဝင်ရောက် လာခဲ့ပေမဲ့ နောက်ပိုင်းမှာ ချေးငွေ အကူအညီတွေကိုပဲ မြင်တွေ့လာရတယ်လို့ စီးပွားရေး ပညာရှင်တချို့က ပြောပါတယ်။ ဒါက လူမျိုးရေး၊ ဘာသာရေး တိုက်ခိုက် ခံနေရတဲ့ ပြဿနာတွေနဲ့လည်း သက်ဆိုင်တယ်လို့ ဆိုကြပါတယ်။

အစိုးရအနေနဲ့ သည်နှစ်က နိုင်ငံရေးအရ နှောင့်နှေးနေတဲ့ စီးပွားရေးကို လိမ္မာပါးနပ်စွာ ကိုင်တွယ်သင့်ပြီလို့ ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး ဦးသန်းလွင်က အကြံပြုပါတယ်။

သူက လာမယ့်နှစ်မှာတော့ အစိုးရက စီးပွားရေးကို ဇောက်ချ လုပ်သင့်တယ်၊ ငွေရေးကြေးရေး ကဏ္ဍကို အဓိကထား လုပ်ဖို့ လိုတယ်၊ ဥပဒေပိုင်း ဆိုင်ရာ မပြည့်စုံတာတွေကို ပြည့်စုံအောင် လုပ်ဖို့လိုတယ်၊ ဒါမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်၊ ဒေါ်လာတွေ များလာမယ်၊ ကျပ်ငွေတန်ဖိုးလဲ မြင့်လာမယ်လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် အစိုးရအနေနဲ့ ဥပဒေတွေ ပြင်ဆင် ပြဋ္ဌာန်းရတဲ့ နေရာမှာ မလွတ်မလပ် ဖြစ်ရတာတွေ ရှိနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူ တချို့က ဆိုထားတယ်။

■အခွန်ကအဖြေလား

အစိုးရတစ်ရပ် အနေနဲ့ သည်လို ငွေကြေး အကျပ်အတည်း ဖြစ်လာတဲ့ အခါ ဗဟိုဘဏ်က ငွေစက္ကူ ရိုက်ထုတ်ပြီး ဖြေရှင်းတဲ့ နည်းလမ်းနဲ့ အလွယ် ဖြေရှင်းနိုင်ပါတယ်။ ခေတ် အဆက်ဆက်က သာဓကတွေ အရ သည်လို ဖြေရှင်းမယ် ဆိုရင်တော့ ရေတို အဆင်ပြေတာပဲ ရှိပြီး ကျပ်ငွေ တန်ဖိုး ပိုကျဆင်းတာ၊ ပြည်သူတွေ ပိုဆင်းရဲလာတာက ရေရှည် အကျိုးဆက် ဖြစ်လာပါတယ်။

သည်လို ဗဟိုဘဏ်ကနေ မဖြည့်ဆည်းနိုင်ရင် အစိုးရ အသုံးစရိတ် လျှော့ဖို့၊ ဝင်ငွေတိုးအောင်ရှာဖို့၊ ပြည်ပကနေ သက်သာတဲ့ နှုန်းထားနဲ့ ချေးငွေယူဖို့ ဆိုပြီး ဖြေရှင်းတဲ့ နည်းလမ်းတွေ ရှိပါတယ်။ ပြည်သူတွေဆီက အခွန် ပိုမို တိုးကောက်တဲ့ နည်းလမ်းက ရေရှည်အတွက် မကောင်းဘူး လို့ စီးပွားရေး ပညာရှင် တချို့က ပြောပါတယ်။

ဦးသန်းလွင် က အခွန်တိုးမြှင့် ကောက်ရင် ငွေရမယ်၊ အဲဒါပဲ တွက်လို့ မရဘူး၊ အခွန်တိုးကောက်ရင် လူတွေက လိမ်တော့မယ်၊ ညာတော့မယ်၊ ခုနက လာဘ်ပေးတာတွေ ကြီးထွားလာမယ်၊ အစိုးရက တကယ်ရလား ဆိုရင်လဲ မရပြန်ဘူးလို့ ပြောပါတယ်။

အခွန်ဆိုတာ အခွန်ကို လူတိုင်း ပေးဆောင်ချင်တဲ့ နှုန်းထားနဲ့ ထားပြီး အားလုံး ပေးဆောင်လာအောင် ဆွဲဆောင်နိုင်မှ အစိုးရ ဘဏ္ဍာငွေ တိုးမြင့်လာမှာပါ။ အခုလို အခွန်နှုန်းထား တိုးမြှင့်တာ ဆိုရင်တော့ အခွန်ရှောင်တာ၊ မှောင်ခို လမ်းကြောင်း ကနေ ဆောင်ရွက်ကြတာက တစ်ဆင့် အဂတိ လိုက်စားမှုတွေပဲ ဖြစ်လာစေမယ်လို့ ဦးသန်းလွင် က ပြောပါတယ်။

အစိုးရ ရေးဆွဲထားတဲ့ ၂၀၁၇ - ၂၀၁၈ အမျိုးသား စီမံကိန်း မှာလည်း လာမယ့်နှစ် မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေနဲ့ ပတ်သက်ပြီး သိသိသာသာ တိုးတက်လာတာ မရှိသေးဘူးလို့ စီးပွားရေး ပညာရှင် တချို့က ပြောပါတယ်။

အမေရိကန် သမ္မတ ထရမ့်လုပ်ခဲ့သလို အခွန်တွေ လျှော့ချ ကောက်ခံခဲ့တာကိုလည်း နမူနာ ယူသင့်တယ်လို့ ဆိုပါတယ်။

■အတွေးဟောင်းတွေနဲ့

၂၀၁၇ -၂၀၁၈ ခုနှစ် အမျိုးသား စီမံကိန်းအရ ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေက လာမယ့် နှစ်မှာ လည်း သိသိ သာသာ ပြောင်းလဲနိုင်ဦးမှာ မဟုတ်ဘူးလို့ စီးပွားရေး ပညာရှင် တချို့က သုံးသပ်ပါတယ်။

သွင်းကုန် လျော့နည်းမှ မြန်မာ့ စီးပွားရေး ကောင်းလာမှာ ဖြစ်ပေမဲ့ လာမယ့်နှစ်မှာ သွင်းကုန် တန်ဖိုးလည်း သိသိ သာသာ လျော့နည်း လာတာ မတွေ့ရပါဘူး။ သည်ဘဏ္ဍာ နှစ်ကုန် အထိ ခန့်မှန်းသွင်း ကုန်တန်ဖိုး ကျပ် သန်းပေါင်း ၁၇.၈ သန်း ရှိခဲ့ပြီး လာမယ့် ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁၇ .၈ သန်း ရှိလာမယ်လို့ အမျိုးသား စီမံကိန်းမှာ ရေးဆွဲထားပါတယ်။

သည်နှစ် အတွက် ကျပ်သန်းပေါင်း ၁၃.၈ သန်းကျော် ရရှိခဲ့ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် မှာတော့ ၁၆.၆ သန်းကျော် ရရှိအောင် တင်ပို့နိုင်မယ်လို့ အမျိုးသား စီမံကိန်းမှာ ထည့်သွင်း ရေးဆွဲထားပါတယ်။

စီးပွားရေး ပညာရှင် တစ်ဦးဖြစ်တဲ့ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်က စီးပွားရေး ပညာဟာလဲ အမြဲ ပြောင်းလဲ တိုးတက်နေတာမို့ အတွေးအခေါ် သစ်တွေနဲ့ လိုက်မီအောင် ကြိုးစားရမှာ၊ အတွေးဟောင်းတွေ ခေါက်ရိုးကျိုးနေတဲ့ ပုံစံတွေနဲ့ လုပ်နေလို့ မဖြစ်ဘူးလို့ ထင်မြင်တယ်လို့ အကြံပြုပါတယ်။

အခု ဘဏ္ဍာနှစ်ရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေနဲ့ ကျပ်သန်း ပေါင်း ၇.၅၈ သန်းရှိခဲ့ပြီး ရှေ့နှစ်မှာတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၈့ ၂၄ သန်းဝင်ရောက်မယ်လို့ ရေးဆွဲထားပါတယ်။

လာမယ့်နှစ်ကတော့ ပျမ်းမျှ ငွေကြေး ဖောင်းပွမှု နှုန်း ၇.၉ ရာခိုင်နှုန်း ရှိမယ်လို့ စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနရဲ့ ၂၀၁၇ - ၂၀၁၈ ခုနှစ် အမျိုးသား စီမံကိန်းမှာ ဖော်ပြထားပါတယ်။

Author - ဖေသက်ထက်ခင်

ကုမုဒြာ

No comments:

Post a Comment