ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂၀ ခန့် ခုန်တက်ခြင်းကြောင့် ပြည်တွင်းရွှေဈေး
ကျပ် ကိုးသိန်းကျော်အထိ ရောက်ရှိ
ဖေဖော်ဝါရီ ၂၃ ရက်နှင့် နှိုင်းယှဉ်ပါက ဖေဖော်ဝါရီ ၂၄ ရက်တွင် ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂၀ ခန့်ခုန်တက်ခြင်းကြောင့် ပြည်တွင်းရွှေဈေးသည် စံချိန်တင်နှုန်းနီးပါးဖြစ်သည့်
ကျပ် ၉၀၀၅၀၀ အထိ ပြန်လည်ရောက်ရှိလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် ၁၀၁ ဒသမ ၄၁ ပွိုင့်အထိ မြင့်တက်ခဲ့သော ဒေါ်လာဈေး အညွှန်ကိန်းသည် ယင်းနေ့အတွင်း ထွက်ရှိသော အမေရိကန် စတော့ဈေးကွက်အခြေအနေ၊ ငွေချေးစာချုပ် အခြေအနေ၊ အိမ်ခြံမြေဈေးကွက် အခြေအနေ၊ စားသုံးသူဈေးကွက် ယုံကြည်မှု အနေအထား၊ အလုပ်လက်မဲ့ အခြေအနေ၊ သဘာဝဓာတ်ငွေ့ သိုလှောင်မှု အစီရင်ခံစာ စသည်တို့ ထွက်ရှိပြီးနောက် ၁၀၀ ဒသမ ၈၆ ပွိုင့်အထိ ပြန်လည်ကျဆင်းခဲ့သည်။ တစ်ဖက်တွင်လည်း ကမ္ဘာ့ရွှေဝယ်လိုအား များပြားလာခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက် နံနက်ပိုင်းက ၁၂၃၅ ဒေါ်လာဝန်းကျင်သာရှိသော ရွှေဈေးသည် ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ၁၂၅၅ ဒေါ်လာအထိ ရောက် ရှိလာခဲ့သည်။
“ကမ္ဘာ့ရွှေဈေးတက်လို့ လိုက်တက်လာတာပါ။ အရင်စံချိန်တင် ဈေးနီးပါးအထိပေါ့” ဟု တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ပြောကြားသည်။
ဖေဖော်ဝါရီ ၂၃ ရက်ကစပြီး ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြလာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ရွှေဈေး ကျပ် ၈၉၅၁၀၀ အထိ မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ကျပ် ၈၉၈၀၀၀ ကျော်ဖြင့် ဈေးဖွင့်ခဲ့ပြီး မွန်းလွဲပိုင်းတွင် ကျပ် ၉၀၀၅၀၀ အထိ ရောက်ရှိလာခဲ့သည်။ ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ကမ္ဘာ့ရွှေဈေး တက်ရိပ်ပြခြင်းနှင့် ဒေါ်လာဈေးနှုန်း အမြင့်တန်းတွင် ရောက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးသည် ကျပ် ၈၉၅၀၀၀ အ ထက်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် ဒေါ်လာဈေး ၁၃၆၄ ကျပ်အထိ ကျဆင်းခဲ့သော်လည်း ကမ္ဘာ့ရွှေဈေး တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေး သိသိသာသာ ဆက်လက်မြင့်တက်လာခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့ခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းသည် အောက်တိုဘာ ၄ ရက်က ကျပ် ၉၀၃၅၀၀ အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၂ ရက်နောက်ပိုင်း နိုင်ငံခြားငွေလဲနှုန်း ပြန်လည်ကျဆင်းမှုကြောင့် ရွှေဈေးပြန်ကျလာပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ၂၀၁၆ ဇူလိုင်လကုန်ပိုင်း နောက်ပိုင်း အနိမ့်ဆုံးနှုန်းအဖြစ် ကျပ် ၈၄၀၀၀၀ အောက် ပြန်ရောက်ခဲ့ကြောင်း သိရသည်။
ဇန်န၀ါရီ ဒုတိယပတ်တွင် ကမ္ဘာ့ရွှေဈေးနှုန်း ဒေါ်လာ ၁၂၀၀ အထက် ပြန်လည်ရောက်ရှိလာပြီး ဖေဖော်ဝါရီ ၉ ရက်တွင် ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၂၄၀ ကျော်အထိ မြင့်တက်မှုနှင့်အတူ နိုင်ငံခြားငွေလဲနှုန်း အမြင့်ဈေးရောက် ရှိနေခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းသည် ယခင်စံချိန်နှုန်းနီးပါးဖြစ်သည့် ကျပ် ၉၀၀၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖြစ်ပေါ်သော ကမ္ဘာ့ရွှေဈေးနှုန်းသည် ပြီးခဲ့သည့် ၁၅ ပတ်အတွင်း အမြင့်ဆုံး နှုန်းထားဖြစ်လာပြီး ပြည်တွင်းဈေးကွက်တွင်ဖြစ်ပေါ်ခဲ့ဖူးသော အမြင့်ဆုံးစံချိန်နီးပါးကို ပြန်လည် ရောက်ရှိလာခြင်းဖြစ်သည်။
စည်သူအောင်
Eleven Media Group
Friday, February 24, 2017
ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂၀ ခန့် ခုန်တက်ခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ကိုးသိန်းကျော်အထိ ရောက်ရှိ
ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂၀ ခန့် ခုန်တက်ခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ကိုးသိန်းကျော်အထိ ရောက်ရှိ
Reviewed by Ar Ti
on
7:56 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment